Skip to main content

ထင်းအစားထိုးလောင်စာတောင့် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

 

နိဒါန်း

၁။    မြန်မာနိုင်ငံရှိ လူဦးရေ (၅၁) သန်းအနက် အိမ်ထောင်စုအရေအတွက်မှာ (၁၀) သန်း ကျော်ရှိပါသည်။ အိမ်ထောင်စုများ၏ ၈၀ ရာခိုင်နှုန်းသည် ထင်း၊ မီးသွေး၊ အခြားသော သစ်တောထွက်ပစ္စည်းများနှင့် ဆက်စပ်လျက်ရှိသော လောင်စာများကို နေ့စဉ်အသုံးပြုနေကြပါသည်။ ၎င်းလောင်စာများမှာ  လျှပ်စစ်၊ ရေနံဆီ၊ ဇီဝဓာတ်ငွေ့၊ ထင်း၊ မီးသွေး၊ ကျောက်မီးသွေး၊ ကောက်ရိုး နှင့်  မြက်ခြောက်တို့ဖြစ်ကြပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် ထင်း၊ မီးသွေးနှင့် လျှပ်စစ်ကို အများဆုံး သုံးစွဲကြသော်လည်း  ဓာတ်ငွေ့သုံးစွဲသည့် အိမ်ထောင်စုသည် အနည်းဆုံးဖြစ်ပြီး  ထင်းနှင့် မီးသွေးသုံးစွဲမှုသည် အများဆုံးဖြစ်ပါသည်။  သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် ထင်း၊ မီးသွေးသုံးစွဲမှု လျော့နည်းစေရေးအတွက် အစားထိုး လောင်စာတောင့် သုံးစွဲနိုင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။  

ထင်း၊ မီးသွေးသုံးစွဲမှုအခြေအနေ

၂။    မြန်မာတစ်နိုင်ငံလုံး၏ ထင်းသုံးစွဲမှုမှာ (၆၉.၂) ရာခိုင်နှုန်းဖြစ်ပြီး မီးသွေးနှင့်လောင်စာတောင့် သုံးစွဲမှုသည် (၁၁.၈) ရာခိုင်နှုန်းဖြစ်ပါသည်။  အခြားလောင်စာများ သုံးစွဲမှုသည် (၁၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ မြို့ပြနေအိမ်ထောင်စုတစ်စုသည် နေ့စဉ်ချက်ပြုတ်ရန်အတွက် တစ်နှစ်လျှင် ပျမ်းမျှ ထင်း ၂ ကုဗတန်ခန့်သုံးစွဲပြီး ကျေးလက်နေ အိမ်ထောင်စုတစ်စုသည် တစ်နှစ်လျှင် ပျမ်းမျှ ထင်း ၂ ဒသမ ၅ ကုဗတန်ခန့် သုံးစွဲနေကြပါသည်။  

၃။    မီးသွေးသုံးစွဲမှုသည် မိသားစုဝင်ဦးရေနှင့် ဝင်ငွေပေါ်မူတည်၍ တစ်ရက်လျှင် မီးသွေး ၅၀ ကျပ်သားမှ ၁ ပိဿာ ၂၅ ကျပ်သားအထိရှိပါသည်။  မြန်မာတစ်နိုင်ငံလုံးအနေဖြင့် တစ်နှစ်လျှင်  မီးသွေးသုံးစွဲမှုပမာဏ စုစုပေါင်းသည် (၅၆၂၀၈၀) မက်ထရစ်တန်ခန့်ဖြစ်ပါသည်။ မီးသွေးဖုတ် ရာတွင် မီးသွေး (၁) မက်ထရစ်တန်ရရှိရန် လေဖြင့် အခြောက်ခံထားသောထင်း (၃) မက်ထရစ် တန်လိုအပ်ပါသည်။ ထို့ကြောင့်မီးသွေးသုံးစွဲသော အိမ်ထောင်စုတစ်စု၏ တစ်နှစ်လျှင် မီးသွေး သုံးစွဲမှုပမာဏ(၄၃၈.၄) ကီလိုဂရမ်ရရှိရန်အတွက် ထင်းပမာဏ (၁၃၁၅.၂) ကီလိုဂရမ် သို့မဟုတ် (၁.၃၁၅၂) မက်ထရစ်တန်ခန့် လိုအပ်ပါသည်။  ထိုသို့သုံးစွဲခြင်းကြောင့် နှစ်စဉ်သစ်တော ပြုန်းတီးမှုပမာဏသည် (၃.၄) ကုဗတန် ရှိနေပါသည်။  

