Skip to main content

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်း (Safeguard Bill)

 

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်း (Safeguard Bill)

နိဒါန်း

၁။   မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ရောက်ရှိနေသော နိုင်ငံဖြစ်သည့် အလျှောက် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဆက်နွယ်နေသော ပို့ကုန်သွင်းကုန်ကဏ္ဍသည် အရေးကြီး လျက်ရှိနေပါသည်။ မြန်မာနိုင်ငံသည် နိုင်ငံအသီးသီးနှင့်ကုန်သွယ်မှု ဆောင်ရွက်လျှက်ရှိရာ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုကို အဓိကထား ကုန်သွယ်လျက်ရှိနေပါသည်။ လက်ရှိ အခြေအနေအရ ပို့ကုန်ထက်သွင်းကုန်ပမာဏ ပိုမိုများပြားနေပါသည်။  ပြည်ပမှတင်သွင်းလာသော ကုန်စည်ပမာဏ များပြားလာခြင်းကြောင့် ပြည်တွင်းရှိ အလားတူ ကုန်စည်ထုတ်လုပ်သူများ ထိခိုက်နစ်နာမှုမှ ကာကွယ်ကုစားနိုင်ရန် သွင်းကုန်နှင့်ပတ်သက်၍ ဥပဒေကြမ်းများလိုအပ်သဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲခဲ့ပါသည်။

 

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေကြမ်း

၂။       သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်းအား ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က မြန်မာ့အလင်း သတင်းစာ၌ အများပြည်သူသိရှိလေ့လာ အကြံပြုနိုင်စေရန်အလို့ငှာ ဖော်ပြခဲ့ပါသည်။ ယင်း ဥပဒေကြမ်းအား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 

သွင်းကုန်ပမာဏမြင့်တက်ခြင်းနှင့်စပ်လျဉ်းသောစကားရပ်များ

၃။       သွင်းကုန်ပမာဏမြင့်တက်ခြင်းနှင့်စပ်လျဉ်းသော စကားရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   သွင်းကုန်ပမာဏမြင့်တက်ခြင်း။      ၎င်းမှာ မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာသည့် ကုန်ပစ္စည်း တစ်မျိုးမျိုး၏ သွင်းကုန်ပမာဏသည် ယင်းကုန်စည်နှင့်အလားတူ ကုန်စည် သို့မဟုတ် တိုက်ရိုက် ယှဉ်ပြိုင်နိုင်သည့် ကုန်စည်ကိုထုတ်လုပ်သော ပြည်တွင်းထုတ်လုပ်မှု ပမာဏထက် သိသာထင်ရှားစွာ မြင့်တက်လာသည့် ပမာဏကိုလည်းကောင်း၊ ပြည်တွင်းထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် မြင့်တက်လာသည့် ပမာဏကိုလည်းကောင်းဆိုပါသည်။

(ခ)    သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုအစီအမံ။       ၎င်းမှာ မြန်မာနိုင်ငံ အတွင်းသို့ တင်သွင်းလာသည့် ကုန်စည်ပမာဏ မြင့်တက်မှုကြောင့် ယင်းကုန်စည်နှင့်အလားတူ ကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့် ပြည်တွင်းကုန်စည်ကို ထုတ်လုပ်သူ၏ လုပ်ငန်းများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက ကာကွယ်ပေးသောအစီအမံကို ဆိုပါသည်။ ယင်းအစီအမံများမှာ ယာယီအကာအကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း၊  အကာအကွယ်ပေးမှု အကောက်ခွန် စည်းကြပ်ခြင်း သို့မဟုတ် သွင်းကုန်ပမာဏ ကန့်သတ်ခြင်းကို ဆိုလိုပါသည်။

(ဂ)    ယာယီအကာအကွယ်ပေးမှု အကောက်ခွန် (Provisional Safeguard Duty)။ ၎င်းမှာ ဤဥပဒေအရ စုံစမ်းစစ်ဆေးမှုဆောင်ရွက် နေစဉ်ကာလအတွင်း ပြည်တွင်းကုန်စည် ထုတ်လုပ်သူများ အပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုလည်းကောင်း၊ ယင်းသို့ ဖြစ်စေရန် ခြိမ်းခြောက်မှု ကိုလည်းကောင်း ကာကွယ်ပေးနိုင်ရန်အတွက် အကောက်ခွန်ဥပဒေအရ ကောက်ခံသည့် အကောက်ခွန်အပြင် ထပ်တိုးစည်းကြပ်သည့် ယာယီအကောက်ခွန်ကို ဆိုလိုပါသည်။

(ဃ)   ကာကွယ်ပေးမှုအကောက်ခွန်(Safeguard Duty)။                 ၎င်းမှာ စုံစမ်းစစ်ဆေးမှု အပြီးသတ် တွေ့ရှိဆုံးဖြတ်ချက်အရ သွင်းကုန်ပမာဏမြင့်တက်မှုကြောင့် ဖြစ်ပေါ် လာသောပြည်တွင်း ကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှု ကိုလည်းကောင်း၊ ယင်းသို့ ဖြစ်စေရန် ခြိမ်းခြောက်မှုကိုလည်းကောင်း ကာကွယ်ပေးနိုင်ရန်အတွက် အချိန်ကာလတစ်ခုအထိ စည်းကြပ် ကောက်ခံခြင်းဖြစ်ပြီး အကောက်ခွန်ဥပဒေအရ ကောက်ခံသည့် အကောက်ခွန်အပြင် ထပ်တိုးစည်းကြပ်သည့် အကောက်ခွန်ကိုဆိုပါသည်။

