Skip to main content

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း ME Farms Myanmar Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သည် PRIME Farms Myanmar Co.,Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိသော စပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်း နှင့်ပတ်သက်ပြီး တောင်သူတို့၏ စိုက်ပျိုးထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးတက်လာစေရန်၊ စိုက်ပျိုး ရေကို ပိုမိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဆောင်ရွက်ခြင်းများ၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို ထောက်ပံ့ပေးနိုင်သော မူဝါဒ အားကောင်းလာစေရန် ဆောင်ရွက်ခြင်းတို့အား ရင်းနှီးပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းငွေ၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်မျိုးမင်း၊ ဦးမြင့်သိန်း၊ အမျိုးသားလွှတ်တော်၊ တောင်သူ လယ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးစိုးလေးတို့နှင့် မြန်မာ့စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ နော်ဝေနိုင်ငံသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး၊ ဆွီဒင်ဖွံ့ဖြိုးရေးအဖွဲ့မှ ပုဂ္ဂိုလ်များ၊ စီမံကိန်း၏ တွဲဖက်အဖွဲ့ဝင်များဖြစ်သော ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း HELVETAS မှ ပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်