Skip to main content

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနှုတ်ခွန်းဆက်သ လိုက်ပါတယ်။ ကိုယ်စားလှယ်များအားလုံး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပြီး ဒီမိုကရေစီခရီးလမ်းဖြောင့်ဖြူး ကြပါစေကြောင်း ဆုတောင်းအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ယနေ့စတင် ကျင်းပတဲ့ စတုတ္ထ ပုံမှန်အစည်းအဝေးကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများ အနေနဲ့ တတိယပုံမှန်အစည်းအဝေး ပြီးဆုံးချိန်မှာ ကျန်ရှိတဲ့ဥပဒေကြမ်း (၁၀)ခုနဲ့ ထပ်မံရောက် ရှိတဲ့ ဥပဒေကြမ်း (၂)ခု အပါအဝင် စုစုပေါင်း ဥပဒေကြမ်း (၁၂)ခု ရှိပါတယ်။

ဆောင်ရွက်ရန် ကျန်ရှိတဲ့ ဥပဒေကြမ်းများအနက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း”၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တင်သွင်းတဲ့ “ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နဲ့ ထပ်မံရောက်ရှိလာမယ့် ဥပဒေကြမ်းတို့ကို ဆောင်ရွက်ဖို့ ရှိပါတယ်။

အဆိုများအနေနဲ့ တတိယပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိတဲ့ အဆို (၄)ခု နဲ့ အသင့်ဖြစ်အဆို (၁၀)ခု ရှိတဲ့အတွက် ဆက်လက်ဆောင်ရွက်ရန်ကျန် အဆို စုစုပေါင်း (၁၄)ခု ဖြစ်ပါတယ်။ မေးခွန်းများ အနေနဲ့ တတိယပုံမှန် အစည်းအဝေးမှ စတုတ္ထပုံမှန်အစည်း အဝေးသို့ ပြောင်းရွှေ့ မေးမြန်းထားတဲ့ ကြယ်ပွင့်ပြ မေးခွန်း (၁၀၃)ခု ရှိပါတယ်။ အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်းများအနေနဲ့ (၁၂၂)ခု ရှိပါကြောင်း အသိပေး တင်ပြလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ယနေ့ကာလဟာ အမျိုးသားရေး ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်နေဆဲ ကာလဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဥပဒေပြုရေးမဏ္ဍိုင်ကို ကိုယ်စားပြုပြီး ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ လွှတ်တော်များရဲ့ သဘောသဘာဝအတိုင်း သဘောကွဲလွဲခြင်း၊ အမြင်မတူခြင်းတွေ ရှိကြပေမယ့်လည်း မိမိတို့အားလုံးဟာ အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ဆွေးနွေးညှိနှိုင်းကြပြီး စည်းလုံးညီညွတ်စွာ ဆုံးဖြတ်ဆောင်ရွက်ကြရမှာ ဖြစ် ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြမယ့် ခရီးလမ်းရဲ့ အရေးကြီးဆုံး အရွေ့တစ်ခုဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက ငြိမ်းချမ်းရေးအတွက် စုပေါင်းဆွေးနွေးအဖြေရှာနေကြတဲ့ကာလမှာ ကျွန်တော်တို့ ကိုယ်စားလှယ်များ အနေနဲ့လည်း အချင်းချင်း စိတ်ဝမ်းကွဲပြားစေမယ့်၊ အထင်အမြင်လွဲမှား စေမယ့် အပြုအမူ၊ အပြောအဆိုတွေကို သတိပြု ရှောင်ရှားကြစေလိုပါတယ်။လွှတ်တော်မှာ  တင်သွင်းတဲ့ မေးခွန်းတွေ၊ အဆိုတွေ၊ ဥပဒေကြမ်းတွေ ဟာလည်း နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့၊ ပြည်သူ့ အတွက် လူမှုစီးပွားဘဝ မြှင့်တင်နိုင်ဖို့နဲ့ မိမိတို့လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်ဖို့ကို အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေနဲ့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းများကို ကန့်သတ်ကာလ အတွင်းမှာ အချိန်မီပြီးစီးအောင် ဆွေးနွေးကြရမယ့် တာဝန်တွေလည်း ရှိနေကြပါတယ်။ ဒီလိုဆွေးနွေးကြတဲ့အခါ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် စီမံကိန်းများကို စိစစ်လေ့လာကြရန် လိုအပ်ပါတယ်။ ယင်းစီမံကိန်းများ လုပ်ဆောင်နိုင်ဖို့ အခက်အခဲ မဖြစ်စေရန် လိုငွေများ မရှိသင့်သလို ယင်းစီမံကိန်းများတွင် ငွေပိုငွေလျှံများလည်း မရှိအောင် စိစစ်သင့်ပါတယ်။ ထို့အပြင် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ငွေကြေးများကိုလည်း အမှန်တကယ်ကုန်ကျနိုင်မယ့် အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်မှုများ ဖြစ်စေလိုပါတယ်။ မိသားစုတွင် ဝင်ငွေထွက်ငွေဟာ အရေးကြီးသလို ကျွန်တော်တို့ ပြည်ထောင်စုတွင်လည်း ဘဏ္ဍာငွေအရနှင့် အသုံးဟာ အလွန်အရေးကြီးပါတယ်။ လေလွင့်ဆုံးရှုံးမှုတွေ ငွေယိုငွေပေါက်တွေ မရှိအောင် ဂရုစိုက်သင့်ကြပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပီသစွာနိုင်ငံတော်နဲ့ ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်းထမ်းဆောင်ကြဖို့ ပြောကြားရင်း နှုတ်ခွန်းဆက်သ လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်-

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်