ဥပဒေကြမ်း၏ရည်ရွယ်ချက်

၎။       သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်း၏ ရည်ရွယ်ချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)    ကုန်စည်တစ်မျိုး၏သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့်ပြည်တွင်းရှိအလားတူ ကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည့်ကုန်စည်ထုတ်လုပ်မှုများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ဖြစ်စေရန်ခြိမ်းခြောက်မှုတို့ဖြစ် ပေါ်လာပါက ကာကွယ်ပေးနိုင်မည့် အစီအမံများကို ကျင့်သုံးနိုင်စေရန်၊

(ခ)     အချိန်ကာလတစ်ခုအတွင်း ပြည်တွင်းကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်မှုကို မြှင့်တင်နိုင်စေရန်၊

(ဂ)     ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုသည် သွင်းကုန်ပမာဏမြင့်တက်မှုနှင့် ကျိုးကြောင်း ဆက်စပ်မှုရှိပါက  ကာကွယ်ပေးနိုင်ရန်အတွက် အဆိုပါသွင်းကုန်အပေါ် လုံလောက် သောကာကွယ်မှု အခွန်ကိုစည်းကြပ်ရန်။

 

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေကြမ်းအကျဉ်းချုပ်

၅။       ယင်းဥပဒေကြမ်းတွင် အခန်း (၁၂) ခန်း၊ ပုဒ်မ  ၅၃ ခုပါရှိပါသည်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကျဉ်းချုပ်မှာ-

(က)   ကော်မတီဖွဲ့စည်းခြင်း၊ ဦးစီးဌာနကိုတာဝန် ပေးအပ်ခြင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း။        သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှကာကွယ်ပေးမှုကော်မတီကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး (ဥက္ကဋ္ဌ) အပါအဝင် ပုဂ္ဂိုလ် ၉ ဦးထက် မပိုသောအဖွဲ့ကို ဖွဲ့စည်းရပါမည်။ ဝန်ကြီးဌာနသည် ကော်မတီနှင့်စုံစမ်းစစ်ဆေးရေး အဖွဲ့၏ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်ရန် ဦးစီးဌာနကို တာဝန်ပေးအပ်ရပါမည်။ ကော်မတီသည် ဤဥပဒေအရ စုံစမ်းစစ်ဆေးခြင်းနှင့် အခြားတာဝန်များ ဆောင်ရွက်နိုင်ရန် ဦးစီးဌာနမှဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သော ဝန်ထမ်းများ ဦးဆောင်ပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုလိုအပ်သလို ဖွဲ့စည်း တာဝန်ပေးအပ်ရပါမည်။

(ခ)    စိစစ်ခြင်းနှင့်စုံစမ်းစစ်ဆေးခြင်း။     သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြင်းထန်စွာ ထိခိုက်နစ်နာသော ပြည်တွင်းကုန်စည်ထုတ်လုပ်သူ သို့မဟုတ် အဆိုပါ ကုန်စည် ထုတ်လုပ်သူ၏ ကိုယ်စားလှယ်သည် ဦးစီးဌာနသို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် ကာကွယ်ပေးမှုအစီအမံ စီစဉ်ဆောင်ရွက်ပေးပါရန် တင်ပြလျှောက်ထားရပါမည်။ ဦးစီးဌာနသည် လျှောက်လွှာလက်ခံသည့် နေ့မှစ၍   ၅ ရက်အတွင်း စုံစမ်းစစ်ဆေးရန် သတ်မှတ်အထောက်အထား အချက်အလက် ပါဝင်မှုရှိ မရှိ ကနဦးစိစစ်၍ ကော်မတီသို့ တင်ပြရပါမည်။ ကော်မတီသည် ဦးစီးဌာန၏ တင်ပြချက်အပေါ် မူတည်၍  စုံစမ်းစစ်ဆေးရန် သင့်မသင့်ကို ဆုံးဖြတ်ပြီး စစ်ဆေးသင့်ကြောင်း ဆုံးဖြတ်ပါက စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရပါမည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တာဝန်ပေးအပ်သည့် နေ့မှစ၍ စုံစမ်းစစ်ဆေး ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက် ရပါမည်။ ယင်းအဖွဲ့သည် စစ်ဆေးမှုစတင် မည်ဖြစ်ကြောင်း လျှောက်ထားတင်ပြ သူများနှင့် အကျုံးဝင်ဆက်နွယ်သူများထံသို့ အကြောင်းကြားရပါမည်။ ယင်းအဖွဲ့သည် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ရာတွင် အကျုံးဝင်ဆက်နွယ်သူများထံသို့ မေးခွန်းများ ပေးပို့မေးမြန်းခြင်း၊ အများပြည်သူ ရှေ့မှောက်ကြားနာခြင်း (သို့မဟုတ်) အခြားသင့်တော်သော နည်းများဖြင့် ဆောင် ရွက်နိုင်ပါသည်။

(ဂ) ထိခိုက်နစ်နာမှုကို စိစစ်အကဲဖြတ်ခြင်းနှင့် ယာယီကာကွယ်ပေးမှု အခွန်စည်းကြပ်ခြင်း။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပြည်တွင်းကုန်စည် ထုတ်လုပ်သူ၏လုပ်ငန်းများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှု (သို့မဟုတ်) ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်မှုနှင့် သွင်းကုန်ပမာဏ မြင့်တက်ခြင်း တို့အကြား ဖြစ်ပေါ်သည့် အကျိုးအကြောင်း ဆက်နွယ်မှုအား ဖော်ပြနိုင်မှသာလျှင် ပြင်းထန်သော ထိခိုက်နစ်နာမှုဖြစ်စေသည် (သို့မဟုတ်) ယင်းသို့ဖြစ်စေရန် ခြိမ်းခြောက်သည်ဟု ဆုံးဖြတ်ရပါမည်။ ယင်းကဲ့သို့ မဟုတ်ဘဲ အခြားသောအကြောင်းတစ်ခုခုကြောင့် ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းကို ထိခိုက်မှုနစ်နာမှု ဖြစ်ပေါ်စေသည်ဟု စိစစ်တွေ့ရှိပါက ယင်းထိခိုက် နစ်နာမှုမျိုးကို သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့်ဟု ဆုံးဖြတ်ခြင်းမပြုရပါ။

စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိခိုက်နစ်နာမှုကို ကနဦးစိစစ်အကဲဖြတ်ချက်အရ ပြည်တွင်းကုန်စည် ထုတ်လုပ်သူ၏ လုပ်ငန်းထိခိုက်နစ်နာမှုသည်  ပြန်လည်ရပ်တည်နိုင်ရန် ခက်ခဲသောအရေးပေါ် အခြေအနေပေါ်ပေါက်ကြောင်း စိစစ်တွေ့ရှိ ပါက စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေသည့် ကာလအတွင်း တင်သွင်းလာသည့် ကုန်စည်အပေါ်ယာယီစည်းကြပ်မှု ပြုလုပ်ရန်ကော်မတီသို့ တင်ပြနိုင်ပါသည်။ ကော်မတီသည် အပြီးသတ်ဆုံးဖြတ်ချက်မတိုင်မီ သင့်လျော်သည့် ယာယီကာကွယ်ပေးမှု အကောက်ခွန် ကိုစည်းကြပ်နိုင်ပါသည်။ ယင်းအခွန်စည်းကြပ်ရာတွင် အများဆုံးရက်ပေါင်း ၂၀၀ အထိသာစည်းကြပ်နိုင်ပါသည်။

(ဃ)   ကာကွယ်ပေးမှုအစီအမံများဆုံးဖြတ်ခြင်း။     စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ပြီးနောက် အပြီးသတ် တွေ့ရှိချက်ကို အကြံပြုချက်များနှင့်အတူ ကော်မတီသို့ ဦးစီးဌာနမှတစ်ဆင့်တင်ပြ ရပါမည်။ သွင်းကုန်ပမာဏ မြင့်တက်ခြင်း (သို့မဟုတ်) ပြင်းထန်သော ထိခိုက်နစ်နာခြင်း (သို့မဟုတ်) ယင်းသို့ ဖြစ်စေရန်ခြိမ်းခြောက်ခြင်း မရှိကြောင်းတွေ့ရှိပါက ယာယီကာကွယ်ပေးမှု အစီအမံကို ရပ်စဲရပါမည်။ ဖြစ်ပွားမှုကိုတွေ့ရှိပါက အောက်ပါ ကာကွယ်ပေးမှုအစီအမံ တစ်ခု သို့မဟုတ် နှစ်ခုစလုံးကို စစ်ဆေးခံရသည့်ကုန်စည် အပေါ်စည်းကြပ်နိုင်ပါသည်-

 

(၁)    သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကာကွယ်ပေးမှုအကောက်ခွန်ကို ကောက်ခံခြင်း ၊

(၂)    သွင်းကုန်ပမာဏကန့်သတ်ခြင်း။

          ကာကွယ်ပေးမှုအစီအမံများ ကျင့်သုံးရာတွင် သွင်းကုန်အပေါ်ကောက်ခံသည့် ကာကွယ်ပေးမှု အကောက်ခွန်နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ လည်းကောင်း၊ သွင်းကုန်ပမာဏ ကန့်သတ်ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်းကောင်း ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပါမည်။

(စ)    ကာကွယ်ပေးမှုအစီအမံကျင့်သုံးသည့်ကာလ။      ကော်မတီသည် ပြည်တွင်းကုန် စည်ထုတ် လုပ်သူများ၏ ထိခိုက်နစ်နာမှုကို ကုစားပေးရန်အတွက် လိုအပ်သည့်အတိုင်း အတာထိကာကွယ် ပေးမှုအစီအမံကို ကျင့်သုံးနိုင်ပြီး ကျင့်သုံးနိုင်သည့်ကာလသည် လုပ်ငန်းအခြေအနေပြန်လည် တိုးတက်ရန် လိုအပ်သော အချိန်ကာလ အထိသာဖြစ်ပါသည်။

          ကုန်စည်တစ်မျိုးအပေါ်စတင်ကျင့်သုံးမှုကာလသည် အများဆုံး ၄ နှစ်အထိသာ ကျင့်သုံးနိုင်ပါသည်။ ကုန်စည်အပေါ်တွင် အစီအမံကာလနှင့် သက်တမ်းတိုး ကာလအပါအဝင် အများဆုံး ၁၀ နှစ်အထိသာကျင့်သုံးနိုင်ပါသည်။ အစီအမံကျင့်သုံး ထားပြီးကုန်စည်အပေါ်တွင် နောက်တစ်ကြိမ် ကျင့်သုံးမည်ဆိုပါက မူလသက်တမ်း ကုန်ဆုံးပြီးနောက်အနည်းဆုံး ၂ နှစ်ရပ် နားပြီးမှသာလျှင် ထပ်မံကျင့်သုံးရပါမည်။

