Skip to main content

ဦးသန်းစိုး (သာစည်)သာစည်မြို့နယ်၊ ကပ်ကျေးကျေးရွာအုပ်စု၊ ကန်စွယ်ကျေးရွာသည် သာစည်မြို့၏ အနောက်မြောက် ဘက်တွင်ရှိသော ဆင်ခြေကုန်းကျေးရွာဖြစ်ပါကြောင်း၊ မူလကျေးရွာပိုင်မြေဧက ၉၄၀ ရှိ သော်လည်း ၁၉၇၀ ခုနှစ်တွင် ဆိုင်လိုဂိုဒေါင်တည်ဆောက်ရန် ၇၅ ဧက၊ သာစည်မြို့နယ် မြေတိုးချဲ့ရန် အတွက် ၁၉၈၀ ခုနှစ်တွင် ဧက ၃၀၀၊ ၁၉၉၅ ခုနှစ်တွင် (ခ.လ.ရ) ၄၁၉/၄၂၀ တပ်မြေသိမ်း ၂၄၀ ဧက၊ သာစည် - မြင်းခြံမီးရထားလမ်းဖောက်လုပ်ရန် ၂၅ ဧက၊ သာစည်-သပြေဝ မော်တော်ကားလမ်း အတွက် ၁၅ ဧက တို့ကို သိမ်းဆည်းခံခဲ့ရပါကြောင်း၊ ယခုအခါ ကန်စွယ်ကျေးရွာတွင် ၁၂၅ ဧက ကျန်သည့်အနက် ဧက ၅၀ သည် မင်းလှကန်ရေလွှမ်းဧရိယာ ဖြစ်နေပါကြောင်း၊  မြို့မြေတိုးချဲ့ရန် ၁၉၉၅ ခုနှစ်တွင် သိမ်း ဆည်းခဲ့သော ကွင်းအမှတ် ၁၈၃၀၊ ၁၈၀၈ တို့ရှိ ဧက ၁၅၀ အနက် ဧက ၃၀  သည် လစ်လပ်လျက် ရှိပြီး ၎င်း ဧက ၃၀ သည် သာစည်-သပြေဝကားလမ်းဘေးတွင် တည်ရှိပါကြောင်း၊ ယခု ဆောက်လုပ် ပြီးစီးသော ဝန်ထမ်းအိမ်ယာအနီးတွင် ရှိပါကြောင်း၊သို့ဖြစ်ပါ၍ လစ်လပ်လျက်ရှိသော ဧက ၃၀ ကို သာစည်မြို့နယ်၊ ကပ်ကျေးကျေးရွာအုပ်စု၊ ကန်စွယ်ကျေးရွာရှိ နေထိုင်ရန် အခက်အခဲများရှိသော မိသားစုများတို့ အား မြေကွက် များ ပြန်လည်နေရာ ချထားပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလို ပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးမန္တလေးတိုင်းပြည်သူ့ကောင်စီ ၏  ၇.၉.၁၉၈၁ ရက်စွဲပါစာအမှတ်ဖြင့် မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကပ်ကျေးအင်းကျေးရွာအုပ်စုအတွင်းရှိသည့် ကွင်းအမှတ် ၁၈၃၀၊ ၁၈၃၁၊ ၁၈၃၃၊ ၁၈၃၄၊ ၁၈၃၅၊ ၁၈၃၆၊ ၁၈၃၇၊ ၁၈၄၁ စုစုပေါင်း ကွင်း ၈ ကွင်း၏ ဧရိယာစုစုပေါင်း ၄၇၂.၅၉ ဧကကို မြို့မြေအဖြစ် အသုံးပြုရန် ခွင့်ပြုမိန့်ချထားပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ကွင်းအမှတ် ၁၈၃၃ သည် ဆိုင်လိုသို လှောင်ရုံအတွက် ၄၃.၇၀ ဧက၊ ကွင်းအမှတ် ၁၈၃၀ သည် သာစည်-မြင်းခြံ မီးရထားလမ်းဖောက် လုပ်ရန် အတွက် ၅.