Skip to main content

Description: C:\Users\user\Desktop\1.1.1.jpgပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမ နေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၆၉)ဦး တက်ရောက်သည်။          

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးမြင့်သိန်း၊ ဝက်လက် မဲဆန္ဒနယ်က မေးမြန်းသော ကလေးသူငယ်များ အလုပ်ခိုင်း စေမှု အငယ်ဆုံးအသက်ဆိုင်ရာ ILO Convention No.(138) ကို အတည်ပြု လက်မှတ် ရေးထိုးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီး      ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံမှလက်ခံကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၁/၂၀၁၉) မှ သဘောတူခွင့်ပြုခဲ့ပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြပြီး အတည်ပြုပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည် ပြုနိုင်ရေး၊ လက်ခံကျင့်သုံးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးသန်းလင်းလင်း၊ မယ်စဲ့ မဲဆန္ဒနယ်က  မေးမြန်းသော နှစ်နိုင်ငံ တရားဝင်သွားလာ ခွင့်နှင့် ကုန်သွယ်ခွင့်ရရှိရန် မယ်စဲ့မြို့နယ်ရှိ ဟိုစဲ့ကျေးရွာ BP-14 နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ၊ ဆောင်ဟိန်ကျေးရွာ နယ်စပ်ဂိတ်တို့ကို ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက BP-13 မှ တစ်ဆင့် လူဝင်/လူထွက် နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် နီးကပ်စွာ တည်ရှိနေသည့်  BP-14 တွင် သီးခြားနယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုလုပ်ငန်းများကို ထပ်မံဖွင့်လှစ်ဆောင်ရွက်ရန် မရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည် ။

                    (‌၃)   ဦးခွန်သန်းထူး၊ ဆီဆိုင် မဲဆန္ဒနယ်က မေးမြန်းသော တိုက်နယ်ဆေးရုံများတွင် သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာဌာန တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် ဆရာဝန်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လောလောဆယ်တွင် ၁၆ ကုတင် တိုက်နယ်ဆေးရုံများတွင် သွားနှင့်ခံတွင်းဆရာဝန်ခန့်ထားရန် အစီအစဉ် မရှိသေး ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                      (၄)   ဒေါက်တာဦးသန်းဝင်း၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်က  မေးမြန်းသော မြန်မာနိုင်ငံတွင် P.R ရရှိပြီးသူ မူလမြန်မာနိုင်ငံဖွားဆရာဝန်ကြီးများနှင့် ပတ်သက်၍ ကန့်သတ်ချုပ် ချယ်မှုများကို တခြားနိုင်ငံများကဲ့သို့ ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံတွင် P.R ရရှိပြီးသူ မူလမြန်မာနိုင်ငံဖွား ဆရာဝန်ကြီးများနှင့် ပတ်သက်၍ ကန့်သတ်ချုပ် ချယ်မှုများကို တခြားနိုင်ငံများကဲ့သို့ ဖြေလျှော့ပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဆရာဝန်ကြီးများ၏ နောက်ဆုံးပေါ် Technique များ၊ ကုထုံးများသည် မြန်မာနိုင်ငံရှိ ဆရာဝန်များနှင့် ဆေးကျောင်းသားများအတွက် များစွာအကျိုးရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ (အဆိုပါမေးခွန်းကို နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသည့်မေးခွန်းဟု လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး မေးခွန်းနှင့်ဖြေကြားချက်များကို နိုင်ငံတော် ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြပါမည်)

                    (၅)   ဦးစိုင်းဘသိန်း၊ လင်းခေး မဲဆန္ဒနယ်က မေးမြန်းသော လင်းခေးမြို့နယ်တွင် သင့်လျော် သော မြေနေရာ၌ အဆင့်မီ မိုးလုံလေလုံအားကစားရုံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း အသုံးစရိတ်တွင် A အဆင့် အားကစားနည်း (၁၀)မျိုး ကစားနိုင်သော တည်ဆောက်ခြင်းလုပ်ငန်းအတွက် လျာထားတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက ဆောက်လုပ်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဒေါက်တာဦးအောင်နိုင်၊ သပိတ်ကျင်း မဲဆန္ဒနယ်က မေးမြန်းသော သပိတ်ကျင်း      မြို့နယ်၊ အုန်းဇုန်းကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာ၏ ကိုယ်ထူကိုယ်ထ တိုက်နယ် ဆေးရုံ ဖွဲ့စည်းပုံခွင့်ပြုမိန့်ကို အမြန်ဆုံးချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက (၂-၉-၂၀၁၉)ရက်စွဲဖြင့် စီမံကိန်းနှင့်ဖွဲ့စည်းပုံစစ်ဆေးရေး အဖွဲ့သို့ တင်ပြထားပြီးဖြစ်ပါသဖြင့် သဘောတူညီချက်ရရှိပါက ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ ဆက်လက်တင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဦးအောင်တင်လင်း၊ နတ်မောက် မဲဆန္ဒနယ်က မေးမြန်းသော နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံအား ကုတင်(၅၀) မှ ကုတင်(၁၀၀)ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လူနာဦးရေမများသည့်အတွက် လောလောဆယ်ကာလတွင် တိုးမြှင့်ပေးရန်မရှိသေးပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

           ( ခ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များ အနက် ဥပဒေကြမ်းကော်တီ၏ ထပ်မံပြင်ဆင်ချက် (၃၂)ချက်နှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက် အတိုင်း ထားရှိသင့်သည့်အချက် (၄)ချက် စုစုပေါင်းအချက် (၃၆)ချက်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (က)နှင့် (ခ)တို့အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

( ဂ )   အစီရင်ခံစာ(၁)ခုတင်ပြခြင်း

တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာတင်ပြပြီး ယင်းအစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက-၁၂-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

          (ဃ)    အစီရင်ခံစာ(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၂-၁၂-၂၀၁၉ ရက် (တနင်္လာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။