Skip to main content

ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် ၂၀၁၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ အဓိကအချက်များအား လေ့လာခြင်း

 

ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် ၂၀၁၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ အဓိကအချက်များအား လေ့လာခြင်း

နိဒါန်း

၁။    ထိုင်းနိုင်ငံသည် စည်းမျဉ်းခံဘုရင်စနစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရအဆက်ဆက် ကလည်းကောင်း၊ မကြာခဏအာဏာသိမ်းမှုများဖြစ်ပေါ်၍ အာဏာသိမ်းအုပ်စုကလည်းကောင်း၊ ဖျက်သိမ်းပြုပြင်ရေးဆွဲခဲ့ရသည့် အခြေအနေများရှိခဲ့ပါသည်။  ထိုင်းနိုင်ငံသည် ၁၉၃၂ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ်အထိစစ်တပ်မှ အာဏာသိမ်းမှုပေါင်း (၂၁) ကြိမ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပေါင်း (၁၂) ခု  ပြင်ဆင်ပြောင်းလဲမှုများဖြစ်ပေါ်ခဲ့ပါသည်။  

 

ထိုင်းနိုင်ငံရေးသမိုင်း 

၂။    ထိုင်းနိုင်ငံသည် ယခင်ကပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့သောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သက်ဦးစံပိုင်ဘုရင်စနစ်၏ အားနည်းချက်များနှင့် ပြည်သူလူထုမှပညာတတ်များပေါများလာခြင်း ကြောင့် ရာမ (၇) ဘုရင်လက်ထက် ၁၉၃၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှစ၍ စစ်တပ်အရာရှိအချို့နှင့် အမတ်အချို့တို့ပူးပေါင်းပြီး ပြည်သူ့ပါတီစနစ်ထူထောင်ကာ ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းခဲ့ပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲအုပ်ချုပ်ခဲ့ပါသည်။ နိုင်ငံရေးတွင် စစ်တပ်နှင့်ဗျူရိုကရေစီယန္တရား ၏လွှမ်းမိုးမှုကိုခံခဲ့ရသော်လည်း လုပ်ငန်းရှင်များ၏ ထောက်ခံမှုများရှိခဲ့ပါသည်။ ၁၉၇၀ ပြည့်နှစ် များတွင် ဒီမိုကရေစီကိုစမ်းသပ်ကျင့်သုံးခဲ့ပြီး ဒီမိုကရေစီကျသောအဖွဲ့အစည်းများက အသာစီးရ လာပါသည်။ 

၃။     ၁၉၈၈ ခုနှစ်တွင် ချတ်ထိုင်းပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ချတ်တီချိုင်းချူဟာဝမ် (Chatichai Choonhavan)သည် ပထမဆုံးသော ဒီမိုကရေစီစနစ်အရ ရွေးချယ်ခံရသော ဝန်ကြီးချုပ်ဖြစ်လာ ပါသည်။ သုံးနှစ်အကြာတွင် သွေးမြေမကျသော အာဏာသိမ်းမှုဖြစ်ခဲ့ပါသည်။ အာဏာသိမ်းပြီး မကြာခင်  ဘုရင်ကခန့်အပ်သောလုပ်ငန်းရှင်နှင့်သံတမန်ဟောင်းဖြစ်သူ အာနန်ပန်ယာချွန်(Anand Panyarachun) ဦးဆောင်သည့် အရပ်သားအများစု ပါဝင်သော ကြားဖြတ်အစိုးရတက်ခဲ့ပြီး ရွေးကောက်ပွဲပြုလုပ်ပေးရန် ကတိပေးခဲ့ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲကျင်းပပြီးသောအခါယခင် တပ်မတော်၏အကြီးအကဲဖြစ်ခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးဆူချင်ဒါကရာပရာယွန်း(Suchinda Kraprayoon) ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပါသည်။ ဝန်ကြီးချုပ် ဆူချင်ဒါလက်ထက်တွင် ဆန္ဒပြမှုဖြစ် ပေါ်ခဲ့ပြီး စစ်တပ်က အဓိကရိုဏ်း နှိမ်နင်းမှုကြောင့် ဆူပူမှုများဖြစ်ပေါ်ခဲ့ပါသည်။ ဘုရင်က အစိုးရ နှင့်အတိုက်အခံများကြား ဝင်ရောက်ဖျန်ဖြေရာမှ ဝန်ကြီးချုပ်ဆူချင်ဒါ နှုတ်ထွက်ပေးခဲ့ရပြီး အာနန်ပန်ယာချွန်ကြားဖြတ် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ကြားဖြတ်အစိုးရဖြစ်ခဲ့ပါသည်။  ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲတွင် ချွမ်လိပိုင်(Chuan Leekpai)ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ ကအနိုင်ရခဲ့ပါသည်။ ၁၉၉၅ ခုနှစ် တွင် ချတ်ထိုင်းပါတီမှ ဘန်ဟန်းဆီလ်ပါအာချာ (Banharn Silpa-archa) အစိုးရတက်လာခဲ့ပါသည်။ ၁၉၉၆ ခုနှစ် နယူးအက်စ်ပရေးရှင်းပါတီမှ ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဒ် (Chavalit Yongchaiyuh) ညွှန့်ပေါင်းအစိုးရအဖွဲ့ တက်လာပါသည်။ 

၎။    ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလရွေးကောက်ပွဲတွင် ထိုင်းရတ်ထိုင်းပါတီခေါင်းဆောင် သက်ဆင် ရှင်နာဝပ် (Thaksin Shinawartra)ဦးဆောင်သော ညွှန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။  ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ် လက်ထက်တွင် ဆင်းရဲသားများ၊ လယ်သမားများအတွက်အကျိုး ရှိစေမည့်အစီအစဉ်များကိုအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။  ၂၀၀၅ ခုနှစ် ရွေးကောက်ပွဲ တွင်လည်း သက်ဆင်ရှင်နာဝပ်၏ ထိုင်းရတ်ထိုင်းပါတီက အပြတ်အသတ်အနိုင် ရရှိခဲ့ပါသည်။   

၅။    ၂၀၀၄ ခုနှစ်အစောပိုင်း ကာလများတွင် ထိုင်းနိုင်ငံတောင်ပိုင်း မွတ်ဆလင်များ ထကြွမှုဖြစ်ကာ စစ်ဘက်မှစစ်အုပ်ချုပ်ရေး ဖြစ်ခဲ့ပါသည်။ အဆိုပါ ထကြွမှုသည် ၂၀၀၅ ခုနှစ်တွင်လည်း ဆက်လက်ဖြစ်ပွားကာဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်မှကိုင်တွယ်ဖြေရှင်းရန်အာဏာများပိုမိုရယူခဲ့ပါသည်။  ၂၀၀၆ ခုနှစ်တွင် သက်ဆင်ရှင်နာဝပ်ကိုဆန့်ကျင်သော နိုင်ငံရေးအုံကြွမှုများ ဖြစ်ပေါ်ခဲ့ပါသည်။  သက်ဆင်ရှင်နာဝပ်မှ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန်ကြိုးပမ်းမှုကြောင့် လူထုအုံကြွမှု ဖြစ်ပေါ် ကာရွေးကောက်ပွဲကိုပြန်လည်ဖျက်သိမ်းခဲ့ရပါသည်။ ၂၀၀၆ ခုနှစ်တွင် သက်ဆင်ရှင်နာဝပ် ကုလသမဂ္ဂ အစည်းအဝေးတက်ရောက် နေချိန်တွင် စစ်ဘက်မှသွေးမြေမကျသော အာဏာသိမ်းမှု ဖြစ်ခဲ့ပါသည်။ 

၆။    ၂၀၀၇ ခုနှစ်တွင် စစ်ဘက်ကောင်စီက ခန့်အပ်သောကော်မတီ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းနှစ်တွင် ဖြုတ်ချခြင်းခံရသော သက်ဆင်ရှင်နာဝပ်၏ပါတီသည် ပိတ်ပင်ခံခဲ့ရပါသည်။ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် အထွေထွေရွေးကောက်ပွဲပြုလုပ်ခဲ့ရာ သက်ဆင်၏ပါတီဟောင်းကို ကိုယ်စားပြု သောပါတီသစ်ဖြစ်သည့် People Power Party(PPP)သည် အပြတ်အသတ်အနိုင်ရခဲ့ပါ သည်။  ထို့နောက် အရပ်ဘက်အုပ်ချုပ်ရေးကိုပြန်လည်ရောက်ရှိခဲ့ပြီး သက်ဆင်ရှင်နာဝပ်နှင့် နီးစပ်သော ဆန်မက်ဆူဒါရာဗန်ဂျီ (Samak Sundaravej)ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သက်ဆင် ရှင်နာဝပ်သည် ပြည်နှင် ဒဏ်ခံရမှုမှ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ 

