Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး မြန်မာနှစ်သစ်ကူး အခါသမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံပေါင်းများစွာကနေ သင်ခန်းစာရယူပြီး နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ ရှေ့ဆက်ကြရမယ့် ခရီးလမ်းကို မှန်ကန်တဲ့ယုံကြည်ချက်တွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်း ဆွေးနွေးဆောင်ရွက်ကြရမယ့် ဥပဒေကြမ်း (၁၄) ခု ရှိပါတယ်။ အသင့်ဖြစ်အဆို (၁၆) ခုနဲ့ အသင့်ဖြစ် ကြယ်ပွင့်ပြမေးခွန်း (၂၃၇) ခု ရှိပါတယ်။ မေးခွန်းများ၊ အဆိုများနဲ့ဥပဒေကြမ်းတွေကို ဝန်ကြီးဌာနများရဲ့ အခြေအနေနဲ့ရရှိတဲ့ အချိန်အခါပေါ် မူတည်ပြီး နေ့စဉ်အစည်းအဝေး အစီအစဉ်များမှာ မျှမျှတတထည့်သွင်းသွားမှာ ဖြစ်ကြောင်း အသိပေး တင်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မိမိတို့ လွှတ်တော်လုပ်ငန်းစဉ်များဟာ ဒီမိုကရေစီစံချိန်စံညွှန်းများနဲ့အညီ ကျင့်သုံးဆောင်ရွက်ကြရတာ ဖြစ်သလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေကို မြှင့်တင်နိုင်ဖို့အတွက် ဥပဒေများ အခိုင်အမာပြဋ္ဌာန်းနိုင်ဖို့ အထူးလိုအပ်ပါတယ်။ လွှတ်တော်များ ခိုင်မာအားကောင်းပြီး ပြည်သူကပိုမိုအားကိုး လာဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနဲ့ဥပဒေပြုရေး တာဝန်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြဖို့ အထူးလိုအပ်ပါတယ်။ မိမိတို့ကိုယ်စားပြုတဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ တာဝန်ဟာကြီးမားပြီး စနစ်တကျချင့်ချိန်၊ စဉ်းစား၊ ဝေဖန်၊ သုံးသပ် ဆောင်ရွက်နိုင်ကြမှသာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ရလာဒ်ကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥပဒေပြုရေးအပါအဝင် လွှတ်တော်လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနဲ့အညီ စံနမူနာပြဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မိမိတို့ဟာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေကို တတ်နိုင်သမျှ စိစစ်ထိန်းညှိပြီး ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်စေရေး၊ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးစီးပွားအတွက် အားကိုးအားထားပြုရတဲ့ လွှတ်တော်ဖြစ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက် နေကြရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ တိုင်းရင်းသားအခွင့်အရေးများ အပြည့်အဝရရှိရေးတို့ဟာ အထူးပင် အရေးကြီးလှပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းနိုင်ဖို့အတွက် ယုံကြည်မှုတည်ဆောက် နိုင်အောင် ဝိုင်းဝန်းကူညီပေး ကြဖို့လည်း တိုက်တွန်းလိုပါတယ်။ “မိမိတို့ဟာ ပြည်သူ့ကိုယ်စားလှယ် များပီပီ စိတ်ရင်းစေတနာမှန်နဲ့ ပြည်သူတွေရဲ့ လိုလားချက်ကို ကြိုးပမ်းထမ်းဆောင်ကြဖို့” ပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်သ လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်