Skip to main content

နိုင်ငံတကာမှ ထိပ်သီးခေါင်းဆောင်များ၏ မဲဆွယ်စည်းရုံးမှု နည်းဗျူဟာများအား လေ့လာခြင်း

အကျဉ်းချုပ်
၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ် သို့မဟုတ် နိုဝင်ဘာလပထမအပတ်အတွင်း ကျင်းပနိုင်ရန်လျာထားပြီး ကျင်းပမည့်ရက်အတိအကျကို ဩဂုတ်လအတွင်း ကြေညာမည်ဟု သိရပါသည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလအား ရက်ပေါင်း ၆၀ ခွင့်ပြုပေးမည်ဟုသိရပါသည်။
 ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးခွင့်နှင့် စုဝေးဟောပြောခွင့် ရရှိရန်အတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် စာရင်းတင်သွင်းရပါသည်။ ကော်မရှင်၏လက်ခံ အတည်ပြုချက် ရရှိသည့်နေ့မှစ၍ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ တစ်ရက်အလိုထိ မဲဆွယ် စည်းရုံးခွင့် ရရှိပါမည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည် စုဝေးခြင်း၊ ဟောပြောခြင်း၊ ရေးသားပုံနှိပ်ထုတ်ဝေခြင်းတို့ ပြုလုပ်ရာတွင် တားမြစ်ချက် တစ်ရပ်ရပ် ကို ကျူးလွန်ခြင်းအား ရှောင်ရှားရပါမည်။
 ဤစာတမ်းတိုတွင် နိုင်ငံတကာမှထိပ်သီးခေါင်းဆောင် ၄ ဦး၏ မတူကွဲပြားသော တင်ပြပါ မဲဆွယ်စည်းရုံးမှုမဟာဗျူဟာများအားပြုစုတင်ပြထားပါသည်-
-    နိုင်ငံတကာတွင် ခေတ်စနစ်များပြောင်းလဲလာသည်နှင့်အညီ နည်းပညာများတိုးတက်ထွန်း ကားလာသည်နှင့်အမျှ ယခင်က လမ်းဘေးစင်မြင့်များ၊ မြို့နယ်တွင်းအားကစားကွင်းများ   တွင် ပြည်သူလူထုအား မဲဆွယ်တရားဟောသည့် ပုံစံများအပြင် အီလက်ထရောနစ် အသုံးပြုပြီး မဲဆွယ်စည်းရုံးခြင်း၊

-    စည်းရုံးရေးဗျူဟာများကို စဉ်ဆက်မပြတ် စောင့်ကြည့်စိစစ်သုံးသပ်ပြီး တိုးတက်မှု နှေးကွေးနေသည်ကိုတွေ့ရှိရပါက ချက်ချင်းဗျူဟာအသစ်ပြောင်းလဲခြင်း၊
-    နိုင်ငံကျော်အနုပညာရှင်များ၏အင်အားကိုမှီ၍အသုံးပြုခြင်း၊
-    ပြည်သူလူထု၏ အာရုံစိုက်မှု၊ စိတ်ဝင်စားမှုအပေါ်နည်းစနစ်သစ်များတီထွင်၍ လူထု၏ လက်ခံယုံကြည်မှုရရှိ လာစေရန်  မဲဆွယ်စည်းရုံးခြင်း၊
-    မဲဆွယ်စည်းရုံးမှုများတွင် မဲဆန္ဒရှင်များကိုစည်းရုံးရန် ရွေးကောက်ပွဲတွင်ပါဝင်မည့်သူ များကိုစုဆောင်းခြင်းနှင့်ရွေးကောက်ပွဲရန်ပုံငွေထူထောင်ခြင်း၊
-    ပုဂ္ဂိုလ်ရေးအားသာချက်များကို အသုံးပြု၍ မဲဆွယ်စည်းရုံးခြင်း၊
-    လူငယ်ထု၏ထောက်ခံအားပေးမှုကို ရရှိနိုင်ရန်ကြိုးပမ်းခြင်း၊  


နိဒါန်း
၁။    ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနေသော မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများဖြင့် ကြုံတွေ့ ယှဉ်ပြိုင်ကြရမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာခေါင်းဆောင်အချို့၏ ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲဆွယ်စည်းရုံးမှု နည်းဗျူဟာအချို့အား လေ့လာသိရှိနိုင်ပါရန် ရှာဖွေရေးသားတင်ပြခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု
၂။    လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ သည် မဲဆွယ်စည်းရုံးရာတွင် အောက်ပါတို့အား လိုက်နာရန်လိုအပ်ပါသည်-

(က) စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်။      သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်လက်ခံအတည်ပြုထားပြီးသော လွှတ်တော် ကိုယ်စား လှယ်လောင်းများ၏ အမည်စာရင်းကို အက္ခရာအစဉ်အလိုက် ပုံစံ (၁၀) ဖြင့်ကြေညာပြီးသည့်နေ့ရက်မှ စတင်၍ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ တစ်ရက်အလိုထိ မဲဆွယ်စည်းရုံးခွင့်ရရှိမည်ဖြစ်ပါသည်။  လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မိမိတို့အနိုင်ရရှိရေးကို ရှေးရှုလျက် မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည် တို့ကိုပြည်သူလူထု(မဲဆန္ဒရှင်) အားဟောပြောရေးသားတင်ပြမဲဆွယ်စည်းရုံးလိုပါကသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့၏ ခွင့်ပြုချက်တောင်းခံရပါမည်။ ပါတီဌာနချုပ်နှင့် ပါတီရုံးခွဲများတွင် စုဝေး ခြင်း၊ ဟောပြောခြင်းများကို ပြုလုပ်လိုပါက ခွင့်ပြုချက် လျှောက်ထားရန်မလိုဘဲ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့ ကြိုတင်၍ အသိပေးတင်ပြရန် ဖြစ်ပါသည်။ မဲဆွယ် စည်းရုံးခွင့်ရရှိရေးအတွက်ခွင့်ပြုမိန့်အား အောက်ပါအတိုင်းလျှောက်ထားနိုင်ပါသည်-
(၁)    လျှောက်ထားခွင့်ရှိသူများ။     ခွင့်ပြုမိန့်လျှောက်ထားရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ကဖြစ်စေ၊ ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ် ကဖြစ်စေ လက်မှတ်ရေးထိုးလျှောက်ထားရပါမည်။
(၂)  လျှောက်လွှာတွင်ဖော်ပြရမည့်အချက်များ။     ခွင့်ပြုမိန့်လျှောက်ထားရာတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စား လှယ်လောင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်များသည်စုဝေးခြင်း  နှင့်ဟောပြောခြင်းများကိုတားမြစ်ချက်များ၊ ခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များ၊ စည်းကမ်းချက်များနှင့်အညီဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြလျှောက်ထားရမည့် အပြင် လျှောက်လွှာတွင်      ပြည့်စုံစွာ ထည့်သွင်းရေးသားဖော်ပြရပါမည်။

