Skip to main content

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ ကွန်ဂရက်၊ တိုင်းရင်းသားရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Tondrub Wangben အား တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာကော်မတီဒုတိယဥက္ကဋ္ဌ H.E.Mr. Tondrub Wangben ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ သဘင်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က တရုတ်- မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မိမိတို့ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလုပ်ငန်းများတွင် အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်းအေးချမ်း ရေးနှင့်စည်းလုံးညီညွတ်ရေးသည် အင်မတန် အရေးကြီးပါကြောင်း၊ မိမိတို့ လွှတ်တော်နှင့်အစိုးရ အနေဖြင့်လည်း တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေများနှင့် တိုင်းရင်းသားများအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသား ရေးရာဝန်ကြီးဌာန တစ်ခုကို ဖွဲ့စည်းထားရှိပြီး တိုင်းရင်းသားများ၏ တန်းတူညီမျှရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မိမိတို့နိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင် နိုင်ရေးဆိုင်ရာ လုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ထောက်ခံအားပေး ကူညီဆောင်ရွက်သွား မည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကဏ္ဍများတွင် ပိုမို ထိရောက်မြန်ဆန်သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌ က ပြန်လည်ဆွေးနွေးပြောကြားရာတွင် တရုတ်- မြန်မာ နှစ်နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြသည့် နိုင်ငံများဖြစ်သည့်အားလျော်စွာ နိုင်ငံရေးသမိုင်းကြောင်း ဖြစ်စဉ်များလည်း များစွာတူညီပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တည်ငြိမ်အေးချမ်း ရေးနှင့် စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် လည်း တိုင်းရင်းသားများ၏ အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးနှင့် စည်းလုံးညီညွတ်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက် နေသည့်အတွက် အတွေ့အကြုံနှင့် အကူအညီများကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ တိုင်းရင်းသားရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Tondrub Wangben တို့သည် အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ  ၂၇ ရက်