Skip to main content

ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

 

ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ


နိုင်ငံခြားကုန်သွယ်မှု


    နိုင်ငံခြားကုန်သွယ်မှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား၊ နယ်မြေတစ်ခုနှင့် တစ်ခုအကြား အရင်းအနှီး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းဝယ်ဖလှယ်ခြင်းကို ခေါ်ပါသည်။ နိုင်ငံခြားကုန်သွယ်မှုသည် စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တိုက်ရိုက် ဆက်နွယ်နေပါသည်။

အကျဉ်းချုပ်
    

 ဤ Statistical Bulletin တွင် မြန်မာနိုင်ငံ၏ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းအချက် အလက်များကို Bar Chart ဖြင့်လည်းကောင်း၊ Line Chart ဖြင့်လည်းကောင်း၊ ဇယားဖြင့် လည်းကောင်း ရှင်းလင်းတင်ပြထားပါသည်။


   မြန်မာနိုင်ငံ၏ဘဏ္ဍာနှစ်အလိုက် ပို့ကုန်တင်ပို့မှု၊
   မြန်မာနိုင်ငံ၏ဘဏ္ဍာနှစ်အလိုက် သွင်းကုန် တင်သွင်းမှု၊
   ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၃၁-၅-၂၀၁၉) အထိ ကုန်သွယ်မှုအခြေအနေအား ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ခြင်း
   ပို့ကုန်အုပ်စုအလိုက် တင်ပို့မှု၊
   သွင်းကုန်အုပ်စုအလိုက် တင်သွင်းမှု၊
  ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုလိုငွေပြမှု၊
  ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဖေဖော်ဝါရီလထိ) နယ်စပ်ဒေသရှိ စစ်ဆေးရေးစခန်းများ၏ ကုန်သွယ်မှုတို့ကို ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ၏ဘဏ္ဍာနှစ်အလိုက် ပို့ကုန်တင်ပို့မှု


မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အလိုက် ပို့ကုန်တင်ပို့မှုကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

Ex&Im1

 

 

 

 

 

 

 

 

 

 

 

 

 

အထက်ဖော်ပြပါ Bar Chart အရ မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ နှစ်စဉ်မြင့် တက်ခဲ့ပါသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်တင်ပို့မှု ပြန်လည်လျော့ကျခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ ပြန်လည် မြင့်တက်လာလျက် ရှိသည်ကို တွေ့ရှိ ရပါသည်။ ၆ နှစ်တာကာလအတွင်း ပို့ကုန်တင်ပို့မှုမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမြင့်ဆုံးတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

 

မြန်မာနိုင်ငံ၏ဘဏ္ဍာနှစ်အလိုက် သွင်းကုန် တင်သွင်းမှု


မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အလိုက် သွင်းကုန်တင်သွင်းမှုကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

Ex&Im2

 

 

 

 

 

 

 

 

 

 

 

 

 

အထက်ဖော်ပြပါ Bar Chart အရ မြန်မာနိုင်ငံ၏ သွင်းကုန် တင်သွင်းမှုကို လေ့လာ ကြည့်ပါက ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ နှစ်စဉ်မြင့်တက်လျက် ရှိပါသည်။ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် သွင်းကုန် တင်သွင်းမှု အနည်းငယ်ပြန်လည်လျော့ကျခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ ပြန်လည်မြင့်တက်လာလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ၆ နှစ်တာ ကာလ အတွင်း သွင်းကုန်တင်သွင်းမှုမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမြင့်ဆုံး တင်သွင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

 

ကုန်သွယ်မှုပမာဏလိုအပ်ချက်၊ အကြောင်းအရင်းနှင့်နောက်ဆက်တွဲသက်ရောက်မှုများ

 

