Skip to main content

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး(၄၃)ရက်မြောက်နေ့တွင်ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်သို့ပြောကြားသည့် နှုတ်ခွန်းဆက်အမှာ စကား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ။      ။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ၂၀၁၆ခုနှစ်၊ဖေဖော်ဝါရီ လ ၁ ရက်နေ့မှစတင်ခဲ့ရာ ယနေ့ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီကာလ အတွင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိတို့အား လုပ်ပိုင်ခွင့်အာဏာအပ်နှင်း လိုက်တဲ့ပြည်သူမျာား ရဲ့ကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများကို ရွေးချယ်တင်မြှောက် အတည်ပြုပေးခဲ့ကြတဲ့အတွက် ကိုယ်စားလှယ်များနှင့် ပြည်သူများအားလုံးကို  ပြည်သူ့လွှတ်တော်က ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူ ပါကြောင်း ဦးစွာပြောကြား လိုပါတယ်။

မိမိတို့ဟာ ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးများကို အလေးထားဆောင်ရွက်နိုင်ရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြဲတမ်းကော်မတီ ၄ ခု နှင့် အခြားရေးရာကော်မတီ ၁၅ ခုတို့အား ကိုယ်စားလှယ် ၁၅ ဦးစီဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ယခု ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးမှာ  ကြယ်ပွင့်ပြမေးခွန်း ၈၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၀၃ ခုတို့ကို ဖြေဆိုနိုင်ခဲ့ပြီး အဆိုအနေနဲ့ ၁၂ ခုတို့ကို တင်သွင်းဆွေးနွေးခဲ့ကြပြီးဖြစ်ပါတယ်။ 

ဒီကာလအတွင်း ဆွေးနွေးရမည့် ဥပဒေကြမ်း ၁၆ ခုရှိရာ ဆွေးနွေးပြီးဖြစ်တဲ့ ဥပဒေ ၇ ခုနဲ့ အတည်ပြု ဆောင်ရွက် နိုင်ခဲ့တဲ့ နည်းဥပဒေ နှစ်ခုတို့ရှိပါတယ်။ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသော ဥပဒေကြမ်း ၇ ခုလည်းရှိပါတယ်။ ဒါ့အပြင် လွှတ်တော်ကို ပြင်ပမှ လာရောက်လေ့လာသူပေါင်း ၆၁၁၁ ဦး ရှိခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိတို့လုပ်ဆောင်ရမည့် တာဝန်နှင့်လုပ်ပိုင်ခွင့်တို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျေပွန်အောင် ဆောင်ရွက်ကြဖို့လိုပါတယ်။ ပြည်သူ့ကြားသို့ ထဲထဲဝင်ဝင်သွား ရောက်ပြီး ပြည်သူများရဲ့ ဆန္ဒသဘောထားများကိုလည်း လေ့လာ မှတ်သားကြဖို့လိုအပ်ပါတယ်။

ပြည်သူ့အကျိုး ဆောင်ရွက်ရင်း အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် ပြည်သူများ၏ လူနေမှုဘ၀အဆင့်အတန်း မြင့်မားတိုးတက်ရေးတို့ကို  ကြိုးစား ဆောင်ရွက်ပေးကြစေလိုပါတယ်။

လွှတ်တော်ရပ်နားစဉ်ကာလအတွင်းမှာ ပြည်သူလူထုအကျိုးစီးပွားဖြစ်ထွန်းမယ့် လုပ်ငန်းတာဝန်များကို စိတ် ကောင်း စေတနာမှန်နဲ့ ဆတက်ထမ်းပိုးထမ်း ဆောင်ကြစေလိုပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း မဲဆန္ဒရှင်မိဘပြည်သူ များ ကျေနပ်နှစ်သက်အောင် ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်လျက် ရှိပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ကျန်းမာရွှင်လန်းစွာဖြင့် ကိုယ်စားလှယ်များ အားလုံးကို ပြန်လည်ဆုံတွေ့ကြပါစို့လို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လ ၁၄ ရက်