(ခ)    ပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့်။    လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များသည် မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ပြည်သူအများသိရှိစေရန် စာရွက်စာတမ်း၊ စာအုပ်နှင့်လက်ကမ်း စာစောင်များရေးသား၊ ပုံနှိပ်ထုတ်ဝေဖြန့်ချီ လိုပါက ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့်ပြန်ကြားရေး ဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများမှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချီရေးလုပ်ငန်းများကြီးကြပ်မှုဗဟိုအဖွဲ့၏ ၁၇-၃-၂၀၁၀ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၄၂) ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

(ဂ) တားမြစ်ချက်များ။ လွှတ်တော်ကိုယ်စားလှယ်များနှင့်ရွေးကောက်ပွဲကိုယ်စားလှယ်များသည် စုဝေးခြင်း ၊ ဟောပြောခြင်းနှင့်ရေးသားပုံနှိပ်ထုတ်ဝေခြင်းတို့ ပြုလုပ်ရာတွင် တားမြစ်ချက်တစ်ရပ်ရပ်ကိုကျူးလွန်ခြင်းမပြုရပါ။ အသေးစိတ်အချက်အလက်များနှင့် ပတ်သက် ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ကြေညာချက် (၉၁/၂၀၁၀) တွင် လေ့လာ ဖတ်ရှုနိုင်ပါသည်။

(ဃ)  ရွေးကောက်ပွဲအသုံးစရိတ်။     နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၂၁ တွင် “ပါတီတစ်ခုသည် အထွေထွေရွေးကောက်ပွဲ၌ဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲ၌ ဖြစ်စေ မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်း တစ်ဦးစီ အတွက် ရွေးကောက်ပွဲ အသုံးစရိတ်ငွေ ကျပ်သိန်း ၁၀၀ အထိ သုံးစွဲနိုင်သည်။ အဆိုပါ ရွေးကောက်ပွဲ အသုံးစရိတ်ကို ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း၏ တရားဝင်ရရှိသောငွေမှ လည်းကောင်း၊ တရားဝင်ရရှိထားသည့် ပါတီရန်ပုံငွေမှလည်း ကောင်းကျခံသုံးစွဲနိုင်ပါသည်။ ယင်းအသုံးစ    ရိတ်စာရင်းများကို စနစ်တကျပြုစု ထိန်းသိမ်းထားရှိရမည်”ဟု ပြဋ္ဌာန်းထားပါသည်။

(င)    ၂၀၁၅ ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ။          ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးအပတ် သို့မဟုတ် နို  ဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပနိုင်ရန် လျာထားပြီး ကျင်းပမည့်ရက် အတိအကျကို ဩဂုတ်လအတွင်းကြေညာပါမည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အတွက် မဲဆွယ်စည်းရုံးခွင့်ကာလကိုလည်း ရက်ပေါင်း ၆၀ ခွင့်ပြုပေးမည်ဖြစ်ပါသည်။ စုဝေးခွင့်၊ မဲဆွယ်စည်းရုံးရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့်ကော်မရှင်ထံ ကြိုတင်ခွင့်ပြု    ချက်တောင်းယူရမည်ဖြစ်ပါသည်။ လူမျိုးရေးကို လည်းကောင်း၊ ဘာသာရေးကိုလည်းကောင်း၊ ရွေးကောက်ပွဲ မှာစည်းရုံးခြင်း မပြုလုပ်ရဟု ဥပဒေမှာဖော်ပြထားသောကြောင့် ဘာသာရေး၊ လူမျိုး ရေးအားလွန်လွန် ကဲကဲပြုလုပ်ပြီးရွေးကောက်ပွဲ အပြီး၌ကန့်ကွက်လွှာတွင် ဘာသာရေးကို အကြောင်းပြုပြီးနိုင်သွားခြင်း၊ လူမျိုးရေးကို အကြောင်းပြပြီး  နိုင်သွားခြင်းဖြစ် ပေါ်ခဲ့ပါက  ဥပဒေနဲ့  ဆုံးဖြတ် ရန်ပြဋ္ဌာန်းပြီး ဖြစ်ပါသည်။

(စ)    လိုက်နာရမည့် ဥပဒေ/နည်းဥပဒေများ။    နိုင်ငံရေးပါတီအသီးသီးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ  ၄၀၆ အရနိုင်ငံတော်အတွင်းဥပဒေနှင့်အညီ လွတ်လပ်စွာစည်းရုံး ခွင့်ရှိပြီး ပုဒ်မ  ၃၅၄ အရ နိုင်ငံသားတိုင်းသည် ဥပဒေနှင့် မဆန့်ကျင်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိကြ ပါ သည်။ နိုင်ငံရေးပါတီအသီးသီးဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော ရွေးကောက်ပွဲ အနိုင်ရရှိရေးရည်ရွယ်ချက်သည် လည်း အဓိကကျပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် နိုင်ငံရေးပါတီများက စည်းရုံးခွင့်ရှိပြီး ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီမှန်ကန်မျှတမှုရှိစေရေးအတွက် အောက်ပါဥပဒေပြဋ္ဌာန်းချက်များ ကိုလည်း ပြဋ္ဌာန်း ထားပါသည်-

