Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၇၇)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဒေါ်မိကွန်ချမ်း၊ ပေါင် မဲဆန္ဒနယ်က မေးမြန်းသော တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်များကို မည်သည့်အတွက်ကြောင့် ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်အဖွဲ့များကို မည်သည့်ဌာန အဖွဲ့အစည်းက တာဝန်ခံမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းသည့်အချိန်၌ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ် ရေးအင်အားနှင့် လူမှုရေးအင်အားများဖြစ်ပြီး မြို့နယ်ကျေးရွာများ၌ လုံခြုံရေး အတွက် ကာကွယ်စောင့်ရှောက်နေကြသူများဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပစစ်မက် အရေးအခင်းများနှင့် ရင်ဆိုင်ရချိန်တွင် တပ်မတော်နှင့်လက်တွဲ၍ စစ်ရေးအင်အား အဖြစ် ရပ်တည်သွားရမည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များက ၎င်းတို့နယ်မြေအလိုက် ဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့များအား ကြီးကြပ် ကွပ်ကဲ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့စစ်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက ကြီးကြပ်ကွပ်ကဲလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

                    (၂)    ဦးပဲ့ဒူ၊ ဖရူဆို မဲဆန္ဒနယ်က မေးမြန်းသော‌ မယ်စဲ့ဝင်ပေါက် BP-13 မှတစ်ဆင့် လွိုင်ကော်မြို့အထိ ပြည်ပခရီးသွားများ (၂)ညအိပ် (၃)ရက် ခရီးစဉ် သို့မဟုတ် (၆)ညအိပ် (၇)ရက် ခရီးစဉ် လည်ပတ်ခွင့်ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ပခရီးသွားများ (၂)ညအိပ် (၃)ရက် ခရီးစဉ် လည်ပတ်ခွင့်ရရှိရေးအတွက် ခရီးစဉ်အလိုက် ခွင့်ပြု ချက်ရရှိပါက လက်ရှိအနေအထားမှာ ဝင်ရောက်ခွင့်ပြုလျက်ရှိပါကြောင်းနှင့်(၆)ညအိပ် (၇)ရက်ခရီးစဉ် လည်ပတ်ခွင့်အတွက် ထိုင်းနိုင်ငံဘက်မှ အလားတူအကွာအဝေးထိ ဝင်ရောက်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိကို နှစ်နိုင်ငံသဘောထား အပြန်အလှန်ညှိနှိုင်း၍ သဘောတူညီမှုရရှိရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးမြင့်ငွေ၊ ကျောက်ကြီး မဲဆန္ဒနယ်က မေးမြန်းသော ကျောက်ကြီးမြို့နယ် ညောင်ပင်သာရွာမှ အရှေ့ဘက် ဒိုက်ပုံချောင်းကမ်းပါးအထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ကုန်ထုတ် ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် အဆိုပါ လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြေသားတင်၍ ကျောက်ချောမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေလျာထားတင်ပြပြီးဖြစ်၍ ရန်ပုံငွေခွင့်ပြုချက် ရရှိပါက စီမံအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                      (၄)   ဦးကျော်အောင်လွင်၊ စေတုတ္တရာ မဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာမြို့နှင့် အောက်ဘက်ကျေးရွာများအတွက် မုန်းတမံ အရန်ရေပိုလွှဲအား အမြန်ပြီးစီးအောင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပင်မရေပိုလွှဲ နှင့်ရေကျများကို ရေကျော်ကျမှုဒဏ်ခံနိုင်သည်အထိ ပြုပြင်တည်ဆောက်ပေးထား ပြီးဖြစ်ပါကြောင်းနှင့် ပင်မရေပိုလွှဲ၏ ရေကျအမှတ်(၂) အပေါ်ပိုင်းနှင့် အကူရေပိုလွှဲ အပြီးသတ်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးခမ်ခန့်ထန်၊ တွန်းဇံ မဲဆန္ဒနယ်က မေးမြန်းသော တွန်းဇံမြို့တွင် ပိုးမွေးမြူရေး လုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် လိုအပ်သည့် အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်များ ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူရေးသင်တန်းများပေး၍ နည်းပညာများ ဖြန့်ဖြူး ပေးခြင်းနှင့် ယခင်မျိုးများထက် အထွက်နှင့် ရောဂါဒဏ်ခံနိုင်သော မျိုးပိုးဥများကို ဖြန့်ဖြူးပေးမည်ဖြစ်သည့်အတွက် ဒေသလုပ်ငန်းလိုအပ်ချက်နှင့်အညီ ကူညီ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို သက်ဆိုင်ရာမှ ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး ပိုးအိမ်များ ဈေးကွက်ရရှိရေးအတွက် ပြည်တွင်းရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)   ဦးထွန်းထွန်း၊ ပွင့်ဖြူ မဲဆန္ဒနယ်က မေးမြန်းသော ပွင့်ဖြူမြို့နယ်၊ မုန်းရေအား လျှပ်စစ်စက်ရုံနှင့် ကြီးအုံကြီးဝရေအား လျှပ်စစ်စက်ရုံများမှ ရေအားနည်း၍သော် လည်းကောင်း၊ စက်ပစ္စည်းများ ချို့ယွင်းပျက်စီး၍သော်လည်းကောင်း မလည်ပတ် နိုင်သည့်အခါ စိုက်ပျိုးရေရရှိအောင် မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က တမံများတွင် ထည့်သွင်းတည်ဆောက်ထားသည့် စိုက်ပျိုးရေ ထုတ်ပေါက်များမှ ရေထုတ်လွှတ်၍ စိုက်ပျိုးရေပေးဝေဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၇)   ဦးညွန့်အောင်၊ မုံရွာ မဲဆန္ဒနယ်က မေးမြန်းသော မုံရွာမြို့အောက်ဘက်ရှိ ပေါက်ကပင် ရွာချောင်းအား ပိတ်လိုက်သဖြင့် ချင်းတွင်းမြစ်ရေလျှံတက်မှု မရှိတော့သောကြောင့် လယ်ယာမြေများနှင့် သဘာဝအရင်းအမြစ်များ ပျက်စီးနေမှုများကို ထိန်းသိမ်း ကာကွယ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပေါက်ပင်ချောင်းပေါ်ရှိ ရေတံခါးများ တည်ဆောက်ပေးထားခြင်းဖြင့် မိုးရာသီကာလ ချင်းတွင်းမြစ် ရေကြီး ရေလျှံချိန်တွင် လူနေရပ်ကွက်၊ ကျေးရွာများနှင့် လယ်မြေများ ရေကြီးနစ်မြှုပ်စေမှုမှ လျော့ပါးသက်သာစေပြီး သဘာဝအရင်းအမြစ်များ ထိခိုက်ပျက်စီးမှုမရှိဘဲ ဒေသတွင်း အကျိုးပြုလျက်ရှိပါကြောင်းနှင့် ချင်းတွင်းတာနှင့်ရေတံခါးများ ထိန်းညှိစီမံခြင်း လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့်အတူ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းပြီး စီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

           ( ခ )   ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း  

                       အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁၃-၉-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

           ( ဂ )   အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးမြင့်သိန်း၊ ဝက်လက် မဲဆန္ဒနယ်က တင်သွင်းသည့် စိုက်ပျိုးရေးထုတ်ကုန် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဂေဟစနစ် မပျက်စီးရေးအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲတတ်အောင် လေ့ကျင့်သင်ကြားပေးရန်နှင့် အပြင်းစား ဆေးများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို စိစစ်ကြပ်မတ်တားဆီးပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၃-၉-၂၀၁၉ ရက် (သောကြာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။