ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ရုံး(၁၃)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ | Pyithu Hluttaw Skip to main content

ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့ရုံး(၁၃)ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံး (၁၃) ခုတို့မှ ရုံးအဖွဲ့မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှ (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကာလအတွင်း အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့်  ဆောင်ရွက်ပြီးစီးသောလုပ်ငန်းများအား ကော်မတီသို့တင်ပြပေးပို့ရန်နှင့် ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအဖွဲ့ဝင်များက လွှတ်တော်အစည်းအဝေးများအတွင်း အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီး မှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်ရန်ကျန်ရှိနေသော လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်းတင်ပြမှုများ အပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား မွန်းလွဲ ၂ နာရီ အချိန်တွင် ရပ်နားပြီး ၁၉.၁၂.၂၀၁၉ ရက် နေ့နေ့လယ် ၁၂ နာရီ အချိန်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဇုံးတိန့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန (၂၉) ဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရုံး (၁၃) ခု တို့မှ ရုံးအဖွဲ့မှူးများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်