(၁)    နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ပါတီစည်းရုံးမည်ဆိုပါက စည်းရုံးလှုပ်ရှားသည့် နေရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၇၊ နိုင်ငံရေးပါတီမှတ်ပုံတင် ခြင်းဥပဒေပုဒ်မ  ၆၊ ပုဒ်မ  ၁၂  တို့တွင်ပါရှိသော ပြဋ္ဌာန်းချက်များ၊ ဝန်ခံချက် များကို လေးစား လိုက်နာကြရန်နှင့် လေးစားလိုက်နာမှုမရှိလျှင် ပါတီအချင်း ချင်း ထိန်းကျောင်းကြရန်၊ ကော်မရှင်ကို တင်ပြ တိုင်တန်းခြင်းြ     ပုလုပ်ကြရန်၊

(၂)    နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲကိစ္စအလို့ငှာ မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အခန်း (၁၄) တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်မှုမရှိစေရေး စောင့်ထိန်းကြရန်၊ ပြစ်မှု ပြစ်ဒဏ် ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဥပဒေ၏ပုဒ်မ ၆၅ တွင်ပါရှိ သည့်အတိုင်း ရဲစခန်း အသီးသီးတွင် အမှုဖွင့်တိုင်ကြားရန်၊

(၃)    လွှတ်တော်ကိုယ်စားလှယ်လောင်းများ တင်သွင်းစိစစ် အတည်ပြုပြီးနောက် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ် လာချိန်တွင် မဲဆွယ်စည်းရုံးမှုပြုမည်ဆိုပါက အထက်ပါအတိုင်း ရွေးကောက်ပွဲဥပဒေ ဖောက်ဖျက်ကျူးလွန်မှုများ အပြင် ရဲစခန်းတွင်လည်း တိုင်ကြားနိုင်သကဲ့သို့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအခန်း (၁၅) ပါအတိုင်း တရားမဲ့ပြုကျင့်မှုများ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းနိုင်ခွင့်ရှိပါသည်။

နိုင်ငံတကာမှ မဲဆွယ်စည်းရုံးရေးများ
၃။    ရွေးကောက်ပွဲမဲဆွယ်ရေးအဖွဲ့ (၎င်းအဖွဲ့သည် သေးငယ်သောအဖွဲ့ (သို့) တစ်ဦးတစ်ယောက်ဖြစ် ကောင်း ဖြစ် လိမ့်မည် (သို့) ကျွမ်းကျင်သူပညာရှင်များပါဝင်သောအဖွဲ့လည်းဖြစ်မည်)။ မည်သည့်အဖွဲ့ဖြစ်ပါစေ မိမိတို့ရွေးကောက်ပွဲ အပေါ် သတင်းအချက်အလက်များကို မည်သို့ပြောကြားရမည်ကို သိရှိရန်လိုအပ်ပါသည်။ ထိုသို့ပြုလုပ်ရန်အတွက် စိတ်ပါဝင် စားသူများကို စည်းရုံးစုဆောင်းခြင်း နှင့်ရန်ပုံငွေရရှိရေးအတွက် ရန်ပုံငွေထူထောင်ခြင်းတို့သည် အရေးကြီးပါ သည်။ ရွေးကောက်ပွဲ ကြော်ငြာမှုများသည် စီးပွားရေးဆိုင်ရာကြော်ငြာခြင်းများ၊ သတင်းဖြန့်ချီခြင်းများနှင့် တူညီပါ သည်။ နိုင်ငံရေးနှင့် ပတ်သက်သော ရွေးကောက်ပွဲသတင်းအချက်အလက်များကိုဖြန့်ချီရမည့်နေရာများမှာ ဥပဒေအရ ကန့်သတ်ချက်ရှိပါသည်။ လိုအပ်သည့်ပစ္စည်းများရရှိမှုနှင့် မဲဆွယ်ပွဲတွင် ပါဝင်သော ပုဂ္ဂိုလ်များ၏ စဉ်းစားတွေးခေါ်မှုများသည် အရေးကြီးပါသည်။ မဲဆွယ်မှုနည်းလမ်းများကို စုစည်းလိုက်လျှင် မဲဆွယ်စည်းရုံးမှု၏မဟာစီမံချက် အဖြစ် ပေါ်ထွက် လာမည်ဖြစ်ပါသည်။ ထိုစီမံချက်တစ်ခုသည် မဲဆွယ်စည်းရုံးမှု၏ ရည်မှန်းချက်ပေးလိုသည့် သတင်းအချက်အလက်၊ ပစ်မှတ် ထားရှိမည့် ပရိသတ်နှင့်ရရှိနိုင်သည့် အရင်းအမြစ်များပေါ်မူတည်ပါသည်။ ထိုမဲဆွယ်စည်းရုံးမှုသည် မိမိ၏ ပေးလိုသော သတင်းများကို ဖြန့်ချီသည်နှင့်တစ်ပြိုင်တည်းတွင် မိမိအားထောက်ခံမည့်သူများကို ရှာဖွေဖော်ထုတ်ရန်လိုအပ်ပါသည်။

နိုင်ငံတကာမှ မဲဆွယ်စည်းရုံးရေးယျေဘုယျနည်းလမ်းများ
၄။    နိုင်ငံတကာတွင် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင်အသုံးပြုသော ယေဘုယျနည်းလမ်းများမှာအောက်ပါ အတိုင်းဖြစ်ပါသည်-
(က)    မဲဆွယ်စည်းရုံးမှုအတွက်ကြော်ငြာခြင်းများ။    မဲဆွယ်စည်းရုံးမှုအတွက်ကြော်ငြာခြင်း သည် အခကြေးငွေပေးရ သည့် သတင်းဌာနများ (ဥပမာ- သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံ      ကြား) ကိုအသုံးပြု၍ ပြည်သူလူထုအား လွှမ်းမိုးနိုင်ရန် အတွက် နိုင်ငံရေးပါတီမှ လုပ်ဆောင်ချက်ပင်ဖြစ်သည်။ ထိုကဲ့သို့သောကြော်ငြာခြင်းမျိုးကို နိုင်ငံရေး အတိုင်ပင်ခံများနှင့် ရွေး           ကောက် ပွဲစည်းရုံးရေးဆိုင်ရာ ဝန်ထမ်းများမှ ပုံဖေါ်ဆောင် ရွက်ကြရပါသည်။