မြန်မာနိုင်ငံတွင် လောင်စာတောင့် ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ

၄။    မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးသည့်နိုင်ငံဖြစ်သောကြောင့် စပါးခွံ များသည် အလျှံ့အပယ်ရနိုင်သော စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။  မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ  နှစ်စဉ်စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းအဖြစ် စပါးခွံတန်ချိန် (၂.၆) ဘီလီယံဝန်းကျင်ကို ရရှိလျှက်ရှိပါသည်။  အဆိုပါစွန့်ပစ်စပါးခွံများကို လောင်စာတောင့် အဖြစ် ပြန်လည်ထုတ်လုပ်နိုင်ပါက ထင်းနှင့်မီးသွေးသုံးစွဲမှုကို အစားထိုးနိုင်မည်ဖြစ်ပါသည်။ စပါးခွံလောင်စာတောင့်ကို အသုံးပြုခြင်းသည် ကျေးလက်ပြည်သူများ၏ ထင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်၍  ထိထိရောက်ရောက် အထောက်အပံ့ပြုနိုင်ပါသည်။  

၅။    ထို့အပြင် သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ နှမ်းရိုး၊ ပဲရိုး၊ နေကြာရိုး၊ ပြောင်းရိုး၊ ပဲစင်းငုံရိုးများကို ပြန်လည်အသုံးမပြုဘဲ အလေအလွင့်ထားရှိနေသည်ကို ကျေးလက် အချို့တွင် တွေ့ရှိရပါသည်။ ယင်းကောက်ရိုး၊ ပဲစင်းငုံရိုးများကို နွားစာအဖြစ်လည်းကောင်း၊ လောင်စာအဖြစ်လည်းကောင်း အသုံးပြုနေကြသော်လည်း နှမ်းရိုး၊ နေကြာရိုးများကို အလေအလွင့် အနေဖြင့် စုပုံထားလေ့ရှိပါသည်။  

၆။     စပါးခွံ၊ မြေပဲခွံ၊ နေကြာခွံ၊ နှမ်းရိုးနှင့် ပဲစင်းငုံရိုး စသည်တို့ကို လောင်စာတောင့်အဖြစ် သုံးစွဲရေး၊ စွမ်းအင်ထုတ်ပစ္စည်းများ တီထွင်အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ မရှိမဖြစ် လိုအပ်သည့်လောင်စာအတွက် ထင်းအစားထိုးလောင်စာ အသုံးပြုခြင်း ဖြင့် နိုင်ငံ၏အဖိုးတန်ရတနာများဖြစ်သည့် သစ်တောသယံဇာတများကိုလည်း ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။  

ထင်းအစားထိုးစပါးခွံလောင်စာတောင့်  

၇။    စပါးခွံသည် အပူစွမ်းအင်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါသည်။  စွန့်ပစ်သည့် စပါးခွံများကို လောင်စာတောင့်အဖြစ်ပြောင်းလဲ၍ ကာဗွန်မိုနော့ဆိုဒ်ဓါတ်ငွေ့ကို ထုတ်လွှတ်စေကာ အဆိုပါစွမ်းအင်ဖြင့် အင်ဂျင်များ၊ ဒိုင်နမိုများကို လည်ပတ်စေနိုင်ပါသည်။  စပါးခွံတစ်တန်လျှင် လျှပ်စစ် (၄၁၀) ကီလိုဝပ်မှ (၅၇၀) ကီလိုဝပ်အထိထုတ်လုပ်နိုင်ပါသည်။  
၈။    စပါးခွံများကို ဖိအားပေါင်ချိန် (၃၅၀၀) မှ (၄၀၀၀) အထိပေးပြီး စပါးခွံတောင့်များအဖြစ် ပြုလုပ်၍ ထင်းအစားထိုးလောင်စာတောင့် ထုတ်လုပ်ခြင်းဖြစ်ပါသည်။  စပါးခွံအပြင် အခြား ကုန်ကြမ်းများဖြစ်သည့် လွှစာမှုန့်၊ မြေပဲခွံ၊ နေကြာခွံစသော စွန့်ပစ်ပစ္စည်းများကိုလည်း စပါးခွံ လောင်စာတောင့်အဖြစ် ထုတ်လုပ်အသုံးပြုနိုင်ပါသည်။