၇။    ထို့နောက် ၂၀၀၈ ခုနှစ်တွင် သက်ဆင်ရှင်နာဝပ်သည် ၎င်းအားစွဲဆိုထားသော လာဘ်စား မှုအား တရားရင်မဆိုင်လိုသဖြင့် ဗြိတိန်နိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် အစိုးရ ဆန့်ကျင်သော လူထုအုံကြွမှုပြန်လည်ဖြစ်ပေါ်လာပြီး ဆန်မက်ဆူဒါရာဗန်ဂျီ ဖြုတ်ချခံရကာ ဆွန်ချိုင်းဝန်ဆာဝပ် (Somchai Wongsawat ) ကဝန်ကြီးချုပ်သစ်အဖြစ် ပါလီမန်ကရွေးချယ်ခဲ့  ပါသည်။ ယင်းနှစ်တွင် ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ကိုထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲလိမ်လည်မှု၊ ခေါင်းဆောင် ဟောင်းကို ကာကွယ်ပေးမှုကြောင့် ဆွန်ချိုင်းအားတရားရုံးချုပ်မှ စွပ်စွဲအရေးယူခဲ့ပြီး နိုင်ငံရေး လုပ်ခွင့် (၅) နှစ် ပိတ်ပင်ခဲ့ပါသည်။ ထို့နောက် အဘီဆစ်ဘာဂျာဂျီဘာ(Abhisit Vejjajiva)အား ဝန်ကြီးချုပ် အဖြစ်ခန့်အပ်ခဲ့ပါသည်။ 

၈။    ၂၀၀၉ ခုနှစ်တွင် သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသောလူထုအုံကြွမှုများ၊ အစိုးရ၏ စီးပွားရေးမူဝါဒကို ဆန့်ကျင်သော အုံကြွမှုများဖြစ်ပေါ်လာခဲ့ပါသည်။  အင်အားစုအချို့သည် အာဆီယံထိပ်သီး အစည်းအဝေးကို ဆန့်ကျင်ခဲ့သည်။  ထို့နောက် အဘီဆစ်သည် တပ်စုတစ်စုကို ဘန်ကောက်သို့ စေလွှတ်ပြီး ဆန့်ကျင်ကန့်ကွက်သူများကို နှိမ်နင်းခဲ့ရာ လူ ၁၂၀ ခန့်ဒဏ်ရာ ရခဲ့ပါသည်။ ဤနေရာတွင် ကမ္ဘောဒီးယားသည် သက်ဆင်ရှင်နာဝပ်ကိုထောက်ခံပြီး ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးအကြံပေးအဖြစ်ခန့်အပ်ခဲ့၍ နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှု ဖြစ်ပေါ်ခဲ့ပါသည်။ သက်ဆင် ရှင်နာဝပ်ကိုထောက်ခံသူများ ကရွေးကောက်ပွဲ ကျင်းပပေးရန် တောင်းဆိုခဲ့ကြသည်။ 

၉။    ၂၀၁၀ ပြည့်နှစ်တွင် သက်ဆင်ရှင်နာဝပ်၏ပိုင်ဆိုင်မှုတစ်ဝက်ခန့်ကို တရားရုံးချုပ်က သိမ်းယူ ခဲ့ပါသည်။ ၎င်းလက်ထက်တွင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကို လာဘ်စားခဲ့ကြောင်း အကြောင်းပြ၍ဖြစ်ပါသည်။  ၂၀၁၀ ပြည့်နှစ်၊ မတ်လနှင့်မေလတွင် သက်ဆင်ရှင်နာဝပ်ကိုထောက်ခံ သူများက အကြီးအကျယ် ဆန္ဒပြမှုများဖြစ်ပွားပြီး အဘီဆစ်နှုတ်ထွက်၍ ရွေးကောက်ပွဲကျင်းပရန် ဖိအားပေးမှုများ ဖြစ်လာခဲ့ပါသည်။ စစ်တပ်မှနှိမ်နင်းရာတွင် သွေးထွက်သံယိုများ ဖြစ်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လတွင် ကမ္ဘောဒီးယားနိုင်ငံမှ သက်ဆင်ကို စီးပွားရေးအကြံပေးအဖြစ် မခန့်အပ်တော့သည့်အတွက် ထိုင်းနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံပြန်လည်ရင်းနှီးလာခဲ့ပါသည်။ 

၁၀။    ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲတွင် သက်ဆင်ရှင်နာဝပ် ကိုထောက်ခံသော Pheu Thai Party ကအကြီးအကျယ်အောင်မြင်မှုရရှိခဲ့ပြီး သက်ဆင်ရှင်နာဝပ် ၏ညီမ ယင်လပ်ရှင်နာဝပ် (Yingluck Shinawatra)က ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါသည်။  ယင်လပ်အစိုးရသည် Pheu Thai Party ကြီးစိုးရာ ထိုင်းမြောက်ပိုင်းတွင် လယ်သမားများထံမှဆန်ကို အစိုးရမှ စိုက်ထုတ်အရှုံးခံ ကာဝယ်ပေးမှုကြောင့် အစိုးရသည် ကြွေးမြီတင်လာခဲ့ပြီး ဆန်ဈေးကြီးကာ ကမ္ဘာ့ဆန်တင်ပို့မှု ပထမတန်းနိုင်ငံမှ လျော့ကျသွားခဲ့ပါသည်။

၁၁။    ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ယင်လပ်အားဆန့်ကျင်သောရှပ်ဝါအင်အားစုများသည် ပါလီမန် အားပိတ်ဆို့၍ ယင်လပ်၏ (၆) နှစ်ကြာတင်းမာမှုကိုအဆုံးသတ်နိုင်မည့် အမျိုးသားရင်ကြားစေ့ရေး ညှိနှိုင်းမှုအစီအစဉ်အား ကန့်ကွက်ဆန္ဒပြခဲ့ပါသည်။ ဆန့်ကျင်သူများသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ကို စိုးရိမ်ခဲ့ကြသည်။ ဆန္ဒပြမှုများပြင်းထန် လာသောကြောင့် ရဲတပ်ဖွဲ့ကယင်လပ်ကို ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့သည်။ ရှပ်ဝခေါင်းဆောင် သည် ဗိုလ်ချုပ်ကြီးဟောင်း ဘွန်လပ်ဖြစ်ပြီး ၎င်းက ယင်လပ်ကို အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် ၏ ရုပ်သေးအစိုးရဟုစွပ်စွဲခဲ့ပါသည်။

၁၂။    ၂၀၁၃ ခုနှစ်တွင် မွတ်စလင်ခွဲထွက်ရေး သမားများနှင့် (၅) နှစ်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခဲ့ပါ သည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံရေးအရ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းတင်သွင်း ရန်ကြိုးစားမှုကြောင့် လူထုအုံကြွမှုတစ်ခု ဖြစ်ခဲ့ပါသည်။ ၎င်းဥပဒေကြမ်းသည် သက်ဆင်ရှင် နာဝပ် ပြန်လာစေရန်ရည်ရွယ်ချက် ဖြစ်သည်ဟုအကြောင်းပြစေပါသည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ စောစီးစွာပြုလုပ်ရန် ယင်လပ်၏ အဆိုပြုလွှာအား ပယ်ချခဲ့ပြီး ၎င်းကိုလည်း ရာထူး မှဆင်းပေးရန် တောင်းဆိုခဲ့မှုများဖြစ်ပွားခဲ့ပါသည်။ 