 (င)   သွင်းကုန်ပမာဏကန့်သတ်ခြင်း။     ကော်မတီသည် ထိခိုက်နစ်နာမှုကို ကုစားပေးရန် လုံလောက်သော ကျိုးကြောင်းဖော်ပြချက် တွေ့ရှိပါက စစ်ဆေးခြင်းခံရသည့် ကုန်စည်၏ လွန်ခဲ့သော ၃ နှစ်အတွင်း တင်သွင်းခဲ့သည့် ပျှမ်းမျှသွင်းကုန်ပမာဏအောက် လျော့နည်းသော ကန့်သတ် ပမာဏကို သတ်မှတ်နိုင်ပါသည်။ ထိုသို့ကန့်သတ်မည် ဆိုပါက စစ်ဆေးခြင်းခံရသည့် ကုန်စည်ကို တင်ပို့ရောင်းချခြင်းဖြင့် စီးပွားဖြစ်နေသော အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ဆွေးနွေးညှိနှိုင်း သဘောတူညီချက် ရယူရပါမည်။ အကယ်၍ သဘောတူညီချက် မရရှိပါကကော်မတီသည် အဆိုပါ နိုင်ငံများမှ လွန်ခဲ့သော ၃ နှစ်အတွင်း မြန်မာနိုင်ငံသို့ ယင်းကုန်စည်ကို တင်ပို့ရောင်းချခဲ့သည့် စုစုပေါင်းပမာဏ သို့မဟုတ်တန်ဖိုး၏ အချိုးပေါ်မူတည်၍ ကန့်သတ်ပမာဏကို ခွဲဝေသတ်မှတ်ရပါမည်။

(စ)    အသိပေးအကြောင်းကြားခြင်း။ ဦးစီးဌာနသည်ကော်မတီ၏ ဆုံးဖြတ်ချက်အရ စုံစမ်းစစ်ဆေးခြင်း မပြုပါက ထိုဆုံးဖြတ်ချက်ကို တင်ပြလျှောက်ထားသူများနှင့် အကျုံးဝင် ဆက်နွယ်သူများ ထံသို့လည်းကောင်း၊ စုံစမ်းစစ်ဆေးမှုစတင်မည့် ဆုံးဖြတ်ချက်ကို သင့်လျော်သော နည်းလမ်းဖြင့် အများပြည်သူသို့လည်းကောင်း၊ အပြီးသတ်ဆုံးဖြတ်ချက်ကို ယင်းကုန်စည် တင်ပို့သည့်နိုင်ငံများ၊ အကျုံးဝင်ဆက် နွယ်သူများနှင့် အများပြည်သူသို့လည်းကောင်း အသိပေး အကြောင်းကြားရပါမည်။ ကော်မတီသည် စုံစမ်းစစ်ဆေးမှု စတင်ရန်ဆုံးဖြတ်ခြင်း၊ ကာကွယ်ပေးမှုအစီအမံ တစ်ခုခုကိုကျင့်သုံးခြင်း၊ သက်တမ်းတိုးခြင်း (သို့မဟုတ်) ရပ်စဲခြင်းတို့နှင့် စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ကာကွယ်ပေးမှု ကော်မတီသို့ အကြောင်းကြား ပေးပို့ရပါမည်။

(ဆ)   နိုင်ငံတကာနှင့်ပတ်သက်၍လိုက်နာရမည့်တာဝန်များ။      ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ပြဋ္ဌာန်းထားသည့် သဘောတူညီချက်များဖြစ်သော ကုန်သွယ်မှုနှင့် အကောက်ခွန်ဆိုင်ရာ အထွေထွေ သဘောတူညီချက် (၁၉၉၄ ခုနှစ်) နှင့် ကာကွယ်ပေးမှု ဆိုင်ရာသဘောတူညီချက်များကို မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့်အညီ ကျင့်သုံးဆောင်ရွက်ရပါမည်။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ကွဲလွဲမှုများ ပေါ်ပေါက်လာပါက ယင်းသဘောတူညီချက် များပါ စည်းကမ်းချက်များအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်ရပါမည်။

 

ကုန်သွယ်မှု အခြေအနေ 

၆။       ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဒီဇင်ဘာလအထိ)  မြန်မာနိုင်ငံတွင်း သို့အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံ  ၉ နိုင်ငံအပါအဝင် နိုင်ငံစုစုပေါင်း  ၂၂၅ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ(၃၆.၇ ရာခိုင်နှုန်း)၊ လုပ်ငန်းသုံးပစ္စည်းများ (၃၈.၇ ရာခိုင်နှုန်း)၊ လူသုံးကုန် ပစ္စည်းများ (၂၄.၅ ရာခိုင်နှုန်း) စုစုပေါင်းသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၃၀၁.၃၇၄သန်း တင်သွင်းခဲ့ပါသည်။ သွင်းကုန်ပမာဏ တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၆၄၇၀.၉၈၁ သန်း (၃၂.၇၄ ရာခိုင်နှုန်း) အများဆုံးတင်သွင်းခဲ့ပြီး ဒုတိယမှာ စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၈၂၁၉.၈၀၈ သန်း (၁၆.၃၄ရာခိုင်နှုန်း) နှင့် တတိယမှာ ထိုင်းနိုင်ငံမှ အမေရိကန်ဒေါ်လာ ၆၂၇၄.၄၈၅ သန်း (၁၂.၄၇ ရာခိုင်နှုန်း) တင်သွင်းခဲ့ပါသည်။

၇။       မြန်မာနိုင်ငံမှ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံစုစုပေါင်း ၁၉၃ နိုင်ငံသို့ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှု ကုန်ချောပစ္စည်းများနှင့် အခြားပစ္စည်းများ စုစုပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၉၃၃၃.၉၈ သန်း  တင်ပို့ခဲ့သောကြောင့် ပို့ကုန်ထက်သွင်းကုန်ပမာဏ ပိုမိုများပြားနေပါသည်။

 

နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်

၈။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေး ပိုမိုကောင်းမွန် လာရန်အတွက် လုပ်ဆောင်လျက်ရှိရာမှာ ပို့ကုန်မြှင့်တင်ရေးကို အဓိကဦးစားပေးပြီး လုပ်ဆောင်လျက် ရှိပါသည်။ ပို့ကုန်ကဏ္ဍတွင် ယခုလက်ရှိ ပမာဏထက် သုံးဆအထိ တိုးတက်တင်ပို့နိုင်ရေးအတွက် အစိုးရသစ်အနေဖြင့် စီးပွားရေးမူဝါဒများချမှတ်၍ လုပ်ဆောင်လျက်ရှိပါသည်။ ယင်းသို့ လုပ်ဆောင်လျက်ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ဖြေလျှော့ပေးခြင်း၊ ကန့်သတ်ထားသော ပို့ကုန်အမယ်များကို ဖြေလျှော့ပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုဖွဲ့စည်းပြီး ကဏ္ဍအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းပေးလျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ကုန်သွယ်မှု အခြေအနေသည် ဘဏ္ဍာနှစ် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရပါသည်။

၉။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလိုငွေပြမှုများ လျော့နည်းစေရန်နှင့် ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်လာစေရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ထုံး လုပ်နည်းများဖြေလျှော့ခြင်း၊ ပုဂ္ဂလိကကဏ္ဍအား အားပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေးအားပေးခြင်း၊ GSP (Generalized Scheme of Preferences) ကဲ့သို့ ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ရရှိပြီး လုပ်ငန်းရှင်များ ပို့ကုန်ဈေးကွက် တိုးချဲ့တင်ပို့နိုင်ရေး ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

 

နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ချက်

၁၀။     မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုမှာ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း များဖြစ်သဖြင့် ပြည်ပနိုင်ငံများမှ သတ်မှတ်ပေါက်ဈေးထက် အဆမတန်လျော့ချကာ တင်သွင်း လာသော သွင်းကုန်ပမာဏမြင့်တက်လာမှုကြောင့် ထိခိုက်ခံနေရသော ပြည်တွင်းစီးပွားရေးလုပ်ငန်း များအပေါ် အကာအကွယ်ပေးသောဥပဒေကြမ်း (Safeguard Bill) ရေးဆွဲရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားပြု ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) တို့ဆွေးနွေးခဲ့ပါသည်။  ဈေးကွက်ပြိုင်ဆိုင်မှုများကြောင့် ထိခိုက်မှုများကို ကာကွယ်ပေးနိုင်မည့် အခွန်စည်းကြပ်သည့် စနစ်များနှင့် သွင်းကုန်စံနှုန်းများ သတ်မှတ်ခြင်းစသည့် လုပ်ငန်းစဉ်များ ဥပဒေကြမ်းတွင် ပါဝင်ရန်အတွက်လည်းကောင်း၊ ကာကွယ်ပေးသည့် စနစ်များချမှတ်ရာတွင် ပြည်တွင်း Value-added လုပ်ငန်းများကိုအားပေးသည့် သွင်းကုန်များကို အလေးထားသတ်မှတ်ပေးရန်၊ ပြည်တွင်းစားသုံးသူတို့၏ လိုအပ်ချက်ပေါ် မူတည်၍ ချိန်ညှိရန်နှင့် တိကျမှန်ကန်သော ဈေးကွက်သုတေသန အချက်အလက်များအပေါ် အခြေခံ၍ ဥပဒေရေးဆွဲ နိုင်ရန်လည်း ဆွေးနွေးခဲ့ကြပါသည်။ 

 

လွှတ်တော်ကိုယ်စားလှယ်၏အမြင်

၁၁။     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က  Safeguard Law နှင့်စပ်လျဉ်း၍ “ကုန်သွယ်မှု ဟန်ချက်ညီသော အခြေအနေတစ်ရပ် သို့မဟုတ် ကုန်သွယ်မှုလိုငွေကို လျှော့ချနိုင် ရန်အတွက် Safeguard Law ခေါ် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေကြမ်းကို ပြဋ္ဌာန်းရန်လိုအပ်ကြောင်း၊ သွင်းကုန်အပေါ်မှာ ကန့်သတ်မှုတွေရှိလာမယ်ဆိုရင် ဘာပဲပြောပြော ပြည်တွင်းထွက်ကုန်ပေါ်မှာ အားပေးလာနိုင်မယ်။ ပြည်သူကလည်း အရည်အသွေးရှိတဲ့ ပြည်တွင်းဖြစ်တွေကို အားပေးလာမယ်။ ဒါကြောင့် ဒီဥပဒေပြဋ္ဌာန်းမှာကို ကောင်းတယ်လို့မြင် တယ်”ဟု ပြောကြားခဲ့ပါသည်။ 

 

WTO ၏ သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့်ထိခိုက်နစ်နာမှုအပေါ်ကုစားမှု

၁၂။     သွင်းကုန်ပမာဏမြင့်တက်ခြင်းကို ကုစားမှုများအား (General Agreement on Tariffs and Trade – GATT) ၏ သဘာတူညီချက်အပိုဒ် ၁၉ တွင်ဖော်ပြထားပါသည်။ ယင်း သဘော တူညီချက်အရ အဖွဲ့ဝင်နိုင်ငံတစ်ခုသည် သွင်းကုန်ပမာဏ မြင့်တက်ခြင်းကိုကာကွယ်ရန် လျှောက် ထားနိုင်ပါသည်။ ၎င်းနိုင်ငံတွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းအရေအတွက် အလွန်များသည့် အတွက် ပြည်တွင်းတွင် ၎င်းပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း သို့တည်းမဟုတ် ၎င်းနှင့်ယှဉ်ပြိုင် ရောင်းချသည့် အလားတူကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းကို ပြင်းထန်စွာထိခိုက်စေကြောင်း ယူဆပါက လျှောက်ထားနိုင်ပါသည်။ အပိုဒ် ၉ တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူး ဆောင်ရွက်မှုနှင့် မတူညီသော ဆောင်ရွက်မှုများကို ဖော်ပြထားပါသည်။