(ခ) သတင်းဌာနများအားစီမံခန့်ခွဲခြင်း။ လူထုသတင်းဖြန့်ချိရေးဌာနများ(အမေရိကန် နိုင်ငံတွင် အခမဲ့သို့ မဟုတ် ငွေကြေးပေးရသောသတင်းဌာန)များသည် တစ်စုံတစ်ဦးက ရွေးကောက်တင်မြှောက်ခံရန် ကြိုးစားနေသည် သို့မဟုတ် မည်သည့်ကိစ္စကို လုပ်ဆောင်ရန်ဆောင်ရွက်နေသည်ကို လူအများသိရန်ထုတ်လွှင့်လိမ့်မည်ဖြစ်ပါသည်။ လူထု အစည်းအဝေးပွဲများ၊ လူ    ထုလှုပ်ရှားမှုများနှင့်အခြားအလားတူသည့် လူထုပါဝင်သည့် လုပ်ဆောင်မှုများ (သင့်တင့်မျှတသည့် လူဦးရေအရေအတွက်ကို ပါဝင်လာနိုင် ရန် လှုံ့ဆော်စည်းရုံးနိုင်လျှင်) ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနိုင်ရန်အတွက် အလွန် ထိရောက်သော စွမ်းဆောင်မှုပင်ဖြစ်ပါသည်။ မိန့်ခွန်းပြောကြားသူများ ပါဝင်သည့် လူထုအစည်းအဝေးပွဲများ ကျင်းပနိုင်ခြင်း သည် အစည်းအဝေးသို့ တက်ရောက်သည့် လူဦးရေကိုကြည့်ခြင်းဖြင့် မဲဆွယ်စည်းရုံးမှုကို လူထုထောက်ခံသည့် အတိုင်း အတာကို ဖော်ပြနိုင်သောကြောင့် ထိရောက်သည့် စွမ်းဆောင်နိုင်မှုတစ်ခုပင်ဖြစ်ပါသည်။

(ဂ)    ခေတ်မီနည်းပညာနှင့် Internet ကိုအသုံးချခြင်း။     Internet သည် ယခုအခါ နိုင်ငံ ရေးမဲဆွယ်စည်းရုံးမှု၏ အဓိကကျသောအစိတ်အပိုင်းတစ်ခုပင် ဖြစ်ပါသည်။ သတင်း ဖြန့်ချိရးနည်းလမ်းများဖြစ်သော E-mail/Website နှင့် podcasts တို့သည် လူထု၏လှုပ်ရှားမှုများကို လျှင်မြန်စွာ ပျံ့နှံ့စေပြီး ကြီးမားသောပရိတ်သတ်ကို လျှင်မြန်စွာ သတင်းဖြန့်ချိနိုင်ပါသည်။ Internet နည်းပညာကိုရွေးကောက်ပွဲရန်ပုံငွေထူထောင်ရန် မဲဆွယ်စည်းရုံးရန် စိတ်ပါဝင်စား သူများကိုစည်းရုံးရန် လူမှုအသိုက်အအုံတည်ဆောက်ရန်နှင့်အဖွဲ့အစည်းများထူထောင်ရန်အတွက် အသုံးပြုကြပါ သည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း ၎င်းတို့၏ မဲဆွယ်စည်းရုံးမှုမြှင့်တင်နိုင်ရန်အတွက် Internet ကိုအသုံးပြုလျှက်ရှိကြပါသည်။ ခေတ်သစ်နိုင်ငံရေး မဲဆွယ်စည်းရုံးမှုတွင် အင်တာနက်ကိုအသုံးပြုခြင်း၏ အရေးပါ ပုံများကိုတွေ့ရှိလာရပါသည်။ ရွေးကောက်ပွဲအတွက် ပစ်မှတ်အသစ်အဖြစ် သတ်မှတ်သည့် လူထုထံ သတင်းများ ရောက် ရှိရန်အတွက် Facebook, Youtube နှင့်လူမှုရေးဆိုင်ရာနည်းလမ်းများကို အသုံးပြုခြင်းသည် အထိရောက်ဆုံးဖြစ် သည်ကို ဖော်ပြထားပါသည်။ Internet သတင်းဖြန့်ချိရေးကို အသုံးပြုခြင်းသည် လူငယ်များထံသို့ သတင်းရောက်ရှိရန်နှင့် မဲဆန္ဒရှင်များအား စည်းရုံးလှုံ့ဆော်မှုမြှင့်တင်ရန်အတွက် များစွာအထောက်အကူဖြစ်စေပါသည်။

(ဃ)    နိုင်ငံရေးမဲဆွယ်တရားပွဲ။    နိုင်ငံရေးမဲဆွယ်တရားပွဲဆိုသည်မှာသာမန်အားဖြင့်ရုပ် ဝတ္ထုဆိုင်ရာနေရာ တစ်ခုဖြစ် သည်။ ၎င်းနေရာမှာရွေးကောက်ပွဲဝင်သည့် ကိုယ်စား လှယ်များသည် ၎င်းတို့၏အမြင်များကိုလွှတ်တော်ရွေးကောက်ပွဲ သို့မဟုတ် အခြားသောရွေးကောက်ပွဲအတွက် ပြောကြားသောနေရာဖြစ်ပါသည်။ ထိုနေရာသည် ယခုအခါ ကိုယ်စားလှယ် များက စကားရည်လုပွဲ၊ မိန့်ခွန်းပြောကြားပွဲများကိုရွေးကောက်ပွဲ ကာလမတိုင်မီမှာ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ပြောကြားသောနေရာ ဖြစ်ပါသည်။