၁၃။    ၂၀၁၄ ခုနှစ်၊ မေလတွင် လုံခြုံရေးဆိုင်ရာအကြံပေးခန့်အပ်ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကတရားဥပဒေနှင့် မညီဟုဆိုကာ ယင်လပ်နှင့်ဝန်ကြီးအချို့အား ရာထူးမှ ဆင်းရန် အမိန့်ပေးခဲ့ပါသည်။ ထို့နောက် စစ်ဘက်မှအာဏာသိမ်းယူခဲ့ပါသည်။ စစ်တပ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှုကိုလည်း ထောက်ခံခဲ့ပါသည်။ ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) မှ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါသည်။ 

၁၄။    ၂၀၁၆ ခုနှစ်၊ သြဂုတ်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန္ဒမဲပေးထောက်ခံ အတည်ပြုခဲ့ ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘုရင်ဘူမိဘောအဒူယာဒက်ဂ်ျ (King Bhumibol Adulyadej)နတ်ရွာစံခဲ့ပြီး ဒီဇင်ဘာလတွင် အိမ်ရှေ့မင်းသား မဟာဗာဂျီလာလောင်ကွန်း(Maha Vajiralongkorn) ဘုရင်ဖြစ်လာကာ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် စစ်ဘက်က ရေးဆွဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘုရင်အသစ်က လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နေ့တွင်ဝန်ကြီးချုပ်ဟောင်းများဖြစ်သူသက်ဆင်ရှင်နာဝပ်နှင့်ယင်လပ်တို့ကိုထောက်ခံသည့်သူများ က မဟာမိတ်ဖွဲ့၍ပါတီသစ်တစ်ခုကို ဖွဲ့စည်းခဲ့ပါသည်။  

၁၅။    ထိုင်းနိုင်ငံကို စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်သို့ ပြန်သွားရေးအတွက် အသစ်ပြဋ္ဌာန်း ထားသော အခြေခံဥပဒေအရ ရွေးကောက်ပွဲကို  ကျင်းပရမည်ဖြစ်ပါသည်။  ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှ မေလ ၅ ရက်ကြားကျင်းပပေးမည်ဟု ဒုတိယဝန်ကြီးချုပ် ဝီဆနုခရာနမ် (Wissanu Krea-ngam)က ပြောကြားခဲ့ပါသည်။  ထိုင်းနိုင်ငံအစိုးရသည် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို အနည်းဆုံး ၅ ကြိမ်ခန့်ရွှေ့ဆိုင်းခဲ့ပြီး ထပ်မံရက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။ မေလ ၄ ရက်တွင် ပြုလုပ်မည့် ဘုရင်သစ်မဟာဗာဂျီလာလောင်ကွန်း၏ နန်းတက်ပွဲ အတွက်ပြင်ဆင်နေမှုများကြောင့် ဖေဖော်ဝါရီလတွင်ကျင်းပမည့် ရွေးကောက်ပွဲကို ရက်ရွှေ့ရခြင်းဖြစ် ကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့ပါသည်။  သို့သော် နောက်ဆုံးတွင် ရွေးကောက်ပွဲကျင်းပမည့် ရက်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်ကျင်းပရန်ကြေညာလိုက်ပြီး ယင်းသို့ သတ်မှတ်ခဲ့ခြင်းမှာ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော်အမတ်များအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ် များလုပ်ဆောင်နိုင်ရန်အတွက်ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါသည်။  

၁၆။     ထိုင်းနိုင်ငံတွင် အုပ်ချုပ်ရေးစနစ်များ အမျိုးမျိုးပြောင်းလဲ ဖြစ်ပေါ်ခဲ့မှုကို ပြန်လည် သုံးသပ်ရလျှင် ၁၉၃၂ ခုနှစ် မတိုင်မီအထိသက်ဦးဆံပိုင်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်၊ ၁၉၃၂ ခုနှစ်မှ ၁၉၅၇ ခုနှစ် အထိဗျူရိုကရက်များ၊ နိုင်ငံရေးသမားများနှင့် စစ်ဘက်မှအဓိက ဦးဆောင်သော ဒီမိုကရက်တစ်နှင့် အာဏာရှင်ရောပြွန်းအုပ်ချုပ်ရေးစနစ်များ၊ ၁၉၅၃ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဗျူရိုကရက်နှင့်စစ်ဘက်အဓိကလွှမ်းမိုးသောဗျူရိုကရက်လုပ်ငန်းစဉ်၊ ၁၉၇၃ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိပြည်သူကိုမဏ္ဍိုင်ထား၍ နိုင်ငံရေးသမားများနှင့် ပုဂ္ဂလိကကဏ္ဍ အဓိကပါဝင်သော ဒီမိုကရေစီ စနစ်၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဗျူရိုကရက်များ ပါဝင်လာပြီး တစ်ဝက်တစ်ပျက်ဒီမိုကရေစီ ရရှိသောကာလ၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ် အထိနိုင်ငံရေးသမားများနှင့် ပြည်သူအဓိက ပါဝင်သောနိုင်ငံရေးနှင့် အုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုခေတ်၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဒီမိုကရေစီနှင့် အများကြိုက်ဝါဒ လွှမ်းမိုးသောကာလ၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နယ်ပယ် အားလုံး လူထုလူတန်းစား အားလုံးပါဝင် ပါတ်သက်ခံရသည့် ဒီမိုကရေစီနှင့်ပဋိပက္ခများ ရောပြွန်းသောကာလ၊ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ စစ်ဘက်မှလွှမ်းမိုးသော ကာလများဟူ၍ သတ်မှတ်နိုင်ပါသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးကိုလေ့လာကြည့်ပါက စစ်ဘက်မှမကြာခဏ အာဏာသိမ်းခြင်း၊ အတိုက်အခံများ၏ ဝေဖန်တိုက်ခိုက်မှုဖြင့် အစိုးရအဖွဲ့မှ မကြာခဏ ပြောင်းလဲခြင်း၊ လာဘ်စားမှုဖြင့် မကြာခဏ ဝေဖန်ခံရခြင်း စသည်တို့ကို တွေ့ရှိရပါသည်။

 

ထိုင်းနိုင်ငံလွှတ်တော်

၁၇။    ထိုင်းနိုင်ငံသည် လွှတ်တော်စနစ်ကို ကျင့်သုံးပါသည်။ ယခုလက်ရှိတွင် ၂၀၁၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်အရ အထက်လွှတ်တော်နှင့်အောက်လွှတ်တော် ၂ ရပ်ပေါင်းကို ဥပဒေပြု ရေးလွှတ်တော်တစ်ရပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်ပညာရှင် ၂၅၀ ဦးပါဝင် ဖွဲ့စည်းထားပါသည်။ ၎င်းတို့အား အမျိုးသားငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကောင်စီ (The National Council for Peace and Order- NCPO) ၏အကြုံပြုချက်ဖြင့် ဘုရင်က အတည်ပြုခန့်အပ်ပါသည်။  

(က)    အောက်လွှတ်တော်။         ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော် အတွက် ၄ နှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပ၍ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၅၀၀ ဦးမှ ၃၅၀ ဦးကို မဲဆန္ဒနယ်မြေအပေါ် မူတည်၍ ရွေးကောက် တင်မြှောက်သော အနိုင်ရသူအကုန်ယူစနစ် (First Past The Post-FPTP) ဖြင့်လည်းကောင်း၊  လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဦးကို ပါတီအပေါ် မူတည်၍ ရွေးကောက်တင်မြှောက်သော အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) ဖြင့်လည်းကောင်း ရွေးကောက်တင်မြှောက်ရမည် ဖြစ်ပါသည်။ 

(ခ)    အထက်လွှတ်တော်။                 ၅ နှစ်တာဝန်ထမ်းဆောင်မည့် အထက်လွှတ်တော် ကိုယ်စားလှယ် ၂၅၀ ဦးအတွက်  ရွေးချယ်ရေးအဖွဲ့ဝင် ၁၂ ဦးပါဝင်သော အထက် လွှတ်တော် ရွေးကောက်ပွဲကော်မရှင် (Senate Election Commission) မှ ရွေးချယ် ရန်လျှောက်ထားသူ ၄၀၀ ဦး၏အမည်စာရင်းကို NCPO သို့ တင်ပြရပါမည်။ NCPO က၎င်း ၄၀၀ ဦးအနက်မှ ၁၉၄ ဦးကိုရွေးချယ်ရပါမည်။ ထို့နောက် ရွေးကောက်ပွဲကော်မရှင်(Election Commission) မှလျှောက်တားသူ ၂၀၀ ဦး၏ အမည်စာရင်းအား NCPO သို့အမည်စာရင်း တင်သွင်းပြီး ရွေးကောက်ပွဲ မတိုင်ခင် ၁၅ ရက်အတွင်း NCPO က ၅၀ ဦးရွေးချယ်ရပါသည်။ ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ လက်ရှိတာဝန် ထမ်းဆောင်နေသည့် ကြည်း၊ ရေ၊ လေဦးစီးချုပ်များနှင့်ရဲချုပ်   ၁ ဦးစီ၊ စုစုပေါင်း (၆) ဦးအား ဘုရင်၏ အတည်ပြုချက်ဖြင့်  ခန့်အပ်မည် ဖြစ်ပါသည်။    

