Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ  ၁၃  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် (၄၀၇)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          ( က )  အစားထိုးပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦး သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုပါသည်။

          (ခ)    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားတွင် ယခုပုံမှန်အစည်း အဝေးကာလအတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်း ဉပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာ‌ငွေအရအသုံးဆိုင်ရာဉပဒေကြမ်းနှင့် ပြည်ထောင်စု ၏ အခွန်အကောက်ဉပဒေကြမ်းစသည့် ဉပဒေကြမ်းများကို ကန့်သတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည့် တာဝန်များလည်းရှိပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် (Covid-19) ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည်ကို တွေ့ရှိရပါကြောင်းနှင့် ကိုယ်စားလှယ်များအနေဖြင့် ပေါ့ဆမှုမရှိဘဲ ကပ်ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်တို့ကို ပြောကြား ပါသည်။

          ( ဂ )   ကြယ်ပွင့်ပြမေးခွန်း (၅)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးဘရှိန်၊ ကျောက်ဖြူမဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းများနှင့် အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲ ခြင်းတို့ကို လိုက်နာရသည်ကို သိရှိပါသလား၊ ပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် အခြားပါတီဝင်အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲ များ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်မဟုတ်ပါလားဆိုသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ပါတီတစ်ခုမှ နုတ်ထွက်ခွင့်မရရှိသော ပုဂ္ဂိုလ်တစ်ဦးသည် အခြားနိုင်ငံရေးပါတီ တစ်ခုကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဉပဒေ ပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းပါ ကြောင်းနှင့် ပါတီမှ နုတ်ထွက်ခွင့်မရသည့်အခြေအနေတွင် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက် ဆန့်ကျင်သည်ဟုဆိုနိုင်မည် မဟုတ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

                    (၂)   ဦးညွန့်ဝင်းကန်ပက်လက်မဲဆန္ဒနယ်က  မေးမြန်းသော အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ မဲရလဒ်များအား ရွေးကောက်ပွဲနေ့ရက်၏ ညနေ (၄)နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်း မပြု လုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားခြင်းမရှိစေရန် ညွှန်ကြားချက်၊ စည်းကမ်း ချက်များ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ် ရှိ ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ပြဋ္ဌာန်းဉပဒေ များအရ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်မရှိပါကြောင်းနှင့်  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံအဖွဲ့ဝင်များကို ဉပဒေ၊ နည်းဉပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ရွေးကောက်ပွဲ ကာလ နီးကပ်ချိန်တွင် လိုအပ်သော ညွှန်ကြားချက်များကို ဥပဒေနှင့်အညီ ထုတ်ပြန်သွားမှာ ဖြစ်ပါကြောင်း  ပြန်လည် ဖြေကြားပါသည်။

                    (‌၃)   ဦးတိုးသောင်၊  မိုးမိတ်မဲဆန္ဒနယ်က မေးမြန်းသော မိုးမိတ်မြို့နယ်တွင် MPT ဖုန်းလိုင်းများ ကောင်းမွန်စွာ ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသာဦးက မိုဘိုင်းစခန်းများ၏ အဝေးဆက်သွယ်မှုစနစ် အတွက် ချိတ်ဆက်အသုံးပြုနေသည့် မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းအစား ဖိုင်ဘာ ဆက်ကြောင်းဖြင့် ပြောင်းလဲချိတ်ဆက် အသုံးပြုနိုင်ရန် ၂၀၂၁ ခုနှစ်၊ မတ်လကုန် ခန့်တွင် ပြီးစီးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

                      (၄)   ဦးကျော်ရွှေ၊ ရမ်းဗြဲမဲဆန္ဒနယ်က မေးမြန်းသော ရမ်းဗြဲမြို့နယ်၊ ကန်တော့ပြင် ကျေးရွာနှင့် သာစည်ပြင်ကျေးရွာကြားရှိ တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေး တာဝါတိုင်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ဆက်သွယ်ရေးအော်ပရေတာများက အချိုးကျထည့်ဝင်ထားသည့် အခြေခံ ဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ (Universal Service Fund -USF) ၏ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။

                    (၅)   ဦးအောင်ကျော်ဇံ၊ ပေါက်တောမဲဆန္ဒနယ်က မေးမြန်းသော  ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန်လာ အောင် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး က  မိုဘိုင်း ဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးရန် လောလောဆယ် အစီအစဉ် မရှိသေးကြောင်းနှင့် ဆက်သွယ်ရေးအော်ပရေတာများက အချိုးကျထည့်ဝင်ထား သည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ  ရန်ပုံငွေ Universal Service Fund (USF) ၏ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။

             (ဃ)  ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း

                              အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဉပေဒကြမ်းကော်မတီက ယင်းဥပဒေကြမ်းကို အစီရင်ခံစာနှင့်အတူ တင်သွင်းသည်။ အဆိုပါဉပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလို သော လွှတ်တော် ကိုယ်စားလှယ်များက ၁၅-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၀၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၁၄-၇-၂၀၂၀ ရက် (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။