Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရာမှ ပြန်လည်ရောက်ရှိ

ဂျပန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Tadamori Oshima ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Narita အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လည်ထွက်ခွာရာ ဂျပန်နိုင်ငံ အောက်လွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်၌ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်း၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဦးထွန်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးသက်ဆွေနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါလာကြသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်