Skip to main content

ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာ၊ နန်းတော်ဦးဘိုးဘွားရိပ်သာ၌ တည်ထားကိုးကွယ်သည့် နန်းတော်ဦး စေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ စိန်ဖူးတော် အထွတ်တင်လှူပူဇော်ပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ နန်းတော်ကျွန်းကျေးရွာ၊ နန်းတော်ဦး ဘိုးဘွားရိပ်သာ၌ တည်ထားကိုးကွယ်သည့် နန်းတော် ဦးစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြက်နားတော်၊ စိန်ဖူးတော် အထွတ်တင်လှူပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် အဆိုပါ စေတီတော်ပရဝုဏ်အတွင်း၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့သီလရှင်စာသင်တိုက်၊ ဦးစီး နာယကဆရာကြီးဒေါ်ယုဇနဝတီ ကြွရောက်တော်မူပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ကိုယ်စား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် တက်ရောက် ပူဇော်သည်။

အဆိုပါပူဇော်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် သာသနာရေးဝန်ကြီး ဦးကျော်မြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များနှင့် ဒေသခံပြည်သူများ  တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ယင်းနောက်  စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား စေတီအထွတ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စား  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တင်လှူပူဇော်ကာ အမွှေးနံ့သာရေများ ပက်ဖျန်း ပူဇော်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက္ကလွန်ပွန်း စေတီတော်မြတ်ကြီးသို့ ရောက်ရှိဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကာ စေတီတော်ကြီး၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် စေတီတော်ကြီး၏ စိန်ဖူးတော်၊ ဆပ်သွားဖူးတော် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများ က လက်ခံရယူပြီး ဂေါပကအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်သည် ဇလွန်မြို့၊မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးသို့ ရောက်ရှိဖူးမြော် ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း ရွှေသားမျက်နှာကျက်တော်ကပ်လှူရန်အတွက် ဂေါပကအဖွဲ့ထံသို့အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူပြီး ဂေါပကအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်