Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေးဟာ ယနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်းမှာ ကြယ်ပွင့်ပြ မေးခွန်း(၁၀၇) ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၃၃၈) ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အရေးကြီးအဆို (၁) ခု အပါအဝင် အဆို (၁၃) ခု တင်သွင်းခဲ့ပြီး အတည်ပြု အဆို (၅) ခု၊ မှတ်တမ်းတင်အဆို (၃) ခု၊ လက်ခံဆွေးနွေးရန်မရှိ အဆို(၁)ခုနဲ့ ဆက်လက်ဆွေးနွေးရန်ကျန်အဆို (၄) ခု တို့ဖြစ်ကြပါတယ်။ ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၂၀) ခု ရှိပြီး ဥပဒေကြမ်း (၈) ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၂) ခု ကျန်ရှိပါတယ်။

ယခုအစည်းအဝေးကာလအတွင်း တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၅)ဦး ကတိသစ္စာပြုခြင်း၊ လွှတ်တော်ရေးရာစွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့၏ သက်တမ်းတိုးမြှင့်ခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၅)ဦးတို့အား ကော်မတီများတွင် အဖွဲ့ဝင်များအဖြစ် အစားထိုး လဲလှယ်ဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၃)ဦးအား ကော်မတီများတွင် လေ့လာသူများအဖြစ် အစားထိုးလဲလှယ် တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပဋိဇီဝဆေးများဝယ်ယူထောက်ပံ့ ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင်ခံစာ ကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။ သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စုံစမ်းမေးမြန်းမှု(၈)ခု ပြန်ကြားပေးခြင်းနဲ့ သုတေသန စာတမ်းတို(၁၇) ခု ကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မိမိတို့နိုင်ငံဟာ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကိုမကြာမီကာလမှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အခြေခံရေသောက်မြစ်ဖြစ်ပါတယ်။ ဒီမိုကရေစီ အုတ်မြစ်ခိုင်မာဖို့နဲ့ ပိုမို အားကောင်းစေဖို့အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများကလည်း စည်းကမ်းနဲ့အညီ မပျက်မကွက်ဆန္ဒမဲပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့လည်း မိမိတို့မဲဆန္ဒနယ်မြေအသီးသီးမှာရွေးကောက်ပွဲ ဥပဒေများနဲ့အညီ တရားသောနည်းနဲ့ ယှဉ်ပြိုင်အနိုင်ယူပြီး ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုးကို ဆက်လက်ထမ်းပိုး ဆောင်ရွက်သွားကြဖို့ တိုက်တွန်းအပ်ပါတယ်။ ကိုယ်စားလှယ်များရဲ့ အပြန်ခရီးများ သာယာ ဖြောင့်ဖြူးကြပါစေ၊ ပြည်သူကလေးစားတန်ဖိုးထားရတဲ့ ကိုယ်စားလှယ်ကောင်းများ ဖြစ် ကြပါစေ၊ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါစေ၊ ကိုယ်စားလှယ်များရဲ့ ဆန္ဒနဲ့ဘဝ ရည်မှန်းချက်များ အားလုံးအောင်မြင်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်ခင်ဗျား။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်