Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်  ဂျပန်နိုင်ငံ၊ တရားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr. Hiroyuki TSUJI အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် ဂျပန်နိုင်ငံ၊ တရားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E.Mr. Hiroyuki TSUJI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင် ရွက်သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ပညာရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံအနေဖြင့် အစဉ်တစိုက် အားပေးကူညီ ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်း၊ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ  ၂၆ ရက်