(င)    အခြားသောနည်းစနစ်များ

(၁)    ပြည်သူလူထုတစ်ဦးချင်းထံသို့ တိုက်ရိုက်စာရေးသားခြင်း (ထိုလုပ်ငန်းကို ကြေးစားအဖွဲ့အစည်းများကို ငှားရမ်း တာဝန်ပေးခြင်း သို့မဟုတ် အနည်းငယ်သောအရေအတွက်ကို ရေးသားပေးပို့ရန်အတွက် အပျော်တမ်းစိတ်ပါဝင်စားသူများ ကို တာဝန်ပေးနိုင်ပါသည်၊)

(၂)     ဝါဒဖြန့်ချိရေးစာရွက်စာတမ်းများအား  လက်ကမ်းဖြန့်ဝေခြင်း သို့မဟုတ် မိမိ သတင်းပါသော သတင်းစာများအား ထုတ်ဝေရောင်းချခြင်း၊

(၃)  Websiteများမှလည်းကောင်း၊ Internet အသိုက်အဝန်းမှလည်းကောင်း Email များဖြင့်လည်းကောင်းပေးပို့နိုင်ပါသည်၊

(၄)    နည်းလမ်းအသစ်တစ်ခုဖြစ်သော Microtargeting (ပစ်မှတ်များကို ခွဲခြမ်း စိတ်ဖြာခြင်း) ကိုအသုံးပြု၍ အသက် အရွယ်အလိုက် ခွဲခြားထားသော ပစ်မှတ် များကို ပစ်မှတ်အပေါ်မူတည်၍ အမျိုးမျိုးသော ဝါဒဖြန့်ချီစည်းရုံးသော စာ များ ဖြန့်ဝေပေးပို့ခြင်း၊

(၅)    Whistlestop (ခေတ္တခဏ) ရပ်တန့်၍ စကားပြောခြင်းနည်းလမ်းကို အသုံးပြု ၍ မြို့ငယ်များတွင်ခေတ္တခဏ လူထုနှင့်တွေ့ဆုံပြောကြားမှုများပြုလုပ်ခြင်း၊

(၆)    ပြိုင်ဘက်ပါတီများ မဲဆွယ်စည်းရုံးမှုများကို နှောင့်နှေးစေရန် ပြုလုပ်ခြင်း၊ ထိုသို့ပြုလုပ်ရန်မှာ တန်ပြန်လူထုလှုပ်ရှား မှုများလုပ်ဆောင်ခြင်း၊ ပြိုင်ဘက်ပါတီများ၏ အစည်းအဝေးများကို နှောင့်နှေးစေရန် ပိတ်ဆို့တားဆီးခြင်း၊ သို့မဟုတ် ပြိုင်ဘက် ပါတီများ၏ ကိုယ်စားလှယ်လောင်းများရုံးခန်းသို့ နှောင့် ယှက်မည့်ဖုန်းခေါ်ဆိုမှုများများစွာပြုလုပ်ခြင်း (ဤနည်းလမ်းကို ပါတီ အများစုကတရားဝင်လုပ်ဆောင်ကြခြင်းမပြုပါ၊ အချို့သောတက်ကြွသည့်ပါတီများဟု ၎င်းတို့ကိုယ် ၎င်းတို့သတ်မှတ်သော ပါတီများသာ အသုံးပြုလေ့ရှိပါသည်၊)

(၇)    နိုင်ငံရေးဆိုင်ရာတွေ့ဆုံပွဲများ၊ ပါတီပွဲများကျင်းပပြုလုပ်ခြင်း၊

(၈)    မိမိ၏ ပါတီဝင်ဖြစ်သော၊ လူသိများထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များမှမိမိပါတီအား ထောက်ခံသည့် အပြုအမူ အပြောအဆိုများ လူထုအတွင်းပြုလုပ်ခြင်းဖြင့်လူထု၏ထောက်ခံမှုရရှိလာစေရန် စည်းရုံးခြင်း၊

(၉)    မိမိအား ထောက်ခံရန် လာရောက်စုရုံးသူများကို မိန့်ခွန်းတိုများပြောကြားနိုင်ရန်အတွက် မိမိအိမ်တွင် အသင့်ရှိနေစေ ရန် အမြဲသတိထားခြင်း၊
(၁၀)     ယခင်က အဝေးရောက်နေသူများ၏ မဲပေးစနစ်ဟု လူသိများသော စာတိုက်မှ မဲပေးသည့်စနစ်မှာ ယခုအလွန် အသုံးများလာပြီဖြစ်ပါသည်။ ယခုအခါ ရွေးကောက်ပွဲမဲဆွယ်ပွဲများ တွင် ရွေးကောက်ပွဲနေ့၌ မဲမပေးနိုင်သောသူများ၏ ကြိုတင် မဲများကို ရရှိရန် မဟာဗျူဟာချမှတ် ဆောင်ရွက်လျက်ရှိကြပါသည်၊

(၁၁)  ရွေးကောက်ပွဲမဲဆွယ်ပွဲအတွက်တရားဝင်သင်္ကေတအဖြစ်ထုတ်ပြန်သော ပစ္စည်းများကိုရောင်းချခြင်း (ဘန်းစ ကားဖြင့် chum ဟု လူသိများပါသည်၊ လူအများမှ မိမိပါတီ/မိမိအား အာရုံပြုစေသည့်ပစ္စည်းများ) ဤနည်းမှာ ယှဉ်ပြိုင်သူ၏ လူထုထောက်ခံမှုကိုပြသည့်အပြင် မဲဆွယ်ပွဲအတွက် ရန်ပုံငွေလည်းရရှိစေပါသည်၊ အပျော်တမ်းထောက်ခံသူများ ရရှိစေ သည့်     အပြင် အခမဲ့ကြော်ငြာရာ လည်းရောက်ပါသည်၊

