Skip to main content

Description: C:\Users\user\Desktop\1.1.1.jpgပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၇  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၃၈၆ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    ဝမ်းနည်းကြောင်းအဆိုတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့် အောင်လံမဲဆန္ဒနယ် ကွယ်လွန် အနိစ္စရောက်ခြင်းအတွက် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က ဝမ်းနည်း ကြောင်းအဆိုတင်သွင်းပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

          (ခ)     ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်၊ ဇမ္ဗူသီရိ မဲဆန္ဒနယ်က မေးမြန်းသော ယာဉ်ပိုင်ရှင်အမည်ပြောင်းလဲရာတွင် အခွန်ရာဖြတ်ဌာနမှ ယာဉ်တန်ဖိုးများကို မည်ကဲ့သို့သတ်မှတ်ပြီး ကာလပေါက်ဈေးနှင့် ကွာခြားလျက်ရှိသည့် မော်တော်ယာဉ် ဈေးနှုန်းများကို မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ယာဉ်တန်ဖိုးစံနှုန်းများ သတ်မှတ်ရာတွင် မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပိုမိုနီးစပ်မှုရှိပြီး မျှတမှုရှိနိုင်မည့် စံနှုန်းများ သတ်မှတ်ပေးမည့်အစီအစဉ် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)   ဦးမျိုးဇော်အောင်၊ ကောလင်း မဲဆန္ဒနယ်က  မေးမြန်းသော ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ကျပ်သိန်း(၁၀၀၀)မှ ကျပ်သိန်း(၂၀၀၀) သို့မဟုတ် အခြားပမာဏ တစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးသန်းလင်းလင်း၊ မယ်စဲ့ မဲဆန္ဒနယ်က မေးမြန်းသော မယ်စဲ့မြို့နယ်ရှိ ကျေးရွာ အသီးသီးတွင် လိုအပ်နေသော ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ဖူဆယ်ကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းတို့ကို ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ဘဏ္ဍာငွေအနေအထားအရ လောလောဆယ်တွင် အစီအစဉ်မရှိသေး ပါကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်များတွင် ပိုမိုဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်က မေးမြန်းသော လက်ပံတန်းမြို့နယ်ရှိ သာရဝေါတိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း  ရှိ ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သာရဝေါတိုက်နယ်ဆေးရုံတွင် (၄)ခန်းတွဲ (၁)ထပ် ဝန်ထမ်းအိမ်ရာ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ (၂၅%)ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခွဲစိတ်ခန်းပါ တိုးချဲ့(၁)ထပ် အဆောက် အဦအတွက် တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူ့ဝန်ဆောင်မှု စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး အခြေအနေများအရ ဖြည့်ဆည်းဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဒေါက်တာဦးစံရွှေဝင်း၊  ရေကြည်မဲဆန္ဒနယ်က မေးမြန်းသော  နိုင်ငံတွင်းမှာ ပဋိဇီဝ ဆေးယဉ်ပါးမှု Antimicrobial Resistance (AMR) မဖြစ်အောင် မည်သို့ ဆောင်ရွက်ထားရှိကြောင်း သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာသည် မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတွက် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်သောကြောင့် ၂၂-၁-၂၀၁၈ ရက်နေ့တွင် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာကော်မတီ (National Multisectoral Steering Committee )ကို ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ နှီးနွှယ်ဝန်ကြီး ဌာနများ၊ ဦးစီးဌာနများနှင့် အသင်းအဖွဲ့အသီးသီးတို့မှ အဖွဲ့ဝင်(၁၉)ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၎င်းကော်မတီအဖွဲ့ဝင်များအနေဖြင့် မူဝါဒချမှတ်သူများ အပါ အဝင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဆေးယဉ်ပါးမှုအခြေအနေများကို စုစည်းရယူကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ပုံမှန်အစီရင်ခံခြင်း ဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းအပြင် လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်မှုများကိုပါ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေး(Vaccine)များကို အမျိုးအစား ပေါင်းစုံ ပြည်သူလူထုအားလုံး လွှမ်းခြုံရရှိစေရန် ကြိုးစားလုပ်ဆောင်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဦးစောဗစ်တာခလိုက်၊ သံတောင်ကြီး မဲဆန္ဒနယ်က မေးမြန်းသော သံတောင်မြို့ ပြည်သူ့ဆေးရုံမှ ဓါတ်မှန်စက်နှင့် အခြားစက်ပစ္စည်းများ အသုံးပြုနိုင်ရန် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီ X’mer ထရန်စဖော်မာတစ်လုံး တပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွဲဝေချထားပေးပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၇)   ဦးစိုင်းသီဟကျော်၊ မိုင်းရယ် မဲဆန္ဒနယ်က မေးမြန်းသော မိုင်းရယ်မြို့နယ်၊ မန်မုံ တိုက်နယ်ဆေးရုံအသစ် တည်ဆောက်ပြီးဖြစ်သဖြင့် လိုအပ်သော ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရိဘောဂများနှင့် ဆေးရုံသုံးပစ္စည်းများအား ဖြည့်ဆည်း ပေးကာ မည်သည့်ကာလတွင် စတင်ဖွင့်လှစ် ဆောင်ရွက်သွားမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်နယ်ကုသရေးဦးစီးဌာနအနေဖြင့် တာဝန်ခံဆရာဝန် တစ်ဦးအား ယာယီချထားပေးခြင်း၊ အထက်တန်းသူနာပြု(၂)ဦး၊ သူနာပြု(၂)ဦး၊ ဆေးစပ်(၁)ဦး ခန့်ထားခြင်း၊ နေ့စားဝန်ထမ်း(၃)ဦးတို့အား ခန့်ထားခွင့်ပြုခြင်း၊ ဆေးရုံ၏ ပရိဘောဂလိုအပ်ချက်များအား ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ခွင့်ပြုပြီး ဖြစ်ပါကြောင်းနှင့်  ဆေးရုံသုံးပစ္စည်း(၃၈)မျိုးအား ၂၃-၁၂-၂၀၁၉ ရက်နေ့တွင် ပို့ဆောင်ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   ( ဂ )  ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်းနှင့် အစီရင်ခံစာ တင်သွင်းခြင်း

                       အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက ယင်းဥပဒေကြမ်းကို အစီရင်ခံစာ နှင့်အတူ တင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက  ၁၁-၂-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ‌ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

               (ဃ)  အဆို(၁)ခု တင်သွင်းခြင်း

စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်း(CSR) အကောင်အထည်ဖော်ရာတွင် တိကျသည့် မူဝါဒချမှတ်ပြီး ဒေသခံပြည်သူပါဝင်နိုင်သော နည်းလမ်းများဖြင့် ပွင့်လင်း မြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ညွှန်ကြားပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါ်အေးမြမြမျိုး ၊ ကျောက်တန်း မဲဆန္ဒနယ်က တင်သွင်းပြီး  ဦးလွင်ကိုလတ်၊ သန်လျင်မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်ကဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၁၀-၂-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၁၁-၂-၂၀၂၀ ရက် (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။