Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက် လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်းနဲ့ နိုင်ငံတော်နှင့်နိုင်ငံသားများရဲ့ အကျိုးကိုဆက်လက်သယ်ပိုး ထမ်းရွက်နိုင်ကြပါစေကြောင်း ဆုတောင်း အပ်ပါတယ်။ ဒီနေ့စတင်ကျင်းပတဲ့ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်း (၁၄) ခု ရှိပါတယ်။ အဆိုများအနေနဲ့ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်းမှာ တင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန်အဆို (၃) ခုနဲ့ ယခု အသင့်ဖြစ် အဆို (၁၂) ခု ရှိတဲ့အတွက် ဆွေးနွေးရန် အဆိုစုစုပေါင်း (၁၅) ခု ရှိပါတယ်။ အသင့်ဖြစ် ကြယ်ပွင့်ပြ မေးခွန်း (၁၀၉) ခု ရှိပါတယ်။ ယခင်အကြိမ်များက ကျန်ရှိခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်း (၂၂၀) ခုရှိတဲ့အနက် မေးခွန်း (၁၁၅) ခု ကို ယခုအစည်းအဝေး ကာလအတွင်းမှာ ဆက်လက်ဆောင်ရွက်ရန် လျာထားပြီး မေးခွန်း (၁၀၅) ခုကို စာဖြေဖြင့် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

လွှတ်တော်များရဲ့ အဓိကတာဝန်ဟာ ဥပဒေပြုရေးတာဝန် (Legislation) ပဲ ဖြစ်ပါတယ်။ မိမိတို့ ပြည်သူတွေအတွက် ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီတဲ့ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းပေးကြရမှာ ဖြစ်ပါတယ်။ ဒုတိယတာဝန်ဖြစ်တဲ့ စောင့်ကြည့်ထိန်းညှိခြင်း (Oversigth) တာဝန် ကိုလည်း ဥပဒေ၊ နည်းဥပဒေများနဲ့အညီ စနစ်တကျဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီးဝင်ရောက် စွက်ဖက်တဲ့ပုံစံမျိုး မဖြစ်စေဖို့ အထူးသတိပြုကြရမှာ ဖြစ်ပါတယ်။ တတိယတာဝန်ဖြစ်တဲ့ ကိုယ်စားပြုခြင်း (Representation) တာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက်သာမက ပြည်သူလူထုတစ်ရပ်လုံး အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်အောင် ကြံဆောင် နိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်စေဖို့ တိုက်တွန်းအပ်ပါတယ်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒီကနေ့ နိုင်ငံတကာအခြေအနေကို လေ့လာအကဲခတ်ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးရည်မှန်းချက် အပြောင်းအလဲတွေနဲ့အတူ မူဝါဒအပြောင်းအလဲ တွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာမရှိ၊ ကိုယ်ကျိုးစီးပွားသာရှိသည်ဆိုတဲ့ စကားအတိုင်း မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကို အဓိကထားဦးစားပေး ဆောင်ရွက်ကြတာကို တွေ့ကြရမှာဖြစ်ပါတယ်။ မိမိတို့အနေနဲ့လည်း ကမ္ဘာ့ရေစီးကြောင်းမှာ လိုက်ပါပြောင်းလဲ တိုးတက်နိုင်တဲ့နိုင်ငံအဖြစ် ဖန်တီး ပုံဖော်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲကတော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ပဲဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင် နိုင်ဖို့အတွက် ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အရေးကြီးဆုံးမှတ်တိုင် တစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီ အခြေခံတဲ့ ဖက်ဒရယ်မူတွေရရှိဖို့ မိမိတို့အားလုံးဝိုင်းဝန်း ပံ့ပိုးပေးကြရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်မှသာ မိမိတို့ရဲ့နောင်လာနောက်သား မျိုးဆက်တွေကို ကောင်းမွန်တဲ့ အမွေထားခဲ့ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် “မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များဟာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် ပြည်သူများနဲ့အတူ ကျရာအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း” တိုက်တွန်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်