Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Shinzo Abe နှင့် တွေ့ဆုံဆွေးနွေး

ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Tadamori Oshima ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ချိန်တွင် ဂျပန်အစိုးရအိမ်တော်၊ အထူးဧည့်သည်တော်များ ခန်းမဆောင်၌ ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Shinzo Abe နှင့် တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား မိတ်ဖက် ဆက်ဆံရေးကို အခြေခံပြီးကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးသက်ဆွေ၊ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ည ၆ နာရီခွဲချိန်တွင် တိုကျိုမြို့၊ Hotel New Otani ၊ Garden Tower ၌ ဂျပန်-မြန်မာအသင်းမှ တည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ယနေ့ နံနက် ၉ နာရီချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် ကျိုတိုမြို့၊ Imperial Palace သို့ ရောက်ရှိလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်