စပါးခွံလောင်စာတောင့်ထုတ်လုပ်ပုံအဆင့်ဆင့်

၉။    စပါးခွံလောင်စာတောင့်ထုတ်လုပ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)   စပါးခွံအတွက် Inclined Screw Conveyor (လည်နေသည့် ခရုပတ်ပုံဝက်အူ) တွင်ထည့်ရမည့် ပမာဏအတိုင်းချိန်ပြီး ထည့်ပေးခြင်း။ 
(ခ)    စပါးခွံကို သန့်စင်ရွေးထုတ်ခြင်းအတွက် လုံးဇကာ (အစောင်း) စက်ကို အသုံး ပြုခြင်း။
(ဂ)    စပါးခွံမှ စိုစွတ်စေသည့် ရေငွေ့ထုတ်၍ အခြောက်ခံရန် Big and long Rotating Drum (ကြီးမားရှည်လျားပြီး လည်ပတ်နေသည့်စည်ပိုင်း) အတွင်းသို့ဖြတ်၍ စပါးခွံများကို သန့်စင်ကာ ငွေ့ကို လျှော့ချထုတ်ယူခြင်း။
(ဃ)    ရေငွေ့မပါရှိသည့် စပါးခွံ ကုန်ကြမ်းအခြောက်များကို Distribution Feeder (လျှပ်စစ်ဓါတ်အား အသုံးပြု၍ပျံ့နှံ့စေခြင်း) မှ တစ်ဆင့် Screw Press (ဝက်အူ ပုံသဏ္ဍန် ဖိအားပေးစက်) အင်းသို့ ထည့်သွင်းခြင်း။
(င)     ၎င်းဝက်အူ၏ အထွက်တွင် လျှပ်စစ်အပူပေးကွိုင် အကြီးစားများ တပ်ဆင်ထား သည့်အတွက် ဖိအားအသုံးပြုပြီး ထွက်ရှိလာသော စပါးခွံ/လွှစာ အခြောက်များကို ကျစ်ထုတ်လိုက်ခြင်းဖြင့်  မာကျောတောက်ပြောင်သည့် စပါးခွံလောင်စာတောင့်များ ရရှိပါသည်။

03

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပုဂ္ဂလိကလုပ်ငန်းများမှ လောင်စာတောင့်ထုတ်လုပ်နေမှုများ
၁၀။    စပါးခွံကို အစားထိုးလောင်စာတောင့်အဖြစ် အသုံးပြုမှုကို ၂၀၁၂ ခုနှစ်တွင် စတင်အသုံး ပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှ နည်းပညာကိုယူ၍ လောင်စာတောင့် စက်ရုံတစ်ခုကို စစ်တွေမြို့တွင် ပထမဆုံးအနေဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ လောင်စာတောင့်ထုတ်လုပ်သည့် စက်များကို ဘင်္ဂလားဒေ့ရှ်မှမှာယူပြီး ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်နှင့် နေပြည်တော်ကောင်စီနယ်မြေ အေလာတွင် လောင်စာတောင့်စက်များကို တပ်ဆင်အသုံးပြုလျက်ရှိပါသည်။ 

၁၁။    စစ်တွေမြို့တွင် စက်ရုံစတင်လည်ပတ်သည်မှစ၍ စပါးခွံလောင်စာတောင့် ပိဿာချိန် ပေါင်း (၁၅) သိန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါသည်။ ထိုသို့ ထုတ်လုပ်အသုံးပြုခြင်းသည် သစ်တော ဧက (၅၀၀၀) ကျော်ကို ကာကွယ်သကဲ့သို့ဖြစ်နေပါသည်။ တစ်နေ့လျှင် လောင်စာတောင့် ပိဿာချိန် (၅၀) ကို ထုတ်လုပ်နိုင်ပြီး လောင်စာတောင့် တစ်ပိဿာကို ပျမ်းမျှ (၂၅၀) ကျပ်နှုန်း ဖြင့် ဝယ်ယူသုံးစွဲနိုင်ပါသည်။  

၁၂။    ယခုအခါ စပါးခွံလောင်စာတောင့်ထုတ်လုပ်သောစက်နှင့် စက်အပိုပစ္စည်းများကို မျိုးမြတ်မွန် ကုမ္ပဏီ(ကျိုက်လတ်)မှ ထုတ်လုပ်ရောင်းချပေးလျက်ရှိပြီး ၎င်းကုမ္ပဏီသည် ဒေသဆိုင်ရာ SME ထုတ်ကုန်ဆုကို ရရှိခဲ့သော ကုမ္ပဏီဖြစ်ပါသည်။ 

၁၃။    အဆိုပါကုမ္ပဏီမှ ထုတ်လုပ်ရောင်းချသော လောင်စာတောင့်စက်၏ အလျားမှာ (၅) ပေ၊ အနံ (၂) ပေနှင့် အမြင့် (၄) ပေရှိပါသည်။ လောင်စာတောင့်စက်လည်ပတ်ရန် မော်တာ (၇.၅) ကီလိုဝပ်နှင့် (၆) ကီလိုဝပ် ရှိသောအပူပေးစက် အသုံးပြုရမည်ဖြစ်သဖြင့် တနိုင်တပိုင်လုပ်ကိုင် နိုင်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ တစ်နာရီလျှင် စပါးခွံ လောင်စာတောင့် ပိဿာ (၄၀) မှ (၅၀) အထိ ထုတ်လုပ်နိုင်ပါသည်။ လောင်စာတောင့်စက်၏ တန်ဖိုးမှာ မြန်မာကျပ်ငွေ (၃၅) သိန်း ဖြစ်ပါသည်။  

၁၄။     စိမ်းလန်းမြေစိုက်ပျိုးမွေးမြူရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်မှ စက်များကို အရစ်ကျစနစ်ဖြင့်ရောင်းချပေးခဲ့ပြီး တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် စီစဉ်ခဲ့ပါသည်။ 

၁၅။    စစ်ကိုင်းစက်မှုဇုန်မှ ထုတ်လုပ်သည့် စပါးခွံနှင့် လွှစာမှုန့်တို့ဖြင့် ပြုလုပ်ထားသော လောင်စာတောင့်ကို  ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိရာ ထုတ်လုပ်နိုင်မှုပမာဏထက် ဝယ်လို သည့် ပမာဏက ပိုမိုများပြားနေပါသည်။ လောင်စာတောင့်ထုတ်လုပ်သည့် နည်းပညာဖြင့် ထုတ် လုပ်ပြီး လောင်စာတောင့်များကို  ဂျပန်နိုင်ငံရှိ အကင်ဆိုင် လုပ်ငန်းတစ်ခုသို့ တင်ပို့လျက် ရှိပါ သည်။ တစ်နှစ်လျှင် တန် (၂၀) ပါ ကွန်တိန်နာတစ်လုံး ထုတ်လုပ်တင်ပို့နိုင်ပါသည်။ ကွန်တိန်နာ တစ်လုံးကို ဂျပန်နိုင်ငံအရောက် အမေရိကန် ဒေါ်လာ (၁၄၀၀၀) ရရှိပါသည်။ စက်ပစ္စည်း အခက်အခဲတစ်ခုဖြစ်သည့် “လွန်”ကြောင့် လိုအပ်သလောက် ထုတ်လုပ်တင်ပို့နိုင်ခြင်း မရှိသေးပါ။    ကျိုက်မရောမြို့နယ်ရှိ မော်လမြိုင် ဘိလပ်မြေစက်ရုံတွင် စက်ရုံလည်ပတ်ရန် လိုအပ်သော စွမ်းအင်ကို စပါးခွံလောင်စာဖြင့် အစားထိုးသုံးစွဲနေပါသည်။ 

၁၆။    ပခုက္ကူမြို့ ဗာဂျီးနီးယားဆေးလုပ်ငန်းမှ စပါးခွံလောင်စာတောင့် စက်ရုံဖွင့်ပွဲကို  ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင်ကာ စမ်းသပ်လည်ပတ်ခဲ့ပြီး ဆေးစိုက်ရာသီတွင် စပါးခွံ လောင်စာတောင့် ပိဿာ (၉၅ဝဝဝ) ထုတ်လုပ်ရန် ရည်မှန်းထားပါသည်။ ယခင်က ဆေးပေါင်းရာ တွင် ထင်းတန်ချိန်ပေါင်း မြောက်မြားစွာ အသုံးပြုရသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း နိုင်ရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရေးတို့အတွက် စပါးခွံလောင်စာတောင့် စက်ရုံကို မျှော်မှန်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

၁၇။    တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီအဖွဲ့အစည်းများသည် ပြင်သစ်နိုင်ငံမှ ပညာရှင်များ နှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံ၏ နည်းပညာဖြင့် မကွေးမြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ (၇) ဧက ကျယ်သော အမှိုက်စွန့်ပစ်ကျင်းနေရာတွင် စွန့်ပစ်အမှိုက်များအား မီးသွေးတောင့်အဖြစ် ပြောင်းလဲထုတ်လုပ်မည့် အမေရိကန် ဒေါ်လာ (၅) သန်းတန်ဖိုးရှိ စက်ရုံတစ်ခုကို တည်ဆောက် ရန် ဆွေးနွေးခဲ့ပါသည်။   နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် (၆၀) နှင့် တိုးမြှင့်သိမ်းဆည်း သွားမည့် အမှိုက်တန်ချိန် (၄၀) စုစုပေါင်းအမှိုက် တန်ချိန် (၁၀၀) ကို စက်ရုံသို့ နေ့စဉ် ပေးသွင်းရမည်ဖြစ်ပြီး တစ်တန်လျှင် ဒေါ်လာ (၂၀၀) တန်ဖိုးရှိ မီးသွေးတောင့် (၃၅) တန် နေ့စဉ် ထုတ်လုပ်မည်ဖြစ်ရာ မကွေးဒေသဖွံ့ဖြိုးရေးအတွက် အကျိုးခံစားခွင့် (၅) ရာခိုင်နှုန်းရရှိမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ 

