Skip to main content

၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၀ အရ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးလှမိုး၏ မေးခွန်း မေးမြန်းဖြေကြားချက်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၇)  ရက်မြောက်နေ့ (၂၅.၂.၂၀၁၉) တွင် အောင်မြေသာစံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးလှမိုး မေးမြန်းသည့် “ဆက်သွယ်ရေးသုံးစွဲနေသူများအပေါ် စားသုံးသူအခွင့်အရေး ချိုးဖောက်နေသော ဆက်သွယ်ရေးလိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအား ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ စားသုံးသူအကာအကွယ် ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း ကြပ်မတ်စစ်ဆေးအရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း” အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၀ အရ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် မေးခွန်းဖြစ်သည့်အတွက်ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းနှင့် (၂၆.၂.၂၀၁၉) ရက်နေ့ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြထားရှိပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက ယနေ့ထုတ်လုပ်ပေးထားသော ဆက်သွယ်ရေးလိုင်စင် Service Provider အမျိုးအစားသုံးမျိုးရှိသည်ဟု မိမိတို့သိရပါကြောင်း၊ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ၊ ဆက်သွယ်ရေးလိုင်း ဝန်ဆောင်မှုလုပ်ငန်းများ၊ တယ်လီဖုန်းလိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် Mobile Telecom များအား ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ပေါင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ၁၇၀ ခန့် ထုတ်ပေးထားသည်ဟု သိရှိရပါကြောင်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း (Internet Service Provider) ဆိုသည်မှာ ခေတ်အဆက်ဆက် Bagan Net၊ Broadband၊ V-Sat နှင့် IP Star၊ ADSL မှစပြီး ယနေ့အချိန်တွင် Myanmar Net၊ Ananda အထိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများသည် ကြေညာတုန်းကတစ်မျိုး၊ ကြေငြာပြီးတစ်မျိုး ဖြစ်ခဲ့ကြသဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းသား/သူများ အင်တာနက်အသုံးပြုခဲ့ကြသူများ မည်မျှအထိ ခံစားခဲ့ကြမည်နည်း ဆိုသည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ အကာအကွယ် မရရှိသေးပါကြောင်း၊ ဆက်သွယ်ရေးလိုင်း အသုံးပြုဝန်ဆောင်မှု လုပ်ငန်းများ (Connection Service Provider) စသည်ဖြင့် ဘဏ်နှင့်ငွေကြေး လုပ်ငန်းများ၊ E-Commerce များ၊ လက်လီအရောင်းဆိုင်များ အများစု အသုံးပြုနေခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းကဆိုလျှင် အင်တာနက်ဝန်ဆောင်မှုက