Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(၂၃)ရက်မြောက် နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-       

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဒီနေ့ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း အစည်းအဝေး ကျင်းပရက်(၂၃)ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၁၆၄)ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း (၅၅၄) ခု ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဝမ်းနည်းကြောင်း အဆို တစ်ခုအပါအဝင် အဆို  (၁၄) ခု တင်သွင်း နိုင်ခဲ့ပြီး အတည်ပြုအဆို (၇) ခု၊ မှတ်တမ်းတင်အဆို  (၆) ခုနဲ့ တင်သွင်းပြီး ဆက်လက် ဆွေးနွေးရန် ကျန်အဆို (၁)ခုတို့ ဖြစ်ကြပါတယ်။ ယခင်က ကျန်ရှိတဲ့ ဥပဒေကြမ်းများ အပါအဝင် ဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း စုစုပေါင်း (၂၆) ခု ရှိပြီး ဥပဒေကြမ်း (၁၁)ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန်  ဥပဒေကြမ်း (၁၅)ခု ကျန်ရှိပါတယ်။ ယခု အစည်းအဝေးကာလအတွင်း တပ်မတော်သား  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၄)ဦး ကတိသစ္စာပြုခြင်း၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံ ပေးအဖွဲ့ ဖွဲ့စည်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ လွှတ်တော်ရေးရာကော်မတီများအနေနဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များ ပြောင်းလဲခြင်း၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦး နုတ်ထွက်ခွင့်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များ သိရှိလိုတဲ့ တစ်ဦးချင်း စုံစမ်းမေးမြန်းမှု (၇၀)ခု ပြန်ကြားပေးခြင်းနဲ့ ကိန်းဂဏန်းဆိုင်ရာ စာတမ်းတို အပါအဝင် သုတေသန စာတမ်းတို စုစုပေါင်း(၁၁) စောင်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          လွှတ်တော်ရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဥပဒေပြုရေး တာဝန်များ ဆောင်ရွက်တဲ့အခါ ပြည်သူတွေအတွက် ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီတဲ့ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးကြ ရမှာ ဖြစ်ပါတယ်။ နိုင်ငံသားအားလုံး လက်ခံနိုင်တဲ့ ဥပဒေများဖြစ်မှသာ တရားဥပဒေ စိုးမိုး ရေး ရရှိနိုင်မှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရှိမှသာ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရား စီရင် ရေး မဏ္ဍိုင်တွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှုများ ရှိလာမှာ ဖြစ်ပါတယ်။ ပြည်သူလူထုက ဥပဒေကို လေးစားလိုက်နာပြီး မဏ္ဍိုင်ကြီး(၃)ရပ်ကို ကိုယ်စားပြုနေကြ သူများ အားလုံးက လည်း မိမိတို့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ ဒီမိုကရေစီ ယဉ်ကျေးမှု ဖော်ဆောင် နိုင်မှသာ မိမိတို့လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် နိုင်မယ်ဆိုတာ သတိပြုကြစေ လိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ပြည်သူက ရွေးချယ် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ ပီသစွာ ပြည်သူ့အကျိုးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ ပါတီတွေ အချင်းချင်းကြား၊ တိုင်းရင်းသားများနဲ့ အဖွဲ့အစည်းတွေ အကြား အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးကို မျှော်ကိုးပြီး အတူလက်တွဲဆောင်ရွက်ကြပါ။ ကိုယ်စားလှယ်များရဲ့ ဒေသသီးသီး ကို ပြန်လည်ရောက်ရှိတဲ့အခါမှာလည်း ပြည်သူလူထုနဲ့ ကင်းကွာမနေဘဲ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးကိစ္စတွေမှာ တတ်အားသမျှ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ “ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သာယာ ဖြောင့်ဖြူးကြပါစေ။ ဘေးအန္တရာယ် ကင်းဝေး ကြပါစေ။ နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်တဲ့ ပုဂ္ဂိုလ် များ ဖြစ်ကြပါစေ” လို့ ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။                                           

                                                ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်