 

နိုင်ငံအချို့တွင် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေနှင့် ပတ်သက်၍ ထိခိုက် နစ်နာမှုအပေါ် ကုစားမှုများ

၁၃။     နိုင်ငံအချို့တွင် သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ (Safeguard Law) နှင့် ပတ်သက်၍  ကုန်သွယ်ရေးဆိုင်ရာကုစားမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   အိန္ဒိယနိုင်ငံ။      အိန္ဒိယနိုင်ငံ၏ သွင်းကုန်ပမာဏမြင့်တက်ခြင်းကို ကုစားသည့် ဥပဒေနှင့် ပတ်သက်၍ ဥပဒေ၏ ပုဒ်မ ၈ (ခ) တွင် ဖော်ပြထားပါသည်။ ၁၉၉၇ ခုနှစ် တွင် ပြဋ္ဌာန်းသည့် သွင်းကုန်အပေါ်တွင် စည်းကြပ်ကောက်ခံသည့်အခွန်တွင် လုပ်ထုံး လုပ်နည်းများကို အသေးစိတ် ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် ၂၀၀၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သောဥပဒေ၏ပုဒ်မ ၈ (ဂ) နှင့် သွင်းကုန်အပေါ်တွင် စည်းကြပ်ကောက်ခံသည့် အခွန် (Transitional Products Specific Safeguard Duty) တို့တွင် တရုတ်နိုင်ငံ မှအိန္ဒိယနိုင်ငံသို့ တင်သွင်းလာသော ပစ္စည်းများကြောင့် ပြည်တွင်းထုတ်ကုန် လုပ်ငန်းကို ထိခိုက်စေခြင်းနှင့် ပတ်သက်၍ အသေးစိတ်ပြဋ္ဌာန်း ထားပါသည်။  ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Safeguard ဆောင်ရွက်ရန် WTO သို့ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ၁၆၂ ကြိမ်အကြောင်းကြားခဲ့ပြီး အိန္ဒိယနိုင်ငံမှ ၂၁ ကြိမ် (၁၂.၉၆ ရာခိုင်နှုန်း) အကြောင်းကြားခဲ့ပါသည်။  ထို့အတူ ၁၉၉၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Safeguard Duty ချမှတ်ရန်စုံစမ်း စစ်ဆေးခြင်းခံရသော နိုင်ငံပေါင်း ၅၁ နိုင်ငံမှ အမှုပေါင်း ၃၂၄ မှုရှိခဲ့ပြီး အိန္ဒိယနိုင်ငံမှ  ၄၃ မှု(၁၃.၂၇ ရာခိုင်နှုန်း) ရှိပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ အောက်တွင်ရှိသော ပြည်တွင်းအခွန်ဦးစီးဌာန၏ Safeguard ဆိုင်ရာ ဦးစီးဌာနသည် Safeguard Duty ချထားရေးနှင့်ပတ်သက်၍ တာဝန်ရှိပါသည်။ အိန္ဒိယနိုင်ငံ၏ ဥပဒေတွင် အိန္ဒိယနိုင်ငံအတွင်းသို့ တင်သွင်းလာ သော ကုန်ပစ္စည်းတစ်ခုသည် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းကို ထိခိုက်နိုင်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးပြီး ဗဟိုအစိုးရမှထိခိုက်မှု ရှိနိုင်သည်ဟုယူဆလျှင် နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းထုတ်ပြန်ပြီး ၎င်းပစ္စည်းအပေါ် အကောက်ခွန်ကောက်ခံ နိုင်ပါသည်။ Safeguard Duty ချထားခြင်းနှင့်ပတ်သက်၍ သွင်းကုန်အပေါ် အခွန်ကောက်ခံခြင်းကို ဆောင်ရွက်ရာတွင် မည်သည့်နေရာမှ တင်သွင်းလာသည် ဖြစ်စေ သွင်းကုန်အပေါ် အခွန်ကောက်ခံခြင်းကို ကောက်ခံဆောင်ရွက်ရပါမည်။

ကြိုတင်၍ သက်တမ်းတိုးထားခြင်းမှအပ သွင်းကုန်အပေါ် အခွန်ကောက်ခံခြင်းကို ၄ နှစ်အကြာ အထိသာ အကြုံးဝင်ပါသည်။ Safeguard ဆိုင်ရာဦးစီး ဌာနသည် သက်တမ်းတိုးရန်လို/မလိုကို စဉ်းစားသုံးသပ်ပြီးမှ တိုးမြှင့်ရပါမည်။ မည်သို့ပင် အခြေအနေရှိသည်ဖြစ်စေ Safeguard Duty ချထားခြင်းကို စတင်ချထားသည့်နေ့မှ ၁၀ နှစ်အထိသာ ဆောင်ရွက်ရမည်။  သက်တမ်းကို တစ်နှစ်ထက်ပို၍ တိုးမည်ဆိုလျှင် Safeguard ဆိုင်ရာဦးစီးဌာနက လိုအပ်လျှင်တိုး၍ ချမှတ်ရန် သဘောထားမှတ်ချက်ပြုနိုင်ပါသည်။

