Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်

ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ

ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေးဟာ ယနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အစည်းအဝေး ကျင်းပရက် (၁၃)ရက် ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း (၉၇) ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၇၅၇)ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းနည်းကြောင်းအဆို တစ်ခု အပါအဝင် အဆို () ခု တင်သွင်းခဲ့ပြီး မှတ်တမ်းတင်အဆို ()ခုနဲ့ ဆက်လက်ဆွေးနွေးရန်ကျန် အဆို ()ခုတို့ ဖြစ်ကြပါတယ်။ ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၂၂)ခု ရှိပြီး ဥပဒေကြမ်း ()ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း (၁၅)ခု ကျန်ရှိပါတယ်။

 ယခု အစည်းအဝေးကာလအတွင်း တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်()ဦး ကတိသစ္စာပြုခြင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာကော်မတီ၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီတို့တွင် ကော်မတီ အဖွဲ့ဝင်များ အစားထိုးလဲလှယ်ဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ()ဦးကို ကော်မတီများတွင် လေ့လာသူများအဖြစ် အစားထိုး လဲလှယ် တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ၏ အစီရင်ခံစာကိုလည်း ယနေ့ပဲ အတည်ပြုနိုင်ခဲ့ပါတယ်။ သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စုံစမ်းမေးမြန်းမှု (၄၃)ခု ပြန်ကြားပေးခြင်းနဲ့ သုတေသနစာတမ်းတို (၁၂)စောင်ကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          မိမိတို့ နိုင်ငံတော် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့မိမိတို့ အားလုံးဟာ ဘက်စုံ ကဏ္ဍစုံမှာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြဖို့က အဓိက ကျပါတယ်။ နိုင်ငံတော်အချုပ်အခြာ အာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲပြီး အချင်းချင်း အပြန်အလှန် ထိန်းညှိ၍ ညီညွတ်မျှတစွာ ဆောင်ရွက်ကြရေးဟာ အရေးကြီးလှပါတယ်။ ဥပဒေပြုရေး ကဏ္ဍမှာလည်း ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးနိုင်တဲ့ ဥပဒေများကိုရေးဆွဲ ပြဋ္ဌာန်းခြင်းနှင့် ပြင်ဆင်သင့် ပြင်ဆင်ထိုက်တဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့လျော်ညီအောင် ပြုပြင်ပြောင်းလဲသွားကြရမှာ ဖြစ်ပါတယ်။

          နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဆိုပြီး မိမိတို့ရဲ့ နိုင်ငံတော် အခြေခံမူများ မှာ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ပြည်သူ့အသံနဲ့ ပြည်သူ့ဆန္ဒ ထင်ဟပ်စေဖို့ ဆောင်ရွက်ကြရာမှာ တိုင်းရင်းသားပြည်သူအားလုံး အေးအတူပူအမျှ ဥမကွဲ သိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ဖို့ စိတ်ရင်းစေတနာမှန်နဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ယခုအခါ မိမိတို့နိုင်ငံဟာ ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှု ပြဿနာများစွာနဲ့ ရင်ဆိုင်နေရတဲ့ အချိန်အခါသမယမှာ ကမ္ဘာအနှံ့ကူးစက်ပြန့်ပွားနေတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ(COVID-19)ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က သတ်မှတ် ကြေညာ ထားတဲ့ ကာလနဲ့လည်း ကြုံတွေ့နေရပါတယ်။ မိမိတို့ နိုင်ငံအနေနဲ့လည်း Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ မိမိတို့ ပြည်သူတွေအပေါ် ဒီရောဂါရဲ့ အကျိုးသက်ရောက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များကလည်း ကျရာကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ပြည်သူ သာလျှင်အဓိက ဆိုတဲ့အတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ (COVID-19) နဲ့ ပတ်သက်တဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်တွေကို နိုင်ငံတစ်ဝန်းလုံး လိုက်နာဆောင်ရွက် ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော် ရပ်နားထားစဉ် ကာလမှာ မိမိတို့ကို ရွေးချယ်တာဝန်ပေးလိုက်တဲ့ မဲဆန္ဒနယ်အသီးသီးမှ မဲဆန္ဒရှင် ပြည်သူများထံ အရောက်သွားပြီး ပြည်သူ့အသံကို အလေးထား မှတ်သားနားထောင်ကြပါ။ ဒေသဖွံ့ဖြိုးရေးကိစ္စတွေမှာ စေတနာအပြည့်နဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။ ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြပါ။ ပြည်ထောင်စုကြီးကိုသာ မျက်နှာမူပြီး ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲတွေ မထားဘဲ ပြည်သူ့အကျိုးအတွက် ဦးစားပေးပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြပါ။ အရည်အချင်းပြည့်ဝတဲ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ကာကွယ်မြှင့်တင် ဆောင်ရွက်ကြပါ။ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး အတွက် ပြည်သူနဲ့အတူ ပူးပေါင်းကာကွယ် ဆောင်ရွက်ပေးကြပါလို့ မှာကြား လိုပါတယ်။ ကိုယ်စားလှယ်များရဲ့ လိုရာခရီးများသွားလမ်းသာလို့ လာလမ်း ဖြောင့်ကြပါစေ။ မိသားစုများ၊ ဆွေမျိုး၊ မိတ်ဆွေများနဲ့ ပျော်ရွှင် ချမ်းမြေ့စွာ ဆုံစည်းနိုင်ကြပါစေ။ ပြည်သူ့အကျိုး ပိုမိုထမ်းဆောင်နိုင်ကြပါစေ။ ဆက်လက် ကျင်းပမည့် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းဝေးမှာလည်း ကျန်းမာရွှင်လန်းစွာနဲ့ ပြန်လည် ဆုံတွေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

၂၀ ၂၀ ပြည့်နှစ်၊  မတ်လ  ၂၅  ရက်