၆ ဧက အသီးသီးအသုံးပြုထားပါကြောင်း၊ ထို့အပြင် သာစည်-သပြေဝ မော်တော် ကားလမ်းအတွက် ၁၅ ဧကသည် သီးသန့်သိမ်းဆည်းထားခြင်းမဟုတ်ဘဲ ယခင်လမ်းအူကြောင်း ဖောက်လုပ်ခဲ့သည့် မြေနေရာကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အမှတ် ၄၁၉/၄၂၀ တပ်ရင်းများအနေဖြင့် ဖျက်သိမ်းထားသောမြေများမရှိသည်ကို စိစစ်သိရှိရပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကန်စွယ်ကျေးရွာတွင်  အိမ်ခြေ ၆၄ အိမ်၊ အိမ်ထောင်စု ၆၄ စု တည်ရှိပြီး စိုက်ပျိုးရေးလုပ်ကိုင်ရန်အတွက် ကွင်းအမှတ် ၁၈၂၉ တစ်ကွင်းသာရ‌ှိပြီး မြေဧရိယာ ၁၅၂ ဧကရှိပြီး ယခုနှစ် မိုးရွာသွန်းမှုများသည့် အတွက် မင်းလှကန်ရေတက်သည့်အချိန်တွင် ၃၀ ဧက ခန့် ရေလွှမ်းမိုးခဲ့သော်လည်း  ရေပြန်ကျသည့်အချိန်တွင် ရေလွှမ်းမိုးမှုများမရှိကြောင်း သက်ဆိုင်ရာ တိုင်း‌ဒေသကြီးအဖွဲ့၏ ညှိနှိုင်း ဖြေကြားချက်အရ သိရှိရပါကြောင်း၊ သာစည်မြို့နယ် ၊ကပ်ကျေးအင်း ကျေးရွာ အုပ်စုရှိ ကွင်းအမှတ် ၁၈၀၈ သည် မြို့မြေအဖြစ်အသုံးပြုရန် ခွင့်ပြုပေးထားသည့်မြေထဲတွင် ပါဝင်ခြင်းမရှိပါဘဲ အမှတ်၄၂၀ခြေမြန်တပ်ရင်း အသုံးပြု ထား သည့် မြေဖြစ်ကြောင်းသည်ကို တွေ့ရှိရပါ ကြောင်း၊ သို့သော် ကွင်းအမှတ် ၁၈၃၀သည်  မြို့မြေမှာပါဝင်ပြီး ဧရိယာ၁၂၉.၁၃ ဧကပါရှိပါကြောင်း၊ ၎င်းမြေဧရိယာသည် နေထိုင်ရန် မြို့မြေအဖြစ် အသုံးပြု ထားပြီးသည့်မြေဧရိယာ ၈၃.၄၄ ဧက၊ လမ်းမြေ ၃.၂၄ ဧက၊ သာစည်-မြင်းခြံ မီးရထားလမ်းမြေ ၅.၆ ဧက၊ သုသာန်မြေ၄.၈၅ ဧက စုစုပေါင်း ၉၇.၁၃ ဧကကို အသုံးပြုထားပြီးဖြစ်သည့်အတွက် မြေဧရိယာ ၃၂ ဧကသာ ကျန်ရှိပါကြောင်း၊ ကျန်ရှိသည့် မြေ မှ ၅ ဧကကို ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံမြေနေရာအဖြစ် အသုံးပြုရန်လုပ်ငန်းရှင် တစ်ဦးမှ လျှောက်ထားခဲ့သော်လည်း ချထားပေးခဲ့ခြင်းမရှိဘဲ လက်ရှိမြို့မြေ မြေလွတ်အတိုင်းသာ ထားရှိသည် ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကပ်ကျေးအင်းကျေးရွာ အုပ်စုအတွင်းရှိ ကွင်းအမှတ် ၁၈၃၀ မှ ကျန်ရှိသည့် မြေဧရိယာ ၃၂ ဧကသည် မြို့မြေအဖြစ် သတ်မှတ် ထားပြီးဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် လူနေထိုင်ရန် မြေကွက် အဖြစ် ချထားပေးသည့်အခါ မူလစိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများကို ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး