Skip to main content

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးကို ကျန်းမာချမ်းသာစွာနဲ့ တက်ရောက်လာကြတာ တွေ့ရတဲ့အတွက် ဝမ်းမြောက်ပါကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်များကိုလည်း ပြည်သူ့လွှတ်တော်က လှိုက်လှဲစွာဂုဏ်ပြုကြိုဆို အပ်ပါတယ်။ ဒီနေ့စတင်ကျင်းပတဲ့ ဒသမပုံမှန် အစည်းအဝေးမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ (၂၃) ခု နဲ့ အဆို (၁၀) ခုရှိပါတယ်။ မေးခွန်းများအနေနဲ့ န၀မပုံမှန်အစည်းအဝေးကနေ ဒသမပုံမှန်အစည်းအဝေးကို ပြောင်းရွှေ့ မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်း (၁၁၉) ခု အပါအဝင် အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း (၁၂၀) ခု ရှိပါကြောင်း အသိပေးတင်ပြပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-

ကျွန်တော်တို့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များရှင်သန် ရပ်တည်လာခဲ့တာဆိုရင် ဒုတိယသက်တမ်းရဲ့ ဒသမအကြိမ်ကိုရောက်ရှိ လာခဲ့ပြီဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့ ဥပဒေပြုရေးမဏ္ဍိုင်များအဖြစ်နဲ့ လှုပ်ရှားလည်ပတ်နေပြီလည်း ဖြစ်ပါတယ်။ မိမိတို့ဥပဒေပြုရေး မဏ္ဍိုင်အနေနဲ့ ခေတ်စနစ်နဲ့ လိုက်လျောညီထွေတဲ့ ဥပဒေများ ပြဋ္ဌာန်းပေးနိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်များအနေနဲ့ ခေတ်သစ်၊ စနစ်သစ်နဲ့ လိုက်လျောညီထွေတဲ့ တွေးခေါ်မှုတွေကို ပြောင်းလဲခံယူ ကျင့်သုံးနိုင်ကြရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ဒီမိုကရေစီစနစ်ကို ပုံဖော်နေတဲ့ အချိန်ကာလမှာ ရှိသင့်ရှိထိုက်တဲ့ ဒီမိုကရေစီစံချိန်စံညွှန်းတွေရောက်ရှိဖို့ ကြိုးပမ်းအားထုတ် ကြရဦးမှာ ဖြစ်ပါတယ်။ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့ မေးခွန်းတွေ၊ အဆိုတွေ ဆွေးနွေးကြတဲ့အခါ အချင်းချင်းစိတ်ဝမ်းကွဲပြားစေမယ့် အပြောအဆိုတွေ၊ အထင်အမြင် လွဲမှားစေမယ့် အပြုအမူတွေကို သတိပြုရှောင်ရှား ကြစေလိုပါတယ်။ ပါတီတွေအကြား မူဝါဒမတူ၊ အမြင်မတူတာတွေ ရှိကြပေမယ့်လည်း မိမိတို့အားလုံးဟာ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး စည်းလုံးညီညွတ်စွာ ဆွေးနွေးဆုံးဖြတ် သွားကြဖို့တိုက်တွန်းလိုပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-

ဥပဒေပြုရေးတာဝန်တွေ ထမ်းဆောင်ဖို့ မိမိတို့ကိုပြည်သူက ရွေးချယ်တာဝန်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ မိမိတို့ ပြည်သူပြည်သားများအတွက် ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီတဲ့ ဥပဒေများနှင့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးကြရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်ကလည်း ဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲမှုတွေ အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့အတွက် ကြုံတွေ့နေရတဲ့ အဓိက စိန်ခေါ်မှုကတော့ ပြည်တွင်းငြိမ်းချမ်းရေးဘဲ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှသာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်တဲ့အတွက် “ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ပြည်သူများနှင့်အတူ မိမိတို့ ကျရာ အခန်းကဏ္ဍမှ ကျေပွန်စွာ ပါဝင် ဆောင်ရွက်ကြပါစို့ ” လို့ တိုက်တွန်း ပြောကြားရင်း ကြိုဆိုနှုတ်ခွန်း ဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

                                                            ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်