အမေရိကန်သမ္မတ Mr. Barrack Obama ၏ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တစ်မူ ထူးခြားစွာ ပြောင်းလဲကျင့်သုံးခဲ့သော နည်းလမ်းများ
၅။    လွန်ခဲ့သော ၅ နှစ်အချိန်က Mr. Barack Obama သည် ဆိုရှယ်မီဒီယာ၏ စွမ်းပကားကို အသုံးချ၍ အခြားသူ များနှင့်နှိုင်းယှဉ်လျှင် မသိသာမထင်ရှားသည့်အခြေအနေမှ သမ္မ တလောင်း အဖြစ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် အောက်ခြေအဆင့်အထိ ရွေးကောက်ပွဲရန်ပုံငွေရှာဖွေခြင်းကို Onlineအတွင်း ပျံ့နှံ့ရောက်ရှိစေပြီး ၎င်းထက် ပိုမို ထင်ရှားသည့် သမ္မတလောင်းများကို အလဲထိုးအနိုင်ယူကာ သမ္မတအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။ ၎င်းသည် နည်းပညာ ပိုင်းတွင် ပိုမိုလိမ္မာပါးနပ်သူ၊  ဦးစီးဗျူဟာ အပြောင်းအလဲပြုလုပ်သူ (Pivoter-in-chief) တစ်ယောက်ဖြစ်ပါသည်။

၆။    Mr. Obama ထပ်မံရွေးကောက်ခံရေးဝန်ထမ်း (Reelection Staff) တို့သည် မဲဆွယ်ရေး ကာလတလျှောက်လုံး ၁၀ ကြိမ်ထက်မက ဗျူဟာအပြောင်းအလဲများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့သည် မတော်တဆသော်လည်းကောင်း၊ တမင် ရည်ရွယ်၍လည်းကောင်း ထင်ရှားသောစီးပွားရေးလုပ်ငန်းရှင် Mr. Eric Ries စတင်တည်ထွင် အသုံးပြုခဲ့သော စေ့စပ်သေချာစွာဖြင့် လုပ်ငန်းစတင်သည့် နည်းစနစ် (Lean Startup Methodology) ကို လိုက်နာကျင့်သုံးခဲ့ကြပါသည်။

၇။    ထိုစနစ်မှာ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုသည် အခြေခံစမ်းသပ်ကုန်များကို စတင်ထုတ်လုပ်လိုက်ပြီး လူထု၏ အခြေအနေကို စောင့်ကြည့်လေ့လာရပါသည်။ လူထုအတွင်း နှစ်သက်လက်ခံမှုမရ ရှိပါက အဆိုပါထုတ်ကုန်ကို ပြန်လည် ကိုက်ညှိပြုပြင် ထုတ်လုပ်ကြပြီး လူထုလက်ခံပါက မူလအတိုင်း ဆက်လက်ထုတ်လုပ်သည့် နည်းစနစ်ဖြစ်ပါသည်။

၈။    Mr. Obama ၏ မဲဆွယ်ရေးလှုပ်ရှားမှုသည် အဆိုပါ နည်းစနစ်ကို ထုတ်ကုန်ပစ္စည်းများဖြင့် မဟုတ်ပဲ ကြော်ငြာများ၊ Online မဟာဗျူဟာများဖြင့် ကျင့်သုံးဆောင်ရွက်ခဲ့ကြပါသည်။    ကြော်ငြာ များနှင့်၎င်းတို့အသုံးပြုသော ဗျူဟာများ၏ထိရောက်မှု များကို စဉ်ဆက်မပြတ်သုံးသပ်ကာ လက်တွေ့ ဖြစ်ရပ်များသည် ယူဆချက်များနှင့် ကိုက်ညီမှုမရှိတော့ပါက လိုအပ်သော အပြောင်းအလဲများပြုလုပ်ခဲ့ကြသည်။ အောက်ပါတို့သည် ရွေးကောက်ပွဲတွင် Mr.Obama ၏စေ့စပ်သေချာစွာဖြင့် ချမှတ် ကျင့်သုံးခဲ့သော နည်းလမ်း ၅ ဖြာ ဖြစ်ပါသည်-

(က)    အချက်အလက်တိုင်း၏အရေးပါမှုအားချင့်ချိန်တိုင်းထွာခြင်း။   ထိပ်တန်းမဲဆွယ် ရေးဝန်ထမ်းများသည် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည့် အချက်အလက်များရရှိရေးအတွက် Mr.Nate Silver (အမေရိကန်စာရင်းအင်းပညာရှင်၊ Baseball အားကစား နှင့်ရွေးကောက်ပွဲများကိုဆန်းစစ်သူ)၏ ကိန်းဂဏန်းအချက်အလက်များအပေါ်ယုံကြည် အားထားသောစနစ်အပေါ်ကို ကျင့်သုံးခဲ့ကြပါသည်။“ယခုမဲဆွယ်ပွဲသည်ကိန်းဂဏန်း  ဇယားများနှင့်လှုပ်ရှားခြင်းမျိုး(Metric Driven) ဖြစ်ပြီး ထိုအပိုင်းကို သူ့အနေနှင့် စိတ်အလှုပ်ရှားဆုံးဖြစ်ပါသည်”ဟု မဲဆွယ်ပွဲမန်နေဂျာ Mr. Jim Messina က ၂၀၁၁ ခုနှစ် ဧပြီလတွင် YouTube Video ၌ထောက်ခံသူများကို ရွှန်းဝေစွာ ပြောခဲ့ပါသည်။ “သူတို့၏လှုပ်ရှားမှုတစ်ခုက အလုပ်ဖြစ်တယ်ဆိုလျှင် သူတို့သည် ထိုအရာကို များများဖိလုပ်ကြပြီး အလုပ်မဖြစ်ဘူးဆိုလျှင် ၎င်းနည်းကို စွန့်လွှတ်လိုက် ပါသည်။ အကယ်၍သာ သူတို့သည် ၂၀၀၈ ခုနှစ်တုန်းက နည်းလမ်းများအတိုင်း မဲဆွယ်ခဲ့ကြမည်ဆိုလျှင် ထိုပွဲမှာရှုံးရ ကိန်းရှိကြောင်း၊ မဲဆွယ်ပုံအသစ် လုပ်ခဲ့ရကြောင်း” ပြောခဲ့ ပါသည်။ မဲဆွယ်နည်းသစ်တွင်ပမာဏကြီးကြီးဖြင့် သတင်း အချက်အလက်စုဆောင်းသည့် ဆောင်ရွက်ချက်များပါဝင်ပါသည်။ ရန်ပုံငွေရှာဖွေခြင်း၊ မဲပေးသူများစာရင်း၊ Online ကိစ္စ၊ မဲဆွယ်ရေးရုံး၌သာ Online ဝင်ရောက် နိုင်သည့်ကဏ္ဍများအစရှိသဖြင့် ၂၀၀၈ ခုနှစ်ကကဲ့သို့ ကွန်ပျူတာတွင်းအချက် အလက်တောင်ပုံရာပုံစုဆောင်းသည့်အစား ပြည့်စုံသည့်စနစ်တစ်မျိုးတည်းသာ ကွန်ပျူတာအတွင်းသို့ သိုမှီးသည့် ပုံစံ ကျင့်သုံးခဲ့ပါသည်။ ထို့နောက် ကိန်းဂဏန်း ပမာဏဆန်းစစ်သူများ ခန့်ထား အသုံးပြုပါသည်။ Time သတင်းစာ ၏ဖေါ်ပြချက်အရ သတင်းအချက်အလက်အသေးစိတ်ဆန်းစစ်ရေးဌာန(Analytics Department) ဝန်ထမ်းအင်အားသည် ပြီးခဲ့သော ရွေးကောက်ပွဲကထက် ၅ ဆခန့် ကြီးမားသည် ဟုဆိုပါသည်။  

