Skip to main content

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း နှင့်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနှင့် အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် ရန်ကုန်စည်ပင်ပြင်ပ (၁၁) မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး စီမံချက်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတွင် ပါဝင်သော  Eco Green လုပ်ငန်းစီမံကိန်း၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်တွင် စက်မှုဇုန် အထောက်အကူပြု ပြင်ပအခြေခံအဆောက်အဦ လုပ်ငန်းစီမံကိန်းနှင့် မိုးပျံနှစ်ထပ်အမြန်လမ်း စီမံကိန်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်တွင်းဆွေးနွေးမှု အခြေအနေများအား လည်းကောင်း၊ ရန်ကုန်မြို့သစ်အနောက်တောင် စီမံကိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရင်းနှီးမြှုပ်နှံထားသော အများပိုင်သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် ပတ်သက်သည့်ကိစ္စရပ်များအား လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်