၁၈။    ထိုင်းနိုင်ငံလွှတ်တော်သည် ၁၄-၁၂-၂၀၁၈ ရက်နေ့ထိ အစည်းအဝေး အကြိမ်ပေါင်း (၄၀) ကြိမ် ကျင်းပပြီးဖြစ်ပြီး ဥပဒေကြမ်းများရေးဆွဲခြင်း အဆင့်ဆင့်လုပ်ငန်းစဉ်များ၊ ဥပဒေရေး ဆွဲပြီးနောက် ပြန်လည်သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။  

 

ပြည်သူ့ရေးရာအုပ်ချုပ်မှုစနစ်

၁၉။    ထိုင်းနိုင်ငံတွင် နိုင်ငံရေး Institution (၃) ခု နှင့် လွတ်လပ်သောအဖွဲ့အစည်းများ ဖွဲ့စည်း ထားရှိပြီး ၎င်းတို့မှာ-
(က)    အစိုးရမဏ္ဍိုင်တွင် ဗဟို၊ ဒေသဆိုင်ရာနှင့် မြို့နယ်အဆင့်ဆိုင်ရာ အုပ်ချုပ်မှု အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားရှိခြင်း၊
(ခ)    ပါလီမန်တွင် House of Representatives နှင့် Senate ဟူ၍ (၂) ရပ်ထားရှိခြင်း၊ 
(ဂ)    တရားရေးမဏ္ဍိုင်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ တရားရုံးချုပ်များ၊ ဒေသန္တရအုပ်ချုပ်မှု တရားရုံးများ၊ စစ်ဘက်တရားရုံးများပါဝင်ခြင်း၊
(ဃ)    လွတ်လပ်သောအဖွဲ့အစည်းများအဖြစ် ရွေးကောက်ပွဲကော်မရှင်၊ အစိုးရအပေါ် ပြည်သူများ၏ မကျေနပ်ချက်များကို စုံစမ်းစစ်ဆေးရေးအဖွဲ့(Ombudsmen)၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊စာရင်းစစ်ကော်မရှင်နှင့်ရှေ့နေချုပ်ရုံးတို့ပါဝင်ခြင်းစသည်တို့ဖြစ်ပါသည်။ 

 

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါဝါထိန်းညှိခြင်း

၂၀။    ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါဝါထိန်းညှိခြင်းနှင့်စပ်လျဉ်း၍
(က)    ဒီမိုကရေစီစနစ်ဟူသည် ဒီမိုကရေစီနည်းကျစွာဖြင့် နိုင်ငံရေးစင်မြင့်တွင်ပါဝင်သူ 
အားလုံး၏နိုင်ငံရေးပါဝါကိုထိန်းညှိထားနိုင်ရပါမည်။
(ခ)    ပြည်သူ့ရေးရာမူဝါဒချမှတ်ရာတွင် ကဏ္ဍအားလုံးသည် တရားမဲ့ဖိအားပေးမှုကိုရှောင်ကျဉ်ပြီး၍အာဏာရှင်ဆန်မှုမရှိဘဲ ညှိနှိုင်းစေ့စပ်သည့်နည်းလမ်းကို အသုံးပြု ကြရပါမည်။
(ဂ)    ပြည်သူ့ကိုယ်စားလှယ်များကိုရွေးကောက်ပွဲစနစ်ဖြင့်ရွေးကောက်တင်မြှောက်ရမည် ကိုအသိအမှတ်ပြုရပါမည်။
(ဃ)    နိုင်ငံရေးသမားအားလုံးနိုင်ငံရေးတွင်တက်တက်ကြွကြွပူးပေါင်းပါဝင်ရပါမည်။    

၂၁။    ဒီမိုကရေစီစနစ်၌ နိုင်ငံရေးပါဝါထိန်းညှိရာတွင် နိုင်ငံသားများ၊ ကော်ပိုရေးရှင်းအဖွဲ့အစည်း များ၊ အစိုးရ၊ နိုင်ငံရေးသမားများသည် ဘက်ညီမျှတမှုရှိရပါမည်။ အကယ်၍ကော်ပိုရေးရှင်း အဖွဲ့အစည်းများနှင့် အစိုးရကခိုင်မာအားကောင်းပြီး နိုင်ငံသားနှင့် နိုင်ငံရေးသမားများ၏ အခွင့်အာဏာ အားနည်းနေပက လက်ညီမျှတမှုလျော့နည်းနိုင်ပါသည်။ 

 

ကမ္ဘာတွင် ဒီမိုကရေစီစံနှုန်းများလျော့နည်းလာသည့်အခြေအနေ

၂၂။     World Democracy Report ၏ Economist Intelligence Unit- EIU Democracy Index အရ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစံနှုန်းလျော့ကျသွားသည့် နိုင်ငံပေါင်း(၈၉) နိုင်ငံရှိပြီး ထိုင်းနိုင်ငံသည် ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံပေါင်း ၁၆၇ နိုင်ငံရှိသည့်အနက် အဆင့် (၁၀၆)၊ Score ၄.၆၃ ဖြင့် ရပ်တည်နေပါသည်။ Score များလာခြင်းသည် ဒီမိုကရေစီစံနှုန်း ကောင်းမွန်လာ ခြင်းဖြစ်ပါသည်။ ဒီမိုကရေစီကျင့်သုံးလျှက်ရှိသည့် နိုင်ငံများတွင် ဒီမိုကရေစီပြည့်ပြည့်ဝဝ ရရှိရန် Institution များကို ဒီမိုကရေစီစံနှုန်းနှင့်အညီ ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်ကို ပြသနေပါသည်။ လက်ရှိကာလဒီမိုကရေစီ၏ ဦးတည်ချက်များဖြစ်သည့် သွေးစည်းညီညွတ်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှုဟူသည့် သဘောတရားများ လျော့နည်းလာပြီး လူမှုရေးပဋိပက္ခများ၊ ပုန်ကန်ထကြွမှုများ၊ ငွေကြေးဖြုန်းတီးမှုများ၊ ပြည်သူလူထုကို ကိုယ်စားပြုသည့် အစိုးရများ နည်းပါးမှုများနှင့် အစိုးရများ၏အာဏာရှင်ဆန်မှုများ ရှိလာသည်ကို တွေ့ရမည် ဖြစ်ပါသည်။ 

၂၃။    ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံများသည် အကူအညီအထောက်အပံ့များကို ပိုမိုလိုအပ် သည့်အလျှောက် နိုင်ငံရေးယဉ်ကျေးမှုနှင့် အဖွဲ့အစည်းများ ဒီမိုကရေစီနှင့် အသားမကျ သေးခြင်းက အာဏာရှင်စနစ်သို့ ပြန်လည်တိမ်းညွတ် နိုင်ပါသည်။ ဒီမိုကရေစီနိုင်ငံများ ကျရှုံးရခြင်းကို လေ့လာလျှင် အာဏာခွဲဝေမှု အားနည်းခြင်း၊ ကြွယ်ဝချမ်းသာမှု မမျှတခြင်း၊ သဘာဝအရင်းအမြစ် ထိန်းသိမ်းမှုနည်းပါးခြင်း၊ ပြည်သူများ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ဆန်းသစ်ဆောင်ရွက်ရန်အတွက် အခွင့်အလမ်းမရရှိခြင်းတို့ကြောင့် ကျရှုံးရခြင်း ဖြစ်ပါကြောင်း တွေ့ရှိရပါသည်။ ထိုအခွင့်အရေးများကို နိုင်ငံရေးအာဏာ ရယူထားသည့် သူများနှင့်ပတ်သက် ဆက်နွယ်သူများသာ ရယူနေကြခြင်းကြောင့်ဖြစ်ပါသည်။ 