စပါးခွံလောင်စာတောင့်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

၁၈။    စပါးခွံလောင်စာတောင့် သုံးစွဲခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်- 
(က)    ထင်း၊ မီးသွေးများထက် ဈေးနှုန်းထက်ဝက်သက်သာခြင်း၊
(ခ)    စွန့်ပစ်စပါးခွံကို ကုန်ကြမ်းအဖြစ် သုံးခြင်းကြောင့် သစ်တောပြုန်းတီးခြင်းကို ထိန်းသိမ်းရာရောက်ပြီး သဘာဝပတ်ဝန်းကျင်အန္တရာယ်များမှ ကာကွယ်နိုင်ခြင်း၊
(ဂ)    ထင်း၊ မီးသွေးအသုံးပြုခြင်းများထက် သက်သာ၍ လစဉ်၊ နှစ်စဉ် ငွေကုန် သက်သာခြင်း၊
(ဃ)    စပါးခွံလောင်စာတောင့်၏ မီးအပူပြင်းအားသည် (၁၆၃၂၀) ကီလိုဂရမ် ရှိသော ကြောင့် သာမန် ထင်း၊ မီးသွေးတို့ထက် လောင်ကျွမ်းအားကောင်းခြင်းတို့ ဖြစ်ပါ သည်။   
၁၉။    စပါးခွံ့လောင်စာတောင့်ကို ဓါတ်မြေသြဇာအဖြစ်လည်း အသုံးပြုနိုင်သည့်အပြင် လျှပ်စစ် မစီးနိုင်သည့် လျှပ်ကာပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ စပါးခွံပြာတွင် စီလီကာ အနည်း ဆုံး (၇၅) ရာခိုင်နှုန်း ပါဝင်ပါသည်။  စပါးခွံပြာကို ဘိလပ်မြေအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ စပါးခွံပြာကို အသုံးပြုမှု အကောင်းဆုံးအပိုင်းမှာ ဇီဝဗေဒနှင့်ဆိုင်သည့် ဆုံးရှုံးမှုကို လျော့ကျ စေခြင်းဖြစ်ပြီး လောင်စာအတွက် ကောင်းမွန်သည့် အရင်းအမြစ်ဖြစ်နိုင်ပြီး စွမ်းအင်ကို ပြန်လည် ထုတ်လုပ်နိုင်သည့် အစွမ်းလည်းရှိပါသည်။  စပါးခွံပြာကိုအသုံးပြု၍ အပင်များ စိုက်ပျိုးနိုင် ပါသည်။ ရရှိလာသော စပါးခွံပြာကို ရေမစိုစေဘဲ မြေကြီးတွင်းသို့ချက်ချင်း ထည့်သွင်း၍ အသုံးပြု ရပါမည်။ တစ်ဧကလျှင် စပါးခွံဖွဲပြာ (၃၀၀၀) ကီလိုဂရမ် ထည့်သွင်းပေးရပါမည်။ ရေမဆိုသည့် စပါးခွံဖွဲပြာကို ထည့်ခြင်းဖြင့် ပိုတက်စီယမ် အဟာရဓါတ် ရရှိစေပါသည်။     

၂၀။    စပါးခွံကို ပြန်လည်အသုံးမပြုဘဲ စွန့်ပစ်ပါက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေ တတ်ပါသည်။ ထို့အပြင် စပါးခွံများသည် မြစ်ချောင်း၊ အင်းအိုင်များသို့ ရောက်ရှိသွားပါက ငါးသယံဇာတနှင့်အတူ ရေ၏အရည်အသွေးကို ထိခိုက်ပျက်စီးစေပါသည်။ စပါးခွံမှ မြေသြဇာ ဖြစ်ရန် အချိန် (၄) နှစ် ကြာမြင့်ပါသည်။ စပါးခွံသည် အလွယ်တကူ မဆွေးနိုင်သောကြောင့် ရေလမ်းကြောင်း ပိတ်ဆို့မှုများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။      

နိုင်ငံအချို့၏ စပါးခွံလောင်စာတောင့် သုံးစွဲမှု

၂၁။    ထင်းအစားထိုး စပါးခွံလောင်စာတောင့်ကို အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လွန်ခဲ့သော နှစ်များကတည်းကပင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။

(က)  ဗီယက်နမ်နိုင်ငံ။    ။ဗီယက်နမ်နိုင်ငံသည် ကမ္ဘာတွင်ဆန်တင်ပို့မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး ဆန်စားသုံးမှု အဋ္ဌမအများဆုံးနိုင်ငံဖြစ်ပါသည်။  နှစ်စဉ် ပျမ်းမျှအားဖြင့် ဆန်တန်ချိန် (၄၄) မီလီယံတန် ထွက်ရှိပါသည်။ စပါးခွံ တန်ချိန်မှာ ပျမ်းမျှအားဖြင့်နှစ်စဉ် (၉) မီလီယံတန် ထွက်ရှိပါသည်။ ကြီးမားသည့် ဆန်ထုတ် လုပ်သည့် စင်တာ (၂) ခု ရှိပါသည်။ ထွက်ရှိလာသည့် စပါးခွံများအား ပြန်လည် အသုံးချရာတွင် စပါးခွံ (၁၅) ရာခိုင်နှုန်းကို ချက်ပြုတ်ခြင်းအတွက် သုံးစွဲ၍(၅၀) ရာခိုင်နှုန်းကို အုတ်ဖုတ်ခြင်းလုပ်ငန်းနှင့် (၁၀) ရာခိုင်နှုန်းကို လောင်စာတောင့် အဖြစ် သုံးစွဲကြသော်လည်း (၂၅) ရာခိုင်နှုန်းသည် အသုံးမပြုဘဲ ကျန်ရှိနေပါသည်။ စပါးခွံများသည် အသုံးမဝင်သည့် စွန့်ပစ်ပစ္စည်းများဖြစ်ပြီး အလွယ်တကူ မီးလောင်ကျွမ်းနိုင်ပါသည်။ ထို့ကြောင့် စပါးခွံများကို လောင်စာ အဖြစ်အသုံးပြုရန် စပါးခွံလောင်စာတောင့်များအဖြစ်ပြုလုပ်၍ သုံးစွဲကြပါသည်။ အချို့ကုမ္ပဏီများ သည် စီးပွားရေးဈေးကွက်များတွင်သာမက စက်ရုံများ၌ပါ စပါးခွံလောင်စာကို အသုံးပြုနေကြပါသည်။ 