(ခ)    မလေးရှားနိုင်ငံ။       မလေးရှားနိုင်ငံတွင် ကုန်သွယ်မှုနှင့်ပတ်သက်သော ကုစားမှုများတွင် Safeguard သည် လူသိအများဆုံးဖြစ်ပါသည်။ Safeguard ဥပဒေသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်တွင် အသက်ဝင်ခဲ့ပါသည်။ စတင်ပြဋ္ဌာန်းချိန်တွင် ပြည်သူလူထု၏ စိတ်ပါဝင်စားမှု နည်းပါးခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစတင်၍ ၎င်းဥပဒေကို စတင်အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပါသည်။  ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ WTO သို့ Safeguard ဆောင်ရွက်ရန် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အကြောင်းကြားခဲ့ပြီး မလေးရှားနိုင်ငံမှ (၃) ကြိမ်             (၁၁.၁၁ ရာခိုင်နှုန်း) အကြောင်းကြားခဲ့ပါသည်။  ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ Safeguard Duty ချမှတ်ရန်  ၂၇ နိုင်ငံ မှ ၁၁၃ မှုအရေးယူဆောင်ရွက်ခဲ့ပြီး မလေးရှားနိုင်ငံမှ အရေးယူဆောင်ရွက်မှု ၅ မှု (၄.၄၂ရာခိုင်နှုန်း) ရှိပါသည်။

ဥပဒေပြုရေးရှုထောင့်မှကြည့်လျှင် Safeguard ဆိုင်ရာအရေးယူခြင်းနှင့် ပတ်သက်၍ WTO ၏ Safeguard ဆိုင်ရာသဘောတူညီချက်အရ ပြဋ္ဌာန်းထားပါသည်။ Safeguard ဆိုင်ရာအရေးယူခြင်းနှင့် ပတ်သက်၍ ပြည်တွင်းလုပ်ငန်းရှင်များမှ သော်လည်းကောင်း၊ အစိုးရမှသော်လည်းကောင်း စတင်ဆောင်ရွက်နိုင်ပါသည်။ Safeguard နှင့် ပတ်သက်သောအရေးယူခြင်းနှင့် ပတ်သက်၍ သွင်းကုန်တစ်ခုသည် သိသိသာသာမြင့်တက်လာဖို့ လိုအပ်ပါသည်။ ထို့နောက် ၎င်းတင်ပို့သည့် ပစ္စည်းသည် ပြင်းထန်စွာထိခိုက်စေသည် သို့မဟုတ် ပြင်းတန်စွာထိခိုက်မှုကို ဖြစ်စေရန် ခြိမ်းခြောက်နေကြောင်း ထင်ရှားရန်လိုအပ်ပါသည်။

စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေသည့် ပစ္စည်းတင်ပို့မှုမြင့်တက်ခြင်းမှလွဲ၍ အခြားသောပစ္စည်းများ တင်ပို့မှုကြောင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို ထိခိုက်မှုရှိလာလျှင် ထိုကုန်ပစ္စည်းများတင်ပို့မှု မြင့်တက်မှုကြောင့် ထိခိုက်ခြင်းသည် စုံစမ်းစစ်ဆေးရေးဆောင်ရွက်နေသော ကုန်ပစ္စည်းနှင့် ပတ်သက်ခြင်း မရှိစေရဟုဥပဒေတွင် ဖော်ပြထားပါသည်။

ပြည်တွင်းကုန်ထုတ်လုပ်ငန်းကို ထိခိုက်စေသည် သို့မဟုတ် ထိခိုက်စေရန် ခြိမ်းခြောက်နေသည်ဟု လုံလောက်သည့် အထောက်အထားရှိလျှင် အစိုးရသည် မည်သူတစ်ဦးတစ်ယောက်၏ တိုင်ကြားချက်မပါဘဲ အရေးယူမှုကို စတင်ဆောင် ရွက်နိုင်ပါသည်။ အရေးယူမှု စတင်ဆောင်ရွက် ကြောင်းကိုအများသိစေရန် ကြေညာရမည်။ အစိုးရ၏စုံစမ်းစစ်ဆေးခြင်းအပေါ် စိတ်ပါဝင်စားသူများ ဖြစ်သည့် ပြည်ပနိုင်ငံများမှ ပို့ကုန်ဆောင်ရွက်နေသူများ ၎င်းပစ္စည်းကို ထုတ်လုပ်နေသော ပြည်ပနိုင်ငံများမှ ထုတ်လုပ်သူများ ၎င်းပစ္စည်းကိုတင်သွင်းနေသော ပြည်တွင်း လုပ်ငန်းရှင်များ၊ ၎င်းပစ္စည်းကို တင်ပို့နေသော ပြည်ပနိုင်ငံ၏အစိုးရများ၊ပြည်တွင်း မှထုတ်လုပ်သူများနှင့် ၎င်းပစ္စည်းနှင့် ပတ်သက်၍ ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆောင်ရွက်နေသော မလေးရှားနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများသည် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ဆောင်ရွက်နိုင်ပါသည်။

စိတ်ပါဝင်စားသော အဖွဲ့အစည်းများအားလုံးသည် ၎င်းတို့၏ထင်မြင်ယူဆချက်နှင့် သက်သေ အထောက်အထားများကို ပြည်သူများအကြားတွင်ပြုလုပ်သော ကြားနာမှုများတွင် တင်ပြခွင့်ရှိပါသည်။ ထို့အပြင် စိတ်ပါဝင်စားသော အဖွဲ့အားလုံးသည် အခြားသောအဖွဲ့များ၏ စာဖြင့်ရေးသားတင်ပြချက် သို့မဟုတ် နုတ်ဖြင့်တင်ပြ ချက်များအပေါ်တွင် ပြန်လည်ချေပခွင့် သို့တည်းမဟုတ် Safeguard ဆိုင်ရာ အရေးယူဆောင်ရွက်မှုသည် အများပြည်သူ၏ အကျိုးစီးပွားနှင့် ပတ်သက်ခြင်းရှိ/မရှိ မှတ်ချက်ပြုခွင့် ရှိပါသည်။ ထို့နောက် အစိုးရသည် စုံစမ်းစစ်ဆေးမှုပြုလုပ်နေသော ပစ္စည်းအား မလေးရှားနိုင်ငံ အတွင်းသို့ အရေအတွက်များပြားစွာ တင်ပို့နေခြင်းသည် Safeguard အရ အရေးယူဆောင်ရွက် သင့်ခြင်းရှိ/မရှိ ပဏာမဆုံးဖြတ်ရပါမည်။