ပို့ကုန်ထက်သွင်းကုန် ပမာဏပိုများပြီး ကုန်သွယ်မှုလိုငွေပမာဏဖြစ်နေရသည့် အကြောင်းအရင်းသည် တစ်ခါတစ်ရံ မိမိပြည်တွင်းစီးပွားရေး လုပ်ငန်းများ ထုတ်လုပ်မှုအတွက် လိုအပ်သော အထောက်အကူပြု ကုန်ကြမ်းများကို နိုင်ငံခြားမှ မှာယူသုံးစွဲသူများ၏ လိုအပ်ချက်ကို လုံလောက်သည်အထိ မဖြည့်ဆည်း ပေးနိုင်ခြင်းကြောင့်လည်း ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ Trade deficit ကြောင့် နောက်ဆက်တွဲလတ်တလောကောင်းကျိုးများ လည်းရှိနိုင်သလို ရေရှည်ဆိုးကျိုးများလည်း တွေ့နိုင်ပါသည်။ လတ်တလော ကောင်းကျိုးများအနေဖြင့် ကွဲပြားခြားနားသော အရည်အသွေးမြင့်ကုန်ပစ္စည်း အမျိုးအစားများစွာ သုံးစွဲရခြင်း ကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာခြင်း၊ ငွေကြေးဖောင်းပွမှုကို လျှော့ချနိုင်ခြင်း၊ ထုတ်လုပ်မှုထက် ဝယ်လိုအားတိုးတက်မှုကြောင့် ချမ်းသာကြွယ်ဝသော လူတန်းစားများ ပေါ်ထွက်လာခြင်း စသည်တို့ ရှိနိုင်ပါသည်။

ရေရှည်ဆိုးကျိုးများ အနေဖြင့် နိုင်ငံခြားဖြစ်ပစ္စည်းများကိုသာ လူအများသုံးစွဲခြင်းကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆုတ်ယုတ်ကျဆင်းခြင်း၊ ပြည်တွင်းတွင် အလုပ်အကိုင် အခွင့် အလမ်းမဖန်တီးပေးနိုင်ဘဲ ပြည်ပသို့သာ ထွက်ခွာ၍ အလုပ်အကိုင်ရှာဖွေခြင်းများ စသည့်ဆိုးကျိုးများ သက်ရောက်စေနိုင်ပါသည်။ 

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၃၁-၅-၂၀၁၉) အထိ ကုန်သွယ်မှုအခြေအနေအား ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ခြင်း


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (၃၁-၅-၂၀၁၉) အထိ ကုန်သွယ်မှုအခြေအနေအား ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ခြင်းအား ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

Ex&Im3

 

 

 

 

 

 

 

 

 

 

 

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် နှစ်ခု၏ ကာလတူ ပို့ကုန်တင်ပို့မှုတန်ဖိုး အား နှိုင်းယှဉ်ကြည့်ပါက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၅၂ သန်း ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

အကြောင်းအရင်းမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်း များနှင့် စက်မှုကုန်ချောပစ္စည်းများ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်အလားတူကာလထက် ပို့ကုန်တင်ပို့မှုပမာဏ ပိုမိုမြင့်မားလာခြင်းဖြစ်ပါသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် နှစ်ခု၏ ကာလတူ သွင်းကုန်တင်သွင်းမှု တန်ဖိုးအား နှိုင်းယှဉ်ကြည့်ပါက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၈၇ သန်း  လျော့နည်းတင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။

အကြောင်းအရင်းမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း များနှင့် လူသုံးကုန်ပစ္စည်းများတင်သွင်းမှု လျော့နည်းခဲ့ခြင်းကြောင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက သွင်းကုန်တင်သွင်းမှုပမာဏ လျော့နည်းတင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

Trade Deficit ဖြစ်မှုကိုလေ့လာသည့်အခါ ပို့ကုန်/ သွင်းကုန် ကွာခြားချက်သည် ၂၀၁၇-၁၈ အလားတူကာလထက် ၂၀၁၈-၁၉ အလားတူကာလတွင် ကွာခြားချက်ပိုမိုလျော့နည်းလာသဖြင့် ကုန်သွယ်မှုအခြေအနေ ပိုမိုတိုးတက်လာသည်ကို ပြသနေပါသည်။

 

ပို့ကုန်ပစ္စည်းအမျိုးအစားအုပ်စုအလိုက် တင်ပို့မှု


၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) ပို့ကုန်ပစ္စည်အမျိုးအစား အုပ်စုအလိုက် တင်ပို့မှုကို ဖော်ပြပါဇယားဖြင့် တင်ပြထားပါသည်-

Ex&Im4

 

 

 

 

 

 

 

 

 

 

 

၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) ပို့ကုန်အုပ်စုအလိုက် တင်ပို့မှုတွင် အခြားအမျိုးအစားများထက် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ဒုတိယအများဆုံးဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်မှလွဲ၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ တင်ပို့မှုမြင့်တက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ 

တိရိစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှစ၍ တဖြည်းဖြည်းကျဆင်းခဲ့သော်လည်း  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှစ၍ တဟုန်တိုးပြန်လည်မြင့်တက် လာလျက်ရှိသည်ကို တွေ့ရှိရပါမည်။

ရေထွက်ပစ္စည်းတင်ပို့မှုမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ တဖြည်းဖြည်း ကျဆင်းခဲ့သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နောက်ပိုင်းမှစ၍ ပြန်လည်မြင့်တက် လျက်ရှိသည်ကို တွေ့ရှိရပါသည်။ သတ္တုတွင်းထွက်ပစ္စည်းနှင့် သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ တင်ပြပါကာလတစ်လျှောက်လုံးတွင် အတက်အကျများရှိသည်ကို တွေ့ရှိရပါသည်။ ပို့ကုန်အမျိုးအစားလိုက် တင်ပို့မှုတွင် တင်ပြပါအမျိုးအမည်အများစုသည် ပိုမိုတင်ပို့လာနိုင်သည့် အခြေအနေတွင် ရှိနေပါသည်။

 

သွင်းကုန်အုပ်စုအလိုက် တင်သွင်းမှု

၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) သွင်းကုန်အုပ်စုအလိုက် တင်သွင်းမှုကို အောက်ဖော်ပြပါဇယားဖြင့် တင်ပြထားပါသည်-

Ex&Im5

 

 

 

 

 

 

 

၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) သွင်းကုန်အုပ်စုအလိုက် တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများတင်သွင်းမှုသည် ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်မြင့်တက်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ ပြန်လည်ကျဆင်းခဲ့သည် ကို တွေ့ရှိရပါသည်။ လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းမှုသည် ပုံမှန်အနေအထားတွင်ရှိပြီး နှစ်စဉ် အတက်အကျကွာဟမှုအနည်းငယ်သာရှိသည်ကို တွေ့ရှိရပါသည်။ လူသုံးကုန်ပစ္စည်းများ တင်သွင်း မှုသည် ဘဏ္ဍာနှစ်အလိုက် နှစ်စဉ်မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယေဘုယျ တင်သွင်းမှု အခြေအနေသည် နှစ်စဉ် တဖြည်းဖြည်းမြင့်တက်လာလျက်ရှိသည်ကို တွေ့ရှိရပါသည်။


ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုလိုငွေပြမှု

၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) ကုန်သွယ်မှုလိုငွေပြမှုအား ဖော်ပြပါဇယားဖြင့် တင်ပြထားပါသည်-

Ex&Im6

 

 

 

 

 

 

 

 

 

 

 

 

လေ့လာချက်အရ ကုန်သွယ်မှုလိုငွေပမာဏသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဘီလီယံကျော်ရှိခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်ရေးတွင် လိုငွေပြနေမှုသည် နှစ်စဉ်ကြုံတွေ့နေရဆဲဖြစ်သော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစ၍ ယခုကာလအထိ ကုန်သွယ်မှု လိုငွေကွာဟချက်မှာ တဖြည်းဖြည်းလျော့ကျလာသည်ကို တွေ့ရှိရပါသည်။

ကုန်သွယ်မှုလိုငွေလျော့ကျစေရန် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုတိုးတက်စေရေးအတွက် ဖြေလျှော့မှုများအဖြစ် ပို့ကုန်/ သွင်းကုန် ကုန်ပစ္စည်းအမည်များအား Fully Online Licensing စနစ်ဖြင့် လျှောက်ထားရယူနိုင်ရေး ဆောင်ရွက်ခဲ့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တစ်ဦးချင်းကုန်သွယ်ခွင့် မှတ်ပုံတင် လက်မှတ်များအား Manual စနစ်ဖြင့် ထုတ်ပေးရာမှ Online Application စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ခြင်း၊ ပို့ကုန်/ သွင်းကုန် ကုန်စည်နှင့် စပ်လျဉ်း၍ လိုင်စင်လျှောက်ထားမှုရာတွင် မလိုအပ်သည့်လုပ်ငန်းစဉ်များအား လျှော့ချပေးခြင်း၊ ကုန်သွယ်မှု နှင့်သက်ဆိုင်သော ကဏ္ဍများအားလုံးကို လွှမ်းခြုံနိုင်သည့် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိခြင်း စသည့်အချက်များကြောင့်ဖြစ်ပါသည်။