(ခ)  ထိုင်းနိုင်ငံ။    ။ ထိုင်းနိုင်ငံတွင် ဆန်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် ပျမ်းမျှအား ဖြင့် ဆန်တန်ချိန် ၆၀ မီလီယံတန်ခန့် ထွက်ရှိပါသည်။ စပါး (၁) တန်လျှင် စပါးခွံ (၂၂၀) ကီလိုဂရမ် ထွက်ရှိပါသည်။ စပါးခွံ (၁) တန်လျှင် (၄၁၀) မှ (၅၇၀) ကီလိုဝပ် ရှိသော လျှပ်စစ် စွမ်းအားကို ထုတ်လုပ်နိုင်ပါသည်။  ထိုင်းနိုင်ငံသည် စပါးခွံကို လောင်စာအဖြစ် အသုံးမပြုသော်လည်း လျှပ်စစ်စွမ်းအား ထုတ်လုပ်၍ အသုံးပြု လျက်ရှိသည်ကို တွေ့ရှိရပါသည်။   

(ဂ) အိန္ဒိယ။        ။ အိန္ဒိယနိုင်ငံတွင် ဆန်ထုတ်လုပ်ခြင်းမှ စပါးခွံ (၂၂) ရာခိုင်နှုန်း ရရှိ ပါသည်။  ဆန်ထုတ်လုပ်မှုများပြားခြင်းကြောင့် တစ်လလျှင် စပါးခွံလောင်စာတောင့်  (၅၀၀) မက်ထရစ်တန် ထုတ်လုပ်နိုင်ပါသည်။ နောင်တွင် လောင်စာတောင့် (၃၀၀၀) မက်ထရစ်တန် ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပါသည်။  

(ဃ) ဂျပန်။         ။ ဂျပန်နိုင်ငံသည် ကမ္ဘာတွင် (၉) နိုင်ငံမြောက် ဆန်တင်ပို့ထုတ် လုပ်မှုအများဆုံး နေရာတွင်ရှိပါသည်။  တစ်နှစ်လျှင် စပါးတန်ချိန် (၈၅၀၀၀၀၀) ထွက်ရှိရာ ၎င်းစပါးမှ စပါးခွံသည် (၂၀) ရာခိုင်နှုန်း ထွက်ရှိပါသည်။ ထွက်ရှိလာ သည့် စပါးခွံအများစုကို စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် အချို့ကို လောင်စာတောင့် အဖြစ် အသုံးပြုကြပါသည်။     ဂျပန်နိုင်ငံတွင်လည်း ဆန်စပါးမှတစ်ဆင့် လောင်စာ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

(င) တရုတ်။        ။ လယ်ယာထွက်သီးနှံများ၏ ဘေးထွက်စွန့်ပစ်ပစ္စည်းများမှ ဇီဝ လောင်စာအဖြစ် အသုံးပြုနိုင်ပါသည်။ တရုတ်နိုင်ငံသည် ဆန်စပါးကို အများဆုံး စိုက်ပျိုးသည့် နိုင်ငံဖြစ်၍ ဆန်စပါးဘေးထွက်ပစ္စည်းတစ်မျိုးဖြစ်သော ကောက်ရိုးကို ပြန်လည်အသုံးချ၍ တန်ဖိုးကြီးမားသော ဇီဝလောင်စာတစ်ခုအဖြစ် တစ်ဖန် ပြန်လည်အသုံးချမှုကို သုတေသနပြုလုပ်၍ ဆောင်ရွက်လျှက်ရှိပါသည်။ တရုတ် နိုင်ငံသည် တစ်နှစ်လျှင် ဆန်စပါးစိုက်ပျိုးရာမှ ကောက်ရိုးတန်ပေါင်း (၂၃၀) သန်း ခန့်ထွက်ရှိပါသည်။ တိရိစ္ဆာန်အစားအစာဖြင့် အသုံးပြုပြီး ကျန်ရှိသော ကောက်ရိုး များကို မီးရှို့စွန့်ပစ်၍ လေထုညစ်ညမ်းမှုနှင့် တောမီးလောင်ခြင်းကို ကာကွယ်ရာ ရောက်ပါသည်။   တရုတ်နိုင်ငံတွင် ဇီဝလောင်စာ Station များ တည်ဆောင်၍ အိမ်ထောင်စုများကို မြေအောက် ပိုက်လိုင်းများမှ တစ်ဆင့် ဇီဝဓါတ်ငွေ့ ပေးဆောင် ရန် စီမံထားပါသည်။ ထို့အပြင် အကျိုးကျေးဇူးတစ်ခုမှာ စပါး၊ ကောက်ရိုး အကြွင်း အကျန်များသည် မူလစပါးခင်းများသို့ ပြန်လည်ရောက်ရှိပြီး အော်ဂဲနစ်မြေသြဇာများ အဖြစ် ပြန်လည်အသုံးချနိုင်ခြင်းဖြစ်ပါသည်။ Recycle သဘော ပြန်လည်အသုံးပြု နိုင်ခြင်းဖြစ်ပါသည်။ ထို့အပြင် ၎င်းလုပ်ငန်းစဉ်၏ ဘေးထွက်တစ်ခုဖြစ်သော CO2 သည် နေမှအပူကို ပြန်လည် စစ်ယူလိုက်သည့် အပြင် စပါးများကြီးထွားစဉ်တွင် စပါးက CO2 ကို ရယူသည့်အခါ လေထုတွင် CO2 ပါဝင်မှုကို လျော့နည်းစေပါ သည်။  

၂၂။    တင်ပြပါနိုင်ငံများသည် စပါးကို အဓိကထား စိုက်ပျိုးသောနိုင်ငံများဖြစ်ကြပြီး ဘေးထွက် စပါးခွံကို ထိရောက်အကျိုးရှိစွာ အသုံးပြု၍ လောင်စာကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနေပုံကို နမူနာထား တင်ပြထားခြင်းဖြစ်ပါသည်။ 

နိဂုံး
၂၃။    မိမိတို့နိုင်ငံသည် လောင်စာတောင့် ထုတ်လုပ်နိုင်သည့် လယ်ယာစွန့်ပစ်ကုန်ကြမ်းများ များစွာရှိခြင်းကြောင့် ၎င်းတို့ကို လောင်စာတောင့်အဖြစ် အသုံးချနိုင်မည်ဆိုပါက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။  ထင်းအစားထိုး လောင်စာတောင့်ဖြစ်သော စပါးခွံလောင်စာတောင့်သည် မီးခိုးထွက်ရှိမှု အနည်းငယ်ရှိသော်လည်း သစ်တောများ ပြုန်းတီးစေသည့် ထင်းသုံးစွဲမှုကို လျှော့ချနိုင်ခြင်းကြောင့် သုံးစွဲသင့်သည့် ထုတ်ကုန် ဖြစ်သည့်အပြင် renewable နှင့် clean energy ကိုဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်နှင့် သစ်တော သယံဇာတများကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့် တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေး ချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်အသွေး ပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်း မရှိပါ။
 

ရက်စွဲ
၇.၁၂.၂၀၁၈