Skip to main content

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့တို့အား လက်ခံတွေ့ဆုံ

 

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းသည်  မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအက်စ်ကျော်လှ ဦးဆောင် သောအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြ ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆေးပညာရှင်အသင်းဥက္ကဋ္ဌ ဒေါက်တာနေဝင်း ဦးဆောင်သောအဖွဲ့တို့အား ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်တွင် နေပြည်တော်ရှိလွှတ်တော် ရေးရာဆောင် အဆောင်အမှတ်  (I-13) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ အသစ်ရေးဆွဲလိုသော အချက်အလက်များနှင့် ပတ်သက်ပြီး ဥပဒေရေးရာ ကိစ္စရပ်များ၊ ဆရာဝန်များစဉ်ဆက်မပြတ် ဆေးပညာလေ့လာ သင်ကြားရေးကိစ္စ၊ ဆရာဝန်များအား အကာအကွယ်ပေးမှုဆိုင်ရာ ကိစ္စရပ်၊ မြန်မာပြည်ဖွား နိုင်ငံခြားသားဆရာဝန်များ မြန်မာနိုင်ငံတွင် ဆေးဝါးကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအား ရင်နှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဒေါက်တာသန်းဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် မေလ ၁၅ ရက်