(ခ)   စီမံကိန်းတစ်ခုမှတစ်ခုသို့ပြောင်းလဲစမ်းသပ်ဆောင်ရွက်ခဲ့ခြင်း။ Mr.Obama မဲဆွယ်ပွဲစည်းရုံး လှုပ်ရှားသူများသည် Mr.Eric Ries ၏ ခွဲထုတ်စမ်းသပ်ချက် (Split Test)ဟုအမည်ပေးထားသောနည်းကို အသုံးပြုခဲ့ကြပါသည်။ ထိုနည်းမှာ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးချင်းထံမှတဆင့် ထောက်ခံသူအစုအဖွဲ့ငယ်တစ်ခုချင်းဆီသို့ ရန်ပုံငွေ ရှာဖွေရေးဆိုင်ရာ Email များပေးပို့ကာ မည်သူ့အမည်ဖြင့်ပေးပို့သော Email သည် ပိုမိုအကျိုးရှိ ထိရောက်သည်ကို လေ့လာခြင်းဖြစ်ပါသည်။ သမ္မတ ကတော် Mrs. Michelle Obamaသည် ဒုတိယသမ္မတ Mr. Joe Biden ထက်ပို၍ လူကြိုက်များကြောင်း တွေ့ရသောအခါ အရေအတွက်ပိုများသော ထောက်ခံသူများထံ ပေးပို့သော Email များကို သမ္မတကတော်၏ အမည်ဖြင့်သာ ဖေါ်ပြ၍ပေး ပို့ကြောင်း ရွေးကောက်ပွဲအပြီး ထုတ်ဝေသော Time သတင်းစာ၌ မဲဆွယ်လှုပ်ရှားမှုဆိုင်ရာ ကိန်းဂဏန်းများ အကြောင်း ဆောင်းပါး၌ အသေးစိတ်ဖေါ်ပြထားပါသည်။
(ဂ)   ပုဂ္ဂိုလ်ရေးဆိုင်ရာရည်မှန်းချက်များ သတ်မှတ်အသုံးချခြင်း။ ၎င်းတို့သည်အသေးစိတ်အချက်အလက်များက အစ ဂရုစိုက်ခဲ့ကြကြောင်း သမ္မတမဲဆွယ်ရေးဝန်ထမ်းများက Bloomberg သတင်းဌာနနှင့် နိုင်ငံရေးမဂ္ဂဇင်းSlate တို့သို့ ပြောကြားခဲ့သည်။ အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အိမ်နီးပတ်ဝန်းကျင်အစရှိသော ပုံမှန်အချက်အလက်များထက် ပို၍ ကာယကံရှင်၏ လက်ရှိအနေအထား အချက်အလက်အသေးစိတ်အထိ အသုံးချခဲ့ကြသည်။ ဥပမာ- သမ္မတ Mr.Obama နှင့် အတူ ညစာစားခွင့် ကံစမ်းမဲပေးအပ်သည့် Email ကို သမ္မတကတော် ကိုယ်တိုင်နာမည်ကြီး အမေရိ ကန် ဘေ့စ်ဘော ကစားသမား Mr. Joe Smith ထံ ပေးပို့ခြင်းအားဖြင့် Online မှ အလှူငွေ ပိုမိုပေးကမ်းဖွယ်ရာရှိကြောင်း၊ ပါတီမှ အမာခံ ဘက်တော်သားတစ်ဦးဦးက ၎င်း၏ အိမ်နီးချင်းတစ်ဦးဦးအား ဖုန်းဆက်၍ ပြောဆိုခြင်းအားဖြင့် အလှူငွေများများ ထည့်ဝင် လာနိုင်ကြောင်း စသည့်နည်းလမ်းများကို အသုံးချခဲ့ကြသည်။ ဤနည်းသည် ကိန်းဂဏန်း အဓိကထားသည်ထက် ပါတီထောက်ခံသူများအနေဖြင့် ပြည်သူလူထုကို မည်သို့မည်ပုံချဉ်းကပ်ရမည်ကို သိရှိလာစေသည့် နည်းလမ်း တစ်ခု ဖြစ်ခဲ့ပါသည်။ ယခု မဲဆွယ်လှုပ်ရှားမှုသည် လူထုထံမှရန်ပုံငွေနှင့်ထောက်ခံမဲရရှိနိုင်စေမည့် အကောင်းဆုံး နည်းလမ်းကို သိပ္ပံနည်းကျ ပေါ်ထွက်လာစေခဲ့သည်။
(ဃ)   အလှူငွေလက်ခံသည့်လုပ်ငန်းအဆင့်ဆင့်ကို ပိုမိုထိရောက်ချောမွေ့အောင် ဆောင်ရွက်ခြင်း။        QuickDonate ဟူသော ခလုတ်တစ်ချက် (One Click)နှိပ်ရုံဖြင့် Online မှအလှူငွေ ထည့်ဝင်နိုင်သည့်အစီအစဉ်ကို စတင် အသုံးပြုခဲ့ပါသည်။ အလှူငွေထည့်ဝင်မည့်သူများသည် ၎င်းတို့၏ အကြွေးကဒ်နံပါတ်ကို ရိုက်သွင်းရန်အတွက် ဒုတိယ အကြိမ်ပြန်လည်ဝင်ရောက်ရန် မလိုပါ။ ထို့နောက် ၎င်းစနစ်၏ ထိရောက်မှုကို ဆန်းစစ်သုံးသပ်ခဲ့ကြပါသည်။ တွေ့ရှိချက်မှာ Quick Donate နည်းလမ်းကို အသုံးပြုသူများသည် သာမန်လှူဒါန်းသူများထက် ၄ဆခန့် ပိုမိုလှူဒါန်းခဲ့ကြောင်း Time မဂ္ဂဇင်းက တွေ့ရှိခဲ့ပါသည်။ ထို့နောက် Quick Donate အစီအစဉ်ကို တိုးချဲ့ခဲ့ကြပါသည်။