ပဏာမဆုံးဖြတ်ချက်အရ Safeguard ဖြင့်အရေးယူဆောင်ရွက်သင့်ခြင်း မရှိ ဟုတွေ့ရှိရလျှင် စုံစမ်းစစ်ဆေးခြင်းကိုရပ်တန့်ခြင်း သို့မဟုတ် ဆက်လက် စုံစမ်းစစ်ဆေးခြင်း ပြုလုပ်နိုင်ပါသည်။ မည်သို့ပင် ဆုံးဖြတ်ဆောင်ရွက်စေကာမူ ပဏာမဆုံးဖြတ်ချက်ကို စတင်ဆောင်ရွက်သည်မှ ရက်ပေါင်း (၉၀) အတွင်း သို့တည်းမဟုတ် ထပ်မံတိုးမြှင့်ခွင့်ပြုသည့် ရက်ပေါင်း ၃၀ အတွင်းဆုံးဖြတ်ချက် ချရပါမည်။ Safeguard ဖြင့်အရေးယူဆောင်ရွက်သင့်ကြောင်းတွေ့ရှိဆုံးဖြတ်လျှင် Safeguard ဆိုင်ရာယာယီအရေးယူဆောင်ရွက်မှုကို စတင်ဆောင်ရွက်နိုင်ပါသည်။ ထို ယာယီအရေးယူ ဆောင်ရွက်မှုသည် ရက်ပေါင်း (၂၀၀) ထက်မကျော်စေရ။ ထိုအချိန်သတ်မှတ်ချက် ရက်ပေါင်း (၂၀၀) သည် ၂၀၀၇ ခုနှစ်တွင်ထုတ်ပြန်သော Safeguard ဆိုင်ရာ နည်းဥပဒေအရ အပြီးသတ် ဆုံးဖြတ်ချက်ကို ရက်ပေါင်း ၂၀၀ အတွင်းချမှတ်ရမည်ဟူသော အချက်နှင့်ကိုက်ညီ လျှက်ရှိပါသည်။

အစိုးရသည် အပြီးသတ် ဆုံးဖြတ်ချက်ကို Safeguard အရအရေးယူဆောင် ရွက်သင့်သည် သို့မဟုတ် Safeguard အရအရေးယူဆောင်ရွက်ရန်မသင့်ဟု ဆုံးဖြတ်နိုင်ပါသည်။ Safeguard အရအရေးယူ ဆောင်ရွက်သင့်သည်ဟုဆုံးဖြတ် လျှင်စုံစမ်းစစ်ဆေးမှုပြုလုပ်သည့် ကုန်ပစ္စည်းအား အတိအကျ ဖော်ပြချက်၊ ပြင်းထန်စွာ ထိခိုက်မှုကိုဖြစ်စေသော အချက်များ၊ Safeguard အရအရေးယူ ဆောင်ရွက်မည့် အချိန်ကာလ၊ လျော့ပေါ့သက်သာခွင့်ပြုမည့် အချိန်သတ်မှတ်ချက်များ၊ Safeguard အရအရေးယူ ဆောင်ရွက်ခြင်းမှ ကင်းလွတ်မည့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စာရင်းများကိုလိုအပ်သည့် အခြားသော အချက်များနှင့်အတူ ဖော်ပြရပါမည်။

Safeguard ဆိုင်ရာဥပဒေတွင် သီးခြားဖော်ပြထားခြင်းမရှိသော်လည်း ယာယီဆုံးဖြတ်ချက် သို့မဟုတ် အပြီးသတ်ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုပြုလုပ်သော အာဏာပိုင်သည် ဥပဒေနှင့်မလျှော်ညီစွာ ဆုံးဖြတ်သည်၊  အကြောင်းမဲ့မဆင်မခြင်ဆုံးဖြတ်သည်၊ လုပ်ထုံးလုပ်နည်းနှင့် မညီစွာဆောင်ရွက် သည်ဟူသောအကြောင်းပြချက်ဖြင့် မကျေနပ်သူများမှ မလေးရှားနိုင်ငံရှိအမြင့်ဆုံး တရားလွှတ်တော်ချုပ်သို့ တိုင်ကြားနိုင်ပါသည်။

 

နိဂုံး

၁၄။     ပြည်ပကုန်သွယ်မှုတွင် ပို့ကုန်ပမာဏတစ်နေ့ထက်တစ်နေ့ များပြားလာပြီး လွယ်ကူလျင်မြန် ချောမွေ့စွာကူးသန်းမှု ပြုလုပ်နိုင်လျှင် နိုင်ငံ့စီးပွားရေးတိုးတက်လာမည် ဖြစ်ပါသည်။   သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အာဆီယံဒေသတွင်း နိုင်ငံများနှင့် သာမက အိမ်နီးချင်းနိုင်ငံများရှိ အစိုးရများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ကောင်းမွန်သော ရလဒ်များရရှိပြီး  ကုန်သွယ်မှုများ ပိုမိုတိုးတက်လာမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်ပမှ တင်သွင်းလာသော ကုန်စည်ပမာဏများပြား လာခြင်းကြောင့် ပြည်တွင်းရှိ အလားတူ ကုန်စည် ထုတ်လုပ်သူများ ထိခိုက်နစ်နာမှုကို အကာအကွယ်ပေးနိုင်မည့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်းအား လွှတ်တော်တွင်း တင်သွင်းဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များအတွက်   အထောက်အပံ့ဖြစ်စေရန် ရေးသားပြုစုတင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါက အရည်အသွေး ပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၂၆.၀၄.၂၀၁၉