Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ JCC ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွှတ်တော် ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ မိတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ JCC ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် လွှတ်တော် ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် Learning Center (Room-1) ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် လွှတ်တော် ကိုယ်စားလှယ်များအတွက် သက်ဆိုင်ရာ မြို့နယ်များ၏ အချက်အလက်များကို အနီးစပ်ဆုံး ပြုစုထားရှိပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ မဲဆန္ဒနယ်များမှာ လိုအပ်သည့် လူဦးရေ သန်းခေါင်စာရင်း ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ မြေယာ ကိစ္စရပ်များကို အဓိက သတင်းအချက်အလက် အရင်းအမြစ် (၃) ခုဖြစ်သည့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံအဖွဲ့ (UNFPA) Website စာမျက်နှာများမှ ရယူပြီး UNDP/ IPU နှင့် လွှတ်တော်ရုံးများရှိ သုတေသနဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ အချက်အလက်များကို ရှာဖွေပြုစု ထားရှိသည့် စာအုပ်ဖြစ်သည့်အတွက် ကိုယ်စားလှယ်များ အထောက်အပံ့ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါစာအုပ်ကို အသုံးပြု၍ မိမိတို့ဒေသအတွက် အကျိုးရှိရှိ အောင်မြင်စွာ အသုံးချနိုင်ပါစေကြောင်း ဆုတောင်း အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော် ကိုယ်စားလှယ်များ၊ UNDP/IPU မှ တာဝန်ခံများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။   

နေပြည်တော်၊ ဩဂုတ်လ ၂၇ ရက်