(င)    မဲဆန္ဒခွင်အတွင်းစည်းရုံးလှုပ်ရှားမှုများမှာသမားရိုးကျမဟုတ်ခြင်း။    မဲဆွယ်လှုပ်ရှားမှုသည် ရုပ်မြင်သံကြား များတွင် ဒေသန္တရသတင်းအစီအစဉ်များ ထုတ်ပြန်သည့်အချိန်တွင်  ကြော်ငြာသည့်နည်းစနစ်မှ သွေဖီ၍ ဦးတည်ချက်ပြောင်း သွားခဲ့ပါသည်။  Sons of Anarchy နှင့် The Walking Dead စသော နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းများ ပြသနေ ချိန်များတွင် ကြော်ငြာများ ထည့်သွင်းကြပါသည်။ ထိုစမ်းသပ်ချက်မှ ထိရောက်မှု ၁၄ ရာခိုင်နှုန်း ပိုလာကြောင်းတွေ့ ရှိရသည်ဟု Time သတင်းစာက ဖော်ပြခဲ့ပါသည်။ ထို့ပြင် အသက် ၄၀ ဝန်းကျင် အမျိုးသမီးများသည် နာမည်ကြီး အကျော်အမော်များနှင့် တွေ့ဆုံလိုကြကြောင်းတွေ့ရှိကြရသောအခါ မဲဆွယ်ရေးဝန်ထမ်းများသည် ထိုအချိန်က နာမည် ကြီး ရုပ်ရှင်ကားမှမင်းသမီး Ms. Sarah Jessica Parker ကဲ့သို့သော နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ဦးဦးနှင့် ညစာစား သုံးခွင့်ရသည့် ရန်ပုံငွေရှာဖွေပွဲများ ကျင်းပကြပါသည်။ ပွဲတက်ပုဂ္ဂိုလ်များသည် Social Network တစ်ခုဖြစ်သော Reddit သတင်းဌာနကို အသုံးပြုကြသည်ကိုတွေ့ရသောအခါ Mr. Obama ကိုယ်တိုင်ပွဲတက်လာခဲ့ပြီးမဲဆန္ဒရှင်များ၏မေးခွန်းများ ကိုဖြေကြားပေးသည့်အစီအစဉ်များထည့်သွင်းကျင်းပပေးကြပါသည်။

၉။    မဲဆွယ်ပွဲ၏ ဗျူဟာမြောက်အပြောင်းအလဲများစွာသည် Obama ၏ ကြီးမားသောဗျူဟာမြောက်အပြောင်း အလဲကြီးကိုလွှမ်းမိုးသွားခြင်းမရှိပါ။ အဆိုပါအပြောင်းအလဲကြီးမှာ ၂၀၀၈ ခုနှစ် မဲဆွယ်ပွဲတွင် Online တွင် အင်အား ကြီးမားစွာဖြင့်ပျံ့နှံ့၍ လူသိများစေခြင်းမှ ယခုမဲဆွယ်ပွဲတွင် ကျစ်လစ်ခိုင်မာမှုကို အဓိကအာရုံစိုက်ခြင်းဖြစ်ပါသည်။ ဆိုလို သည်မှာ ယခင်ရွေးကောက်ပွဲတွင် မဲဆွယ်သူများသည် မဲရရန် မည်သူ့ထံချဉ်းကပ်ရမည်၊ ရန်ပုံငွေရရန် မည်သူ့ထံ ချဉ်းကပ်ရမည်ကို ၎င်းတို့ကိုယ်ပိုင် နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရပါသည်။ မဲဆွယ်သူမှ အခြားသူများသို့ လည်းကောင်း ထိုသူများမှတဆင့် အဆင့်ဆင့်ပွားများသွားစေပါသည်။ ထိုနည်း၏ထိရောက်မှုကြောင့် ထိုမဲဆွယ်ပွဲ၌ ရန်ပုံငွေ စံချိန်တင်ကာ ဒေါ်လာသန်း ၇၅၀ ထိရရှိခဲ့ပါသည်။ ထို့အပြင် မဲဆွယ်စည်းရုံးရန် ကိုယ်ပိုင်ဆန္ဒပြုသူများ ၁.၅၀ သန်းအထိ MyBarrackObama website ၌ စာရင်းပေးသွင်းခဲ့ ကြသဖြင့်လည်း အဖွဲ့ငယ