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) နယ်စပ်စခန်းအလိုက် ကုန်သွယ်မှု

၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) နယ်စပ်စခန်းအလိုက် ကုန်သွယ်မှုကို ဖော်ပြပါ Line Chart ဖြင့် တင်ပြထားပါသည်-

Ex&Im7

 

 

 

 

 

 

 

 

 

 

 

 

 

၂၀၁၈-၁၉ ဘဏ္ဍာနှစ် (ဧပြီလအထိ) နယ်စပ်စခန်းအလိုက် ကုန်သွယ်မှုကို ကြည့်ခြင်းအား ဖြင့် မူဆယ်ကုန်သွယ်ရေးစခန်းမှ အများဆုံးကုန်သွယ်မှုပြုလုပ်ပြီး မယ်စဲ့ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါသည်။

 

ကုန်သွယ်မှုလိုငွေပြမှုအား ကုစားရန်အချက်များ

ကုန်သွယ်မှုဦးဆောင်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ရာတွင် ပို့ကုန်တန်ဖိုးမြင့်မားအောင် ပို့ကုန်အမည်နှင့်တင်ပို့သည့်နိုင်ငံများကို ဖြန့်ခွဲခြင်း၊ အဓိက ပို့ကုန် အမည်အချို့ကို ဦးစားပေးစူးစိုက်တိုးချဲ့တင်ပို့ခြင်း၊ အမျိုးသားပို့ကုန် မဟာဗျူဟာအရ ချမှတ် ဆောင်ရွက်ခြင်းများဖြစ်ပြီး ပို့ကုန်တိုးမြှင့်နိုင်ရန်နှင့် သွင်းကုန်အစားထိုးနိုင်ရန်အတွက် အထူး စီးပွားရေးဇုန်၊ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ ထူထောင်၍ ဆောင်ရွက်သွား ရန်ဖြစ်ပါသည်။ ကုန်သွယ်မှုတိုးတက်စေရန်အတွက် နှစ်နိုင်ငံကုန်သွယ်မှု၊ နယ်စပ်ကုန်သွယ်မှု သာမက ကုန်သွယ်မှုလိုငွေကို လျော့နည်းစေသည့် ကုန်ချင်းဖလှယ်မှုစနစ်ကိုပါ ကျင့်သုံးဆောင် ရွက်ရန် လိုအပ်ပါသည်။

 

နိဂုံး

နိုင်ငံတစ်နိုင်ငံ၏ ကုန်သွယ်မှုအခြေအနေသည် ထိုတိုင်းပြည်၏စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံဖွံ့ဖြိုးမှုကို ပြသနေခြင်းဖြစ်ပါသည်။ နိုင်ငံတွင် ပို့ကုန်အမျိုး အမည်အလိုက် ပမာဏတိုးတက် နေသလို သွင်းကုန်ပမာဏလည်း ရှိနေဆဲဖြစ်ပါသည်။ သို့သော် ပို့ကုန်/သွင်းကုန်ကွာခြားချက် Trade Deficit မှာမူ လျော့နည်း လာသည်ကို တွေ့ရှိရပါသည်။ နိုင်ငံရှိစားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့် ကုန်ပစ္စည်းအမျိုးအစားများကို ပြည်တွင်းတွင် ဦးစားပေးထုတ်လုပ် ခြင်းဖြင့်လည်းကောင်း၊ နိုင်ငံခြားသို့အများဆုံးတင်ပို့နိုင်မည့် ပို့ကုန်အမျိုးအစားများကို ဦးစားပေးတင်ပို့နိုင်ခြင်းဖြင့်လည်းကောင်း ကုန်သွယ်မှုလိုငွေသည် တစ်ဖြည်းဖြည်း လျော့နည်းလာမည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုနိုင်မည်ဖြစ်ပေါကြောင်း တင်ပြအပ်ပါ သည်။

 

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန် အတွက်ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သော အကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၂၄.၇.၂၀၁၉