Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၏ ၁၃၈၂ခုနှစ်၊ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားအပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသား အားလုံး မြန်မာနှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးဥပါဒ် အန္တရာယ်များ ကင်းဝေးကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား

               မိမိတို့လွှတ်တော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး စီးပွားဖြစ်ထွန်းစေရန် အတွက် ခေတ်စနစ်နှင့် လျော်ညီခြင်းမရှိသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲပြဌာန်းခြင်းများ ပြုလုပ်နေသလို ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများနှင့် လူမှုစီးပွားဘဝကို ပိုမိုစိတ်ချလုံခြုံအောင် အကာအကွယ်ပေးနိုင်မယ့် ဥပဒေများ ပြဌာန်း နိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

               ယခုအခါတွင် တစ်ကမ္ဘာလုံး ကပ်ရောဂါအဖြစ် တွေ့ကြုံနေရသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19)သည် မြန်မာနိုင်ငံအတွင်း၌ ကူးစက်မှုဖြစ်ပွားလျက်ရှိသဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတော်အစိုးရက အမျိုးသားအဆင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ကာ နိုင်ငံတစ်ဝန်းလုံးတွင် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများအနေဖြင့်လည်း အဆိုပါကပ်ရောဂါ ဆက်လက်ပြန့်ပွား ကူးစက်မှုမရှိစေရေး အတွက် နိုင်ငံတော်အစိုးရက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည့် ရောဂါဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များကိုလည်း တိကျစွာ လိုက်နာပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းရင်း အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။