Telenor BroadBand ဝန်ဆောင်မှု လုပ်ငန်းတွင် ပြဿနာများပေါ်ခြင်း၊ ယခုအင်တာနက်လိုင်း Connection Service Provider သုံးသည့် Red dot ဝန်ဆောင်မှုလုပ်ငန်း ပြီးခဲ့သည့်ရက်ပိုင်းက ပြဿနာပေါ်ခြင်း၊ ယနေ့အချိန်အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ၎င်းတို့အထဲတွင် တယ်လီဖုန်းဝန်ဆောင်မှု၊ Mobile Telephone ဝန်ဆောင်မှု၊ Telecom Service Provider လေးခုရှိပါကြောင်း၊ ၎င်းတို့မှာ MPT၊ Telenor၊ Ooredoo နှင့် Mytel တို့ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအရ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ သုံးသပ်အစီရင် ခံစာအရ နိုင်ငံတစ်ဝန်းလုံးတွင် မရှိမဖြစ်သုံးရသည့် လောကနိဗ္ဗာန် အိမ်သုံးလျှပ်စစ်မီတာ အခွန်ရငွေ စုစုပေါင်းက ဘီလီယံ ၅၂၀ ရသည်ဟု ဆိုပါကြောင်း၊ ၎င်းထဲကမှ နိုင်ငံတစ်ဝန်းလုံးအတွက် တယ်လီဖုန်း ပြောဆိုမှုအတွက် အသုံးသုံးပြုသည့် ငွေစုစုပေါင်းက ဘီလီယံ ၂၁၀၀ ရှိသည်ဆိုသည်မှာ အံ့သြဖွယ်ရာ တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံသူနိုင်ငံသားများ ဆက်သွယ်ရေးအတွက် မည်မျှသုံးနေ ကြသည်နှင့် အဆိုပါ ဆက်သွယ်ရေးကို အသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုများ မည်မျှဆောင်ရွက်ခဲ့ ကြသည်မှာ ဝမ်းသာစရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေသည် ယနေ့အချိန်တွင် ၅၄ သန်းနီးပါး ရှိနေသော်လည်း Mobile Telephone အသုံးပြုသည့် အရေအတွက်က သန်း ၆၀ နီးပါးရှိနေပြီ ဖြစ်ပါကြောင်းနှင့် အင်တာနက်အသုံးပြုသူ အရေအတွက်က သန်း ၃၀ နီးပါးရှိနေပြီ ဖြစ်ပါကြောင်း၊

၎င်းတို့ထဲမှ ပြီးခဲ့သည့်လပိုင်းများအတွင်း ပြဿနာများ အများကြီးပေါ်ခဲ့ပါကြောင်း၊ လူမှုကွန်ရက် များတွင် တယ်လီဖုန်းများက ငွေထည့်လိုက်သည်မှာ ခဏလေးဖြင့် ကုန်သွားသဖြင့် မည်သည့်အရာများက ဖြတ်မှန်းမသိ ပြောလာသည့်အခါ မိမိကိုယ်တိုင် ဖုန်းကိုစစ်ဆေး ကြည့်သည့် အခါ Game Mania၊၊ Game Haven၊ Application Store ၄၉၉ ကျပ်၊ ၄၅၀ ကျပ်၊ ၃၁၅ ကျပ် နည်းမျိုးစုံဖြင့် စက်တင်ဘာလကတည်းက မိမိအားဖြတ်တောက် ထားခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ဖြတ်တောက်ထားသည့် အနေအထားဖြစ်ပါကြောင်း၊ ဒါကို မိမိအနေဖြင့် Complain တက်ပါကြောင်း Complain တက်သည့်အခါ ၎င်းသည် လူကြီးမင်းက မှားယွင်းပြီးနှိပ်ထားသည်ဟု ပြောပါကြောင်း၊ မိမိမှာ မှားယွင်းနှိပ်ထားခြင်းမျိုး မရှိပါကြောင်း၊ အဆိုပါ ဝန်ဆောင်မှုကိုလည်း မိမိမယူပါကြောင်း၊ ဒါကို မိမိတို့ထံမှ မည်သည့်အတွက်ကြောင့် ဖြတ်တောက်သနည်း ဆိုသည်ကို လေးငါးခြောက်ခါခန့် Complain တက်မှသာလျှင် ပြန်လည်စစ်ဆေးပေးပါမည် ဆိုသည့်အဖြေကိုသာ ရရှိပါကြောင်း၊ ၎င်းကိစ္စမျိုးများ မိမိတို့နိုင်ငံအတွင်း မည်မျှခန့် ရှိနေပြီနည်း၊ ယခုလိုဖြတ်တောက်မှုဆိုင်ရာတွင် သုံးစွဲသူ သန်း ၆၀ ကျော် ရှိသည့်နေရာတွင် တစ်ပတ်ကို ဝန်ဆောင်မှုတစ်မျိုးအတွက် ဦးရေတစ်သန်း မှားဖြတ်ခြင်းသည် တစ်ပတ်ကို သန်း ၅၀၀ ခန့်၊ တစ်လကို နှစ်ဘီလီယံခန့်၊ တစ်နှစ်ကို ၂၅ ဘီလီယံခန့် သုံးစွဲသူများ နစ်နာပါကြောင်း၊ နိုင်ငံတကာအဆင့် Telecom ကုမ္ပဏီကြီးများဖြစ်ပြီး ယခုကဲ့သို့ ပညာနှင့်အသိဉာဏ် နည်းပါးသည့် မိမိတို့နိုင်ငံသူနိုင်ငံသားများအပေါ် ယခုလို အခွင့်ကောင်းယူပြီး အကျိုးအမြတ် ရယူခြင်းသည် ကျင့်ဝတ်နှင့်ကိုက်ညီ ကြပါသလားဆိုသည်ကို စဉ်းစားစေချင်ပါကြောင်း၊ ပြီးလျှင် နိုင်ငံတော်၏ ဥပဒေအပေါ် မထီမဲ့မြင်လုပ်သည်ဟုလည်း ခံစားရပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည်မှာ ဆက်သွယ်ရေး သုံးစွဲနေသူများအပေါ် ဆက်သွယ်ရေးအခွင့်အရေး ချိုးဖောက်နေသော ဆက်သွယ်ရေးလိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများအား ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း၊ စားသုံးသူအကာအကွယ် ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း ကြပ်မတ်စစ်ဆေး အရေးယူပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင့်‌ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် ပြည်တွင်း/ပဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ကောက်ခံမည့် ဝန်ဆောင်ခနှုန်းထားများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၂၉ ပုဒ်မခွဲ (ခ) အရ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှတစ်ဆင့်‌ ပို့ဆောင်ရေးနှင့်‌ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်‌ပြုချက်ဖြင့်‌ ရယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့်‌ ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့်‌လည်း ဆက်သွယ်ရေးအော်ပရေတာများမှ အဆိုပြုတင်ပြလာသော ဝန်ဆောင်ခနှုန်းထား များကို စိစစ်ခွင့်‌ပြုရာတွင် ပြိုင်ဆိုင်မှုဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၄၀ နည်းဥပဒေခွဲ (က) အရ ကောက်ခံမည့်‌ နှုန်းထားများသည် ထိုက်သင့်‌မျှတခြင်းရှိ/မရှိနှင့်‌ ဈေးကွက်ပြိုင်ဆိုင်မှုကို ထိခိုက်စေခြင်း ရှိ/မရှိတို့ကို စိစစ်ပြီးမှသာလျှင် ခွင့်‌ပြုပေးလျက်ရှိပါကြောင်း၊ အကယ်၍ အဆိုပါ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သော ဝန်ဆောင်ခနှုန်းထားများကို ဆက်သွယ်ရေး အော်ပရေတာများက သုံးစွဲသူများသိရှိအောင် ကြော်ငြာရာတွင် ခွင့်‌ပြုထားသည့်‌ ဝန်ဆောင်ခနှုန်းထားနှင့်‌ ကိုက်ညီမှုမရှိဘဲ ဆောင်ရွက်နေသည်ကို တွေ့ရှိပါက သို့မဟုတ် တိုင်ကြားမှုများ ရှိလာပါက စိစစ်၍ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇ နှင့်‌ လိုင်စင်ထုတ်ပေးခြင်း ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၄၁ နည်းဥပဒေခွဲ (က) တို့ဖြင့်‌ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဆက်သွယ်ရေး အော်ပရေတာ များက ၎င်းတို့ ဝန်ဆောင်မှုနှင့်‌ စပ်လျဉ်း၍ သုံးစွဲသူများသို့ အသိပေးကြေညာချက်များအပေါ် သုံးစွဲသူများအနေဖြင့်‌ နားလည်မှုလွဲမှားပြီး ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ဆက်သွယ်ရေး အော်ပရေတာများအား သုံးစွဲသူများကို ရှင်းလင်းလွယ်ကူစွာ သဘောပေါက် နားလည်အောင် အသိပေးကြေညာရန် ကြပ်မတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သုံးစွဲသူပြည်သူများ အနေဖြင့်လည်း မိမိအသုံးပြုမည့် အစီအစဉ်များနှင့်‌ စပ်လျဉ်းပြီး လက်ခံရွေးချယ် သုံးစွဲခြင်းမပြုမီ သက်ဆိုင်ရာ အော်ပရေတာများ၏ အသိပေးကြေညာချက်များအပေါ် သေသေချာချာနားလည် သဘောပေါက်သည် အထိ ဖတ်ရှုပြီး ရွေးချယ်အသုံးပြုစေရန် အသိပညာပေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ဆက်သွယ်ရေး ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်မှုအပေါ် ဝန်ခံကတိပြုချက်များနှင့်‌ ကိုက်ညီခြင်းမရှိသည်ကို တွေ့ရှိရပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနသို့လည်းကောင်း၊ စီးပွားရေးနှင့်‌ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနသို့လည်းကောင်း တိုင်ကြား နိုင်ပါကြောင်းနှင့်‌ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လတ်တလောအားဖြင့်လည်း မြန်နှုန်းမြင့်အင်တာနက် ဝန်ဆောင်မှုများနှင့်‌ စပ်လျဉ်းပြီး သုံးစွဲသူများက တိုင်ကြားလာမှုများအပေါ် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာနနှင့်‌ ပူးပေါင်းပြီး ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဒေါက်တာလှမိုး (အောင်မြေသာစံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားသည့်အထဲတွင် အဖြေနှင့်မေးခွန်းသည် တော်တော်လေးကို တိမ်းစောင်းနေပါကြောင်း၊ မိမိတို့ ဆိုလိုချင်သည်မှာ တစ်နိုင်ငံလုံးသုံးနေသည့် အင်တာနက် ဝန်ဆောင်မှု၊ ဖုန်းဝန်ဆောင်မှု သုံးနေသူများသည် မလျော်မကန် ဖြတ်တောက်ခြင်း ခံနေရသည်ကို မိမိ၏ မေးခွန်းတွင်လည်း တင်ပြထားပါကြောင်း၊ စားသုံးသူများမည်ကဲ့သို့ နားလည်မနည်း၊ မိမိတို့နိုင်ငံတွင် ပညာ၊အသိဉာဏ် နည်းပါးသည့်သူများ အင်္ဂလိပ်လိုပြောလျှင် မည်ကဲ့သို့ နားလည်မည်နည်း၊ သို့သော် ဝန်ဆောင်မှုများကို မယူဘဲ ဖြတ်တောက်ထားသည့်ကိစ္စ။ မိမိဆိုလျှင် ခြောက်မျိုး၊ ခုနစ်မျိုး အပတ်စဉ်အဖြတ်ခံရပါကြောင်း၊ မိမိတို့ သန်း ၅၀ သော လူမျိုးမရွေး၊ တိုင်းရင်းသားမရွေး၊ ဘာသာမရွေး၊ အဖွဲ့အစည်းမရွေး ကျောင်းသားလူငယ်ကစပြီး ခံစားနေရသည့် နစ်နာမှုဖြစ်ပါကြောင်း၊ သုံးစွဲသူများက၊ ကြိုတင်ငွေထည့်ပေးခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ ကြိုတင်ငွေသည် ပိုက်ဆံဖြစ်ပါကြောင်း၊ သုံးစွဲသူများပိုင်ဆိုင်သည့် ငွေကြေးကို အသိမပေးဘဲ ဖြတ်တောက်ခြင်းသည် အာဒိန္နာဒါနာကံ ခိုးယူခြင်းမြောက်ပါကြောင်း၊ နောက်တစ်ခါ Complain တက်မှ ပြန်ပေးခြင်းသည် လက်ပူးလက်ကြပ်မိမှ ပြန်ပေးခြင်းဖြစ်သဖြင့် ခိုးယူခြင်းနှင့် အလွဲသုံးစားပြုမှု မြောက်ပါကြောင်း၊

ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဂ) တွင် ဆက်သွယ်ရေး ကွန်ရက်တစ်ခုကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း အားလုံးမြောက်ပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးနှင့် ပတ်သက်လျှင် Regulatory body တစ်ခုအနေဖြင့် ဖြစ်ပါကြောင်း၊ Regulatory body ဆိုတာ Telecom များ အချင်းချင်းတွင် ထိန်းကျောင်းပေးရခြင်း မဟုတ်ပါကြောင်း၊ Telecom များနှင့် Subscriber အကြား ထိန်းကျောင်း ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက မိမိတို့ နစ်နာသူ နိုင်ငံသူနိုင်ငံသားများကိုယ်စား မည်သို့တရားစွဲ‌ ဆောင်ရွက်ပေးမည်နည်း၊ နောက်တစ်ချက်က နိုင်ငံသူနိုင်ငံသားများအတွက် ဆုံးရှုံးသွားသည့်ငွေများကို ပညာရေးနှင့် ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန်အတွက် မည်သို့မည်ပုံ ဆောင်ရွက်ပေးမည်နည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့် အချို့ Service Provider များက ကြော်ငြာတာတစ်မျိုး၊ လုပ်တာတစ်မျိုးလည်း တွေ့ရှိခဲ့ရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း အရေးယူပြီး ဒဏ်ရိုက်ခြင်းများ၊ အရေးယူမှုများ လုပ်ခဲ့ရပါကြောင်း၊ အချို့ကိစ္စများတွင် ယခုလို မျိုးမှားယွင်းဖြတ်တောက်သည့် ကိစ္စများသည် မည်သည့်အတွက်ကြောင့်မှားမှား သုံးစွဲသူများက ခံရပါကြောင်း၊ ၎င်းကိစ္စ မျိုးများကိုလည်း အချို့ Operator များ ဘီလီယံနှင့်ချီပြီး လျော်ခဲ့ရသည်များလည်း ရှိပါကြောင်း၊ သုံးစွဲသူတစ်ယောက်ချင်းကို ပြန်ပြီးလျော်ပေးရပါကြောင်း၊ အထူးသဖြင့် မိမိတို့ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကလည်း ၎င်းတို့ကြော်ငြာများ၊ သူတို့ Service များ မည်သည့် Promotion နှင့် မည်ကဲ့သို့ ပေးနေသည်ဆိုခြင်းများကို စိစစ်နေပါကြောင်း၊ သို့သော် တချို့ကိစ္စများတွင် မိမိတို့က မသိနိုင်သည့် အရာများလည်း ရှိပါကြောင်း၊ ထို့ကြောင့် သုံးစွဲသူများက Complain လုပ်ခြင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကိုလည်း တိုင်ကြားပေးခြင်းများကို ပြုလုပ်ပေးမည်ဆိုပါက တောက်လျှောက်အရေးယူရပါမည်။ မိမိတို့ ဥပဒေအရဆိုလျှင် ဆက်သွယ်ရေး ဥပဒေတွင် အဓိကအားဖြင့် ၎င်းတို့ကိုအရေးယူနိုင်သည်မှာ ဥပဒေအရ သုံးချက်ရှိပါကြောင်း၊ (၁) က သတိပေးခြင်း၊ (၂) အချက်က ၎င်းတို့၏လိုင်စင်ကို သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုအထိ ယာယီရပ်ဆိုင်းခြင်းနှင့် နောက်ဆုံးအချက်ဖြစ်သည့် လိုင်စင်ကို အပြီးပိတ်သိမ်းခြင်း မျိုးများဖြင့် အရေးယူ၍ရသည့် အဓိကသုံးချက်ဖြစ်ပါကြောင်း၊ ပထမတစ်ချက်က Warning ပေးခြင်း၊ သတိပေးခြင်းဆိုသည်မှာ ၎င်းတို့အတွက် မမှုလောက်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဒုတိယအချက် နှစ်ချက်ဖြစ်သည့် လိုင်စင်ကိုယာယီရပ်ခြင်း အပြီးပိတ်သိမ်းခြင်း ဆိုသည့်ကိစ္စက ဥပဒေတွင် ပါသော်လည်း အမှန်တကယ်လုပ်၍ မရပါကြောင်း၊ မည်သည့်အတွက်ကြောင့် မရသည်မှာ မိမိတို့ ဥပမာ Operator တစ်ယောက်က တစ်ယောက်ကို အနည်းဆုံး Operator က My Tel ဆိုလျှင် ငါးသန်းခန့်ရှိခြင်း၊ Ooredoo ဆိုလျှင် ဆယ်သန်းခန့်ရှိခြင်း၊ MPT ဆို ၂၁ သန်းခန့်ရှိခြင်း၊ Telenor ဆိုလျှင် ၁၉ သန်းခန့်ရှိခြင်း ဖြစ်သည့်အတွက် ၎င်းတို့က ၁၀ မိနစ်ခန့်အတွင်းကို ပိတ်၍မရပါကြောင်း၊ ပိတ်လိုက်သည်နှင့် သုံးစွဲသူများအားလုံး အဆက်အသွယ်ပြတ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ နည်းဥပဒေတွင် ဒဏ်ရိုက်၍ရသည်ဆိုပြီး ထည့်ထားပါကြောင်း၊ ပြီးခဲ့သည့်နှစ်၏ ဝင်ငွေ ၅ ရာခိုင်နှုန်းအထိကို ဒဏ်ငွေရိုက်၍ ရပါသည် ဆိုတာရှိပါကြောင်း၊ နည်းဥပဒေမှာ ဥပဒေနှင့်ကွဲပြားစွာ ပြဋ္ဌာန်းထားခြင်း ရှိပါကြောင်း၊ သို့သော်လည်း ၎င်းတို့ပေးသည့် လိုင်စင်တွင်လည်း ၎င်းကဲ့သို့ ၅ ရာခိုင်နှုန်း ဒဏ်ရိုက်၍ ရသည်ဆိုတာ ပါသည့်အတွက် မိမိတို့ဒဏ်ရိုက်လေ့ ရှိပါကြောင်း၊ ဆက်လက်ပြီး ဥက္ကဋ္ဌကြီးကို တင်ပြလိုသည်မှာ ဥပဒေကိုပြင်ဆင်ရန်နှင့် နည်းဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေပါကြောင်း၊ ဆက်သွယ်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းပေးနေသည့် Service Provider များကနေပြီး မလျော်မကန်လုပ်သည့် ကိစ္စများနှင့် ပတ်သက်ပြီး တရားစွဲ၍ရသည့် အခြေအနေမရှိပါကြောင်း၊ သို့သော်လည်း ခုနပြောသကဲ့သို့ ပုဒ်မ ၆၆ (ဂ) နှင့် ဆိုလျှင် တစ်မျိုးဖြစ်နိုင်ပါကြောင်း၊ ၎င်းကိုအသုံးချပြီး ပြန်လုပ်လျှင်တော့ ရနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အလေးထားပြီး ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ရှင်းလင်းဖြေကြားပါသည်။

 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါ မေးခွန်းသည် ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်ပြီး အများအတွက် အကျိုးရှိစေသော မေးခွန်းဖြစ်သည့်အတွက်ကြောင့်‌ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၅၀ အရ နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေမည့် မေးခွန်းနှင့် ဖြေကြားချက်များ ဖြစ်သည့်အတွက် နိုင်ငံတော်ပြန်တမ်းတွင် ထည့်‌သွင်းခြင်းနှင့်‌ နိုင်ငံတော်ပိုင်သတင်းစာများတွင် ဖော်ပြနိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လွှတ်တော်သို့ အသိပေးတင်ပြအပ်ပါသည်။