 

ဖွဲ့စည်းပုံအခြေခံဥပဒေများကို နှိုင်းယှဉ်လေ့လာခြင်း

၂၄။     ယခင်ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေများနှင့် ၂၀၁၇ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အောက်ပါအတိုင်း နှိုင်းယှဉ်တင်ပြ အပ်ပါသည်-
(က)    ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ။        ၁၉၉၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် နိုင်ငံရေးပါတီအားလုံးကို ရည်ရွယ်၍ ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး ယင်းဥပဒေအရ-
(၁)    အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ၂ ရပ်ထားရှိခြင်း၊
(၂)    ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဖွဲ့စည်းခြင်း၊
(၃)    လွတ်လပ်သောအဖွဲ့အစည်းများနှင့်  နိုင်ငံရေးသမားများသည်နိုင်ငံရေးတွင် တည်တည်ငြိမ်ငြိမ်ဖြင့်သိမ်မွေ့စွာထိန်းချုပ်နိုင်စွမ်းရှိခြင်း၊
(၄)    ဒေသန္တရအစိုးရများဖွဲ့စည်းထားရှိခြင်း၊
(၅)    နိုင်ငံတော်၏မူဝါဒ၏စည်းမျဉ်းစည်းကမ်းများလမ်းညွှန်ချက်(ဖွံ့ဖြိုးရေး စီမံချက်၊ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း၊ ပြည်သူပါဝင်မှု)ပေးနိုင်ခြင်း စသည်တို့ပါဝင်ပါသည်။ 

(ခ)    ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ။           ၂၀၀၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ၁၉၉၇ ခုနှစ်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကဲ့သို့ ပင်မယန္တရားကြီးများ ပါဝင်သော်လည်း ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ ဖွဲ့စည်းမှုကဏ္ဍ ပါဝင်ခြင်းမရှိပေ။ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပင်မယန္တရားကြီး (၆) ချက်ပါဝင်ပြီး ထူးခြားသည်မှာ အစိုးရ၏တာဝန်ဝတ္တရား၊ နိုင်ငံတော်၏ မဟာဗျူဟာပြုပြင် ပြောင်းလဲခြင်းများ ပါဝင်ခြင်း ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကို ပြုပြင်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါသည်။ နိုင်ငံရေးစနစ်အမျိုးမျိုးနှင့် နိုင်ငံရေးပါတီများ အချင်းချင်း မကြာခဏပဋိပက္ခ ဖြစ်ပွားမည့် ရေးများကိုထိန်းချုပ် ကာကွယ်ရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်ပါသည်။ 
၂၀၀၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၀၆ ခုနှစ်တွင်အာဏာသိမ်းပြီး ခေတ်ပြိုင် နိုင်ငံရေးပါတီများကို ထိန်းချုပ်နိုင်ရန်အတွက် ပေါ်ပေါက်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပါသည်။ လွှတ်တော် (၂) ရပ်သို့ ရွေးကောက် တင်မြှောက်ခံရသော ကိုယ်စားလှယ်အရေအတွက်သည် ၁၉၉၇ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါကိုယ်စားလှယ် အရေအတွက်နှင့် မတူညီပါ။  

(ဂ)    ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ။      ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ၁၉၉၇ ခုနှစ်၏ အစိတ်အပိုင်းအချို့ ပါဝင်ပါသည်။ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ-

(၁)    စီမံအုပ်ချုပ်ရာ၌ ကျင့်သုံးမှု။            ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပုဒ်မ ၇၇ အရ နိုင်ငံတော်သည် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လိုအပ်သော ဥပဒေများပြဋ္ဌာန်းပေးခြင်းနှင့် ပြည်သူတို့၏အသက်အိုးအိမ်နှင့် လုံခြုံမှုကို အတားအဆီးဖြစ်စေသော သို့မဟုတ် ခေတ်နှင့်မလျော်ညီသော ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရပါမည်။ ထို့ပြင် အစိုးရသည် ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ပြည်သူများတန်းတူညီမျှ အခွင့်အရေး ရရှိစေရန်နှင့် ပြည်သူများက ပြဋ္ဌာန်းလိုက်သော ဥပဒေများကို သိရှိနားလည်၍ တရားဥပဒေကို လေးစားလိုက်နာစေရန် ဆောင်ရွက် ရပါမည်။ နိုင်ငံတော်အစိုးရသည် ဥပဒေများပြဋ္ဌာန်း နိုင်ရေးအတွက် နယ်ပယ် အသီးသီးမှ ပါဝင်ပတ်သက်သူများ (Stakeholder) နှင့် တိုင်ပင်၍ အကြံဉာဏ်များ ရယူဆောင်ရွက်ခြင်း၊ ဥပဒေများ ပြဋ္ဌာန်းပြီးနောက် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက် မှုများကိုလည်း စနစ်တကျ စိစစ်သုံးသပ်၍ ပြည်သူများသိရှိစေရန် ထုတ်ပြန်ခြင်းနှင့် ပြည်သူများထံမှ အကြံပြုချက်များကိုလည်း ဥပဒေပြုရေး လုပ်ငန်းစဉ် များတွင် ထည့်သွင်းစဉ်းစားရပါမည်။ နိုင်ငံတော်အစိုးရသည် ဥပဒေများကို ပြောင်းလဲလာသည့် အခြေအနေနှင့် ကိုက်ညီအောင် တိုးတက် ကောင်းမွန်သော ဥပဒေများ ဖြစ်ပေါ်လာရန်အတွက် အချိန်ကာလပေါ် မူတည်၍ ဆွေးနွေးမှုများ ပြုလုပ်နေရပါမည်။ 
ထို့ကြောင့်ပုဒ်မ ၇၇ သည်ယေဘုယျအားဖြင့် အောက်ပါတို့ကို ဦးတည် ဖော်ပြထားကြောင်း တွေ့ရှိရပါသည်-
(ကက) နိုင်ငံအတွက် လိုအပ်သော ဥပဒေများကိုသာ ပြဋ္ဌာန်းရမည်။
(ခခ)    လက်ရှိအခြေအနေနှင့် မကိုက်ညီသော ဥပဒေများအား ရုပ်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ဆောင်ရွက်ရပါမည်။
(ဂဂ)    ပြည်သူတို့၏အသက်အိုးအိမ်နှင့် လုံခြုံမှုအတွက် အတားအဆီးများ မဖြစ်စေရ။
(ဃဃ) ပြည်သူများ ဥပဒေကိုလွယ်ကူစွာ သိရှိပြီး သဘောပေါက်နား လည်ရမည်။
ပုဒ်မ ၇၇ အရ ဥပဒေပြုရာ၌ ဦးစားပေးရမည့်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(ကက) ပါဝင်ပတ်သက်သူများနှင့်ဆွေးနွေးညှိနှိုင်းမှုများဆောင်ရွက်ရန်၊
(ခခ)     ဥပဒေကိုပြဋ္ဌာန်းလိုက်လျှင် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက် မှုကို ခွဲခြမ်းစိတ်ဖြာ မှုပြုလုပ်ရန်၊
(ဂဂ)    အထက်ပါအချက် (၂) ချက်၏ရလဒ်များကို ပြည်သူလူထုသို့ အသိပေးရန်။

(၂)    ဝန်ကြီးချုပ်ခန့်အပ်ခြင်း။    ပုဒ်မ ၈၈ အရဝန်ကြီးချုပ်ခန့်အပ်ရန် အောက် လွှတ်တော်တွင်မဲခွဲဆုံးဖြတ်နိုင်ရန်အတွက် နိုင်ငံရေးပါတီတစ်ခုသည်  ၃ ဦး ထက်မပိုသော ကိုယ်စားလှယ်အမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းရပါမည်။ ရွေးကောက်ပွဲကော်မရှင်သည် ထိုအမည်စာရင်းများကို  အများပြည်သူသို့ ကြေညာပေးရပါသည်။ ထို့နောက် ပုဒ်မ ၈၇ အရ ကိုက်ညီခြင်းရှိမရှိ ရွေးကောက်ပွဲကော်မရှင်မှ စိစစ်ရမည်။ ပုဒ်မ ၁၅၉ အရ ဝန်ကြီးချုပ်အမည်စာရင်းတင်သွင်းနိုင်ခွင့်ရှိသောပါတီသည် လက်ရှိ အောက် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်၏ ၅ ရာခိုင်နှုန်းထက် မနည်းသော ကိုယ်စားလှယ် အရေအတွက် ရရှိထားသည့် ပါတီဖြစ်ရမည်။ အမည်စာရင်း တင်သွင်းခံရသူများသည် ပုဒ်မ ၁၆၀ ပါအရည်အချင်းများနှင့် ကိုက်ညီသူ ဖြစ်ရပါမည်။ အမည်စာရင်းတင်သွင်းခံရသည့် ကိုယ်စားလှယ်ကို အောက် လွှတ်တော်တွင် လက်ရှိ ၁၀ ပုံတစ်ပုံ ထက်မနည်းသော လွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံရပါမည်။ 

(၃)    ဒေသဆိုင်ရာအစိုးရ။   ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၉ အရ ဒေသဆိုင်ရာ အစိုးရများသည် အစိုးရအတွက် ရငွေနှင့်ပတ်သက်၍ စီမံအုပ်ချုပ်နိုင်မှု စွမ်းရည်၊ ဒေသခံပြည်သူလူထုအရေအတွက်နှင့် ဧရိယာအကျယ်အဝန်း၊ ပြည်သူလူထု၏မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်တာဝန်နှင့် စီမံခွင့် အာဏာများရှိပါသည်။ ပုဒ်မ ၂၅၀ အရ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်း များ ဆောင်ရွက်မှုအားလုံးသည် ဒေသဆိုင်ရာအစိုးရမှရရှိမည့် အခွန်ငွေ အပေါ်မူတည်ပါသည်။ နိုင်ငံတော်ကလည်း ဒေသဆိုင်ရာအစိုးရကို ကူညီ ထောက်ပံ့မှုများ ခွဲဝေချထားပါသည်။ ဗဟိုအစိုးရကလည်း လိုအပ်လျှင် ငွေကြေးထောက်ပံ့ပေးရပါမည်။ ဒေသဆိုင်ရာအစိုးရများသည် အုပ်ချုပ်မှု၊ ပြည်သူ့ရေးရာဝန်ဆောင်မှု၊ ပညာရေးမြှင့်တင်မှု၊ ဘတ်ဂျက်စီမံပိုင်ခွင့်၊ လာဘ်ပေးလာဘ်ယူမှု ကာကွယ်မှု၊ ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိစွာ ထိရောက်စွာ သုံးစွဲနိုင်မှု၊ ဒေသဆိုင်ရာ ပြည်သူလူထုနှင့် နိုင်ငံတော် ၏အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရန်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပါ သည်။ ပဋိပက္ခများမဖြစ်ပွားစေရန်နိုင်ငံတော်က ဥပဒေပြဋ္ဌာန်းနိုင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ အရ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍မိမိဒေသအတွင်းအရည်အသွေးပေါ်မူတည်၍ ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်ပါသည်။ ပုဒ်မ ၂၅၂ အရ ဒေသဆိုင်ရာ ကောင်စီအဖွဲ့ဝင်များကို ဒေသဆိုင်ရာပြည်သူများက ရွေးကောက်တင်မြှောက် ပါသည်။ ပုဒ်မ ၂၅၃ အရဒေသဆိုင်ရာအစိုးရ၊ ကောင်စီ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက သတင်းအချက်အလက်များကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ရပါသည်။ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ပြည်သူ အားလုံးပါဝင်နိုင်အောင် ဆောင်ရွက်ရပါမည်။ ပုဒ်မ ၂၅၄ တွင် မဲဆန္ဒရှင်များထံမှ မိမိတို့ရွေးချယ်တင်မြှောက် ထားသော အုပ်ချုပ်မှုအဖွဲ့၊ ကောင်စီများကို ပြန်လည်ဖြုတ်ချခွင့် ရှိပါသည်။

(၄)    နိုင်ငံတော်၏တာဝန်ဝတ္တရားများ။    ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ အရ ဘုရင်စနစ်နှင့် ဘုရင်အရိုက်အရာကို နိုင်ငံတော်ကကာကွယ် ထိန်းသိမ်းစောင့် ရှောက်ရပါမည်။ ပုဒ်မ ၅၄ အရ ကလေးသူငယ်တိုင်း အရည်အသွေးမြင့် ပညာရေးကို အသက် ၁၂ နှစ်အထိ အခမဲ့ (မသင်မနေရ) သင်ယူခွင့်ရှိပါသည်။ ပုဒ်မ ၅၈ မှ ၆၃ အထိတွင် နိုင်ငံတော်အနေဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် ကျန်းမာရေးအပေါ် သက်ရောက်မှု၊ ပြည်သူအရေးကြားနာမှု၊ သတင်းအချက်အလက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မှု၊ ဆက်သွယ်ရေး ဂြိုလ်တုမှတစ်ဆင့် ဂြိုလ်တုစလောင်းဖြင့်  TV Channel များကြည့်ရှုသုံးစွဲခွင့်၊ စားသုံးသူအခွင့်အရေးကာကွယ် စောင့်ရှောက်ရန်၊ ငွေကြေးနှင့်ဘတ်ဂျက် ဆိုင်ရာစည်းမျဉ်း စည်းကမ်းများ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကကဏ္ဍတွင် မရိုးသားမှုနှင့် မှားယွင်းစွာ စီမံခန့်ခွဲမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် အန္တရာယ်များကို ပြည်သူလူထုအား မျှဝေအသိပညာပေးခြင်း စသည့် တာဝန်ဝတ္တရားများကို ပြဋ္ဌာန်းထားပါသည်။

(၅)    နိုင်ငံတော်၏မူဝါဒဆိုင်ရာ အခြေခံမူများ။  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၅ အရ နိုင်ငံတော်၏အမျိုးသားဆိုင်ရာ မဟာဗျူဟာကို SDG Goal နှင့် အညီ ပြဋ္ဌာန်းရပါမည်။ ပုဒ်မ ၆၇ အရ ဗုဒ္ဓဘာသာနှင့် အခြား ဘာသာများအား ကူညီစောင့်ရှောက် ကာကွယ်ရပါမည်။     ပုဒ်မ ၆၈ အရ စွမ်းဆောင်ရည် ထက်မြက်စေရန်နှင့် မမျှတမှု၊ ခွဲခြားမှုများ မရှိစေရန်အတွက် တရားရေးလုပ်ငန်းစဉ် စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ရပါမည်။ ပုဒ်မ ၆၉ အရ သိပ္ပံနည်းပညာနှင့် အနုပညာဆိုင်ရာ နယ်ပယ်တွင် ဖွံ့ဖြိုးတိုးတက်ရန် သုတေသနဆိုင်ရာကို အားပေးရပါမည်။    ပုဒ်မ ၇၀ အရ တိုင်းရင်းသား မျိုးနွယ်စုကို မြှင့်တင်ကာကွယ် စောင့်ရှောက်ရပါမည်။ ပုဒ်မ ၇၆ အရ ဗဟို၊ ခရိုင်၊ ဒေသဆိုင်ရာ အဆင့်အုပ်ချုပ်မှု စနစ်များသည် ကောင်းမွန်သော ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်များနှင့် လိုက်လျောညီထွေ ဖြစ်ရပါမည်။ ပုဒ်မ ၇၇ အရ ပြဋ္ဌာန်းပြီးသောဥပဒေများကို ပြန်လည်ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရန်အတွက် အကြံဉာဏ်ရယူပြီး ခွဲခြမ်းစိတ်ဖြာစိစစ်သော လုပ်ငန်းစဉ်များ ပါရှိ ပါသည်။ ပုဒ်မ ၇၈ အရ နိုင်ငံတော်သည် နိုင်ငံတော်၏အကြီးအကဲ ဖြစ်သော ဘုရင်နှင့်အတူ ဒီမိုကရက်တစ် အစိုးရတို့နှင့် ပတ်သက်ပြီး မှန်ကန်သည့် ဗဟုသုတများ ရရှိနားလည် နေစေရန် မြှင့်တင်ပေးရပါမည်။

(၆)    အမျိုးသားဆိုင်ရာမဟာဗျူဟာစီမံကိန်း။    ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၅ အရ ၂၀၁၈-၂၀၃၁ ခုနှစ်ထိ မဟာဗျူဟာ (၆) ရပ် ချမှတ်ထားပါသည်။ ပန်းတိုင် (၆) ခု၊ အညွှန်းကိန်းဖော်ပြမှု (၆) အုပ်စု သတ်မှတ်ထားပါသည်။ နိုင်ငံရေးရာမငြိမ်သက်မှု၊ စိန်ခေါ်မှုများကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်း၊  လူမှုရေး ညီညွတ်မျှတအောင်ဆောင်ရွက်ခြင်း၊  ဒီမိုကရေစီ စနစ် ကို ခိုင်မာအားကောင်းအောင်ဆောင်ရွက်ခြင်းများဖြင့် ပြုပြင်ပြောင်းလဲ မှုများပြုလုပ်ရပါမည်။ Consolidated Democracy ဟူသည့် ရွေးကောက်ခံ မဟုတ်သော အထက်လွှတ်တော်၏ အခန်းကဏ္ဍ၊ ရွေးကောက်ခံနိုင်ငံရေး ဆိုင်ရာအခန်းကဏ္ဍ၊ ပြည်သူ့ရေးရာမူဝါဒ(အမျိုးသားမဟာဗျူဟာစီမံကိန်း နှင့်ပြုပြင် ပြောင်းလဲမှု) ပြည်သူ့ရေးရာမူဝါဒခိုင်မာမှု၊ တရားရုံးချုပ်စသည့် လွတ်လပ်သည့်အဖွဲ့အစည်းများခိုင်မာအားကောင်းနေခြင်းကိုConsolidated Democracy ဟု ခေါ်ပါသည်။

(၇)    နိုင်ငံရေးပြုပြင်ပြောင်းလဲမှု။            ဘုရင်ကိုအကြီးအကဲအဖြစ်သတ်မှတ်ပါ သည်။ ပြည်သူလူထုက ဘုရင်ကို အကြီးအကဲအဖြစ် သတ်မှတ်ခြင်းကို နားလည်သဘောပေါက်ရပြီး ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်ဆောင် ရွက်ရပါမည်။ နိုင်ငံ၏အုပ်ချုပ်မှုကဏ္ဍများကို လေ့လာစောင့်ကြည့်၍ လွတ်လပ် စွာမဲပေးခွင့်နှင့်လွတ်လပ်စွာလူထုဆန္ဒဖော်ထုတ်ပါဝင်ခွင့်များတွင် မည်သည့် လွှမ်းမိုးမှုမှ မရှိစေရပါ။ နိုင်ငံရေးပါတီ လှုပ်ရှားမှုများကို ပွင့်လင်းမြင်သာစွာ လှုပ်ရှားခွင့်ရှိပါသည်။ နိုင်ငံရေးပါတီဝင်များသည် အတွေ့အကြုံ၊ ဗဟုသုတ၊ စွမ်းဆောင်ရည်၊ ဂုဏ်သိက္ခာ ကျင့်ဝတ်ကောင်းများရှိရန်လိုအပ်ပါသည်။ နိုင်ငံရေးပါတီများသည် မူဝါဒများချမှတ်ရာတွင်ပြည်သူလူထုအပေါ်ဂယက် ရိုက်ခတ်မှု ရှိ/ မရှိ၊ ထိရောက်သည့်ကုန်ကျစရိတ် ဖြစ်/ မဖြစ်၊ ဖြစ်ပေါ်လာ နိုင်သည့် အန္တရာယ်အနေအထားနှင့်ပတ်သက်၍ စိစစ်ပိုင်းခြားနိုင်စွမ်းရှိရပါ မည်။ ဂုဏ်သိက္ခာရှိရှိဖြင့် တာဝန်ဝတ္တရားများကို ပြည်သူအပေါ် တာဝန်ခံ ဆောင်ရွက်ရပါမည်။ နိုင်ငံရေးပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရပါမည်။
        နိုင်ငံ့လုံခြုံရေးနှင့်ပတ်သက်၍အမျိုးသားမဟာဗျူဟာတွင်လုံခြုံရေး နှင့်ဆက်စပ်သော ကဏ္ဍအားလုံးကို ခိုင်မာအားကောင်းအောင်လုပ်ဆောင် ပြီး ၎င်းကဏ္ဍအားလုံးသည် ပြဿနာအဖြေရှာရာတွင် ပူးပေါင်းဆောင်ရွက် ရပါမည်။ နိုင်ငံတော်အဆင့်အဖွဲ့အစည်းများအပေါ် သစ္စာရှိမှုမြှင့်တင်ရပါ မည်။ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်အခြေခံမူများ၊ စုပေါင်းအကျိုး စီးပွားများအပေါ် အခြေခံ၍ နိုင်ငံရေးတည်ငြိမ်အောင် အားပေးဆောင်ရွက် ရပါမည်။ နိုင်ငံ့လုံခြုံရေးဆိုင်ရာ ပြဿနာရပ်နှင့်အရင်းအမြစ်များကို ကြို တင်ကာကွယ်သည့် အစီအမံပြုလုပ်ရပါမည်။
 ကောင်းမွန်သောနိုင်ငံရေးစနစ်တစ်ခုတည်းနှင့် ဒီမိုကရေစီ ခိုင်မာ အားကောင်းရန်အတွက် မဖြစ်နိုင်ပါ။ စီးပွားရေးစနစ် ခိုင်မာအားကောင်း ခြင်း၊ အားလုံးတန်းတူညီမျှဖြစ်စေသော စီးပွားရေးပြောင်းလဲမှု၊ ပြိုင်ဆိုင်မှု အခြေအနေ၊ ထုတ်လုပ်နိုင်စွမ်းကောင်းမွန်မှု၊ ပြည်သူ့ ရေးရာမူဝါဒများခိုင်မာ အားကောင်းရေး စသည်တို့လည်း အရေးကြီးသော ကဏ္ဍများတွင် ပါဝင် ပါသည်။ ရွေးကောက်ပွဲစနစ်များသည် မရှိမဖြစ် လိုအပ်သော်လည်း ၎င်းအချက်နှင့်ပင် မလုံလောက်ပါ။ ရွေးကောက်ပွဲတွင် လူမှုရေးအဖွဲ့အစည်း များ ပါဝင်မှု၊ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်မှု၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ပါ ပြဋ္ဌာန်းချက်များ လိုက်နာဆောင်ရွက် အကောင်အထည် ဖော်နိုင်ခြင်း၊ လူမှုရေးဆိုင်ရာ ဆောင်ရွက်ချက်များလည်း လိုအပ်ပါသည်။ ဒီမိုကရေစီစံနှုန်းများတန်ဖိုးများခိုင်မာအားကောင်းအောင်ဆောင်ရွက်ခြင်း၊ တန်းတူညီမျှမှုများ ပြန်လည်ရှိစေခြင်းနှင့် လူမှုရေးဆိုင်ရာတန်းတူညီမျှမှု ဖြစ်အောင်ဆောင်ရွက်ခြင်းတို့ဖြင့် ဒီမိုကရေစီကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရန်ဖြစ်ပါသည်။ 
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို နယ်ပယ် ၁၁ ရပ်ဖြင့်ဆောင်ရွက် လျှက်ရှိပြီး ၎င်းတို့မှာ နိုင်ငံရေး၊ နိုင်ငံရေးရာစီမံအုပ်ချုပ်မှု၊ ဥပဒေရေးရာ၊ တရားရေးရာလုပ်ငန်းစဉ်၊ စီးပွားရေး၊ အမျိုးသားအရင်းအမြစ်နှင့်သဘာဝ ပတ်ဝန်းကျင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆက်သွယ်ရေးနှင့်နည်းပညာ၊ လူမှုရေး၊ စွမ်းအင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ပညာရေးနှင့်ရဲတပ်ဖွဲ့ တို့ဖြစ်ပါသည်။ အဆိုပါနယ်ပယ်များကိုအဓိကထား၍ ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ သွေးစည်းညီညွတ်မရေးနှင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးကိုရှေးရှု၍ ပြည့်စုံကုံလုံသော စီးပွားရေးအခြေအနေ ရရှိရန်ဖြစ်ပါသည်။ မညီမျှမှုများကိုလည်း လျော့ချရန်ရည်ရွယ်ပါသည်။ နိုင်ငံ့အကြီးအကဲဘုရင် နှင့်ဒီမိုကရက်တစ်အစိုးရတို့၏လက်အောက်တွင် လူမှုဘဝအဆင့်အတန်း မြင့်မားလာရန် ရည်ရွယ်ပါသည်။
ပုဒ်မ ၂၅၈ အရ နိုင်ငံရေးတွင် ပြည်သူလူထု၏ တက်ကြွစွာပူးပေါင်း ပါဝင်မှုဖြင့် အစိုးရ၏အာဏာအရပ်ရပ်ကို လေ့လာစောင့်ကြည့်သုံးသပ်ရန်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုမိုအားကောင်းရန်၊ နိုင်ငံရေးပါတီများ၏ တာဝန်ခံမှုကိုစိစစ်ဆုံးဖြတ်နိုင်မည့်စနစ် (သက်ရောက်မှု၊ ကုန်ကျမှုနှင့်ထိ ရောက်မှုအတိုင်းအတာနှင့် အန္တရာယ်ဖြစ်တန်စွမ်းများအားဆန်းစစ်ခြင်း)၊ နိုင်ငံရေးအာဏာရယူသူများ၏ ကိုယ်ကျင့်သိက္ခာ၊ နိုင်ငံရေးပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန်စသည့်အချက်များသည်ယခုဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပါဝင်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအချက်များဖြစ်ပါသည်။ 

 

ဥပဒေပြဋ္ဌာန်းလိုက်လျှင် ဖြစ်ပေါ်လာမည့်အကျိုးသက်ရောက်မှုကိုခွဲခြမ်းစိတ်ဖြာခြင်း (RIA)

၂၅။    ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၇ အရ ဥပဒေပြဋ္ဌာန်းလိုက်လျှင် ဖြစ်ပေါ်လာမည့် အကျိုး သက်ရောက်မှုကိုခွဲခြမ်းစိတ်ဖြာမှု(Regulatory Impact Analysis-RIA)ဆိုသည်မှာ လွှတ်တော် သို့အတည်ပြုပြဋ္ဌာန်းရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အစိုးရအဖွဲ့သို့ တင်ပြသော  ဥပဒေကြမ်းများ၊ နည်းဥပဒေများရှိ စီးပွားရေး၊ လူမှုရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သော ကိစ္စရပ်များကို ပြည်သူများအတွက် အကျိုး ရှိ၊ မရှိ ခွဲခြမ်းစိတ်ဖြာ၍ တင်ပြသောလုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။ ၎င်းကို “Checklist”ဟုလည်းခေါ်ပါသည်။  RIA ကိုထိုင်းနိုင်ငံတွင် ၁၉၈၈ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှသာ အကောင်အထည် ဖော်နိုင်ခဲ့ပါသည်။ သို့သော် ၂၀၁၅ ခုနှစ်မတိုင်မီတွင် ဥပဒေပြဋ္ဌာန်းပြီး ဖြစ်ပေါ်လာမည့် အကျိုး သက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာရာတွင် ပါဝင်ရမည့် စံနှုန်းများ(RIA Checklist) ၁၀ ခု ကို  ထုတ်ပြန်နိုင်ခဲ့ပါသည်။

 

နိုင်ငံရေးပညာရှင်၏အမြင်

၂၆။    ၁၉ ကြိမ်မြောက် KPI Congress ပါမောက္ခဂျော့ခ်ျအာဘိုညီ၏မှတ်ချက်အရ ကောင်းမွန် သော နိုင်ငံရေးဖြစ်ရုံနှင့် ဒီမိုကရေစီတည်တံ့ခိုင်မြဲရန်မလုံလောက်ပါ။ စဉ်ဆက်မပြတ်အားကောင်း သောနိုင်ငံရေးအဖွဲ့အစည်းများ၊ အားကောင်းသောစီးပွားရေးစနစ်၊ အားလုံးတန်းတူညီမျှဖြစ်စေ သောစီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပြိုင်ဆိုင်မှုကိုအားပေးပြီးထုတ်လုပ်မှုအားကောင်းမှုနှင့်တည်မြဲ သည့် ပြည်သူ့ရေးရာမူဝါဒတို့သည်လည်းအရေးကြီးပါသည်။ 
၂၇။    ရွေးကောက်ပွဲစနစ်နှင့်အတူအရပ်ဘက်အဖွဲ့အစည်းများ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ အများပြည်သူအကျိုးစီးပွားကာကွယ်စောင့်ရှောက်သည့်အဖွဲ့အစည်းများ(Watchdog)၊ စီးပွား ရေးနှင့် လူမှုရေးတရားမျှတမှု၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များရှိမှသာ ဒီမိုကရေစီသည် ခိုင်ခန့် အားကောင်းပါမည်။

 

နိဂုံး
၂၈။     ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၇၇) အရ လွှတ်တော်လုပ်ငန်းများဆောင်ရွက်မှုအခြေအနေ များ၊ လွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းစဉ်များနှင့် RIA လုပ်ငန်းစဉ်များက ဥပဒေပြုရေး လုပ်ငန်းခိုင်မာအားကောင်းအောင် အလေးထားဆောင်ရွက်နေပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၅ အရ မဟာဗျူဟာ (၆) ရပ်သည်လည်း Consolidated Democracy ဖြစ်ရန် ကဏ္ဍ တစ်ခုဖြစ်သည့် လွတ်လပ်သည့်အဖွဲ့အစည်းများကို ခိုင်မာအားကောင်းစေရန်ဆောင်ရွက်နေမှုများ ကိုလည်းတွေ့ရှိရပါသည်။ ဒေသဆိုင်ရာအစိုးရများအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၄၉ မှ ၂၅၄) ထိသတ်မှတ်ပြဋ္ဌာန်းထားရှိပြီး အာဏာဖြန့်ခွဲမှုများအား ဘဏ္ဍာရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာစသဖြင့် ဆောင်ရွက်စီမံပိုင်ခွင့်များကို သတ်မှတ်ထားရှိပြီး ဆောင်ရွက်လျက်ရှိ ကြောင်းတွေ့ရှိရသဖြင့် ထိုင်းဗဟိုအစိုးရအနေဖြင့် ဒေသဆိုင်ရာအစိုးရများခိုင်မာအားကောင်းရေး ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။  
၂၉။     ထိုင်းနိုင်ငံသည် ဒီမိုကရေစီနှင့်အတူနိုင်ငံ့အကျိုးစီးပွားကိုလည်း ဦးစားပေးကာကွယ်ကြောင်း သိရပါသည်။ နိုင်ငံရေး မတည်ငြိမ်သက်မှုဖြစ်ပွားသည့်အခြေအနေများတွင် ဗျူရိုကရေစီယန္တရား နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အစဉ်ခိုင်မာအားကောင်းပါသဖြင့် နိုင်ငံနှင့်ပြည်သူလူထုအပေါ် ဆိုးကျိုးသက်ရောက်မှု နည်းပါးကြောင်းတွေ့ရှိရပါသည်။ 
၃၀။    ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းနိုင်ငံ၏ဥပဒေများသည် နိုင်ငံတကာအဖွဲ့အစည်းများမှ ချမှတ်ထားသောမူဝါဒများ၊ စံနှုန်းများနှင့်အညီရေးဆွဲပြီး ထိုင်းနိုင်ငံဥပဒေများနှင့် ပတ်သက်သော ခံယူချက်သဘောထားမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူတို့၏ ဆန္ဒဖြည့်ဆည်းရန်၊ ပြည်သူ လူထုချမ်းသာကြွယ်ဝရန်တို့ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏အခြေခံမူတွင် ပြည်သူများအား ဝန်ထုပ်ဝန်ပိုး မဖြစ်စေခြင်း၊ ပြည်သူများက လွယ်ကူချောမွေ့စွာသိရှိနိုင်ခြင်း၊ အမျိုးသားဥပဒေရေးရာ ပြုပြင် ပြောင်းလဲရေးအစီအစဉ်သည် စီမံချက်နှင့်ကိုက်ညီရခြင်းစသည့်အချက်များပါဝင်ကြောင်းလေ့လာ တွေ့ရှိရပါသည်။

 

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၂၁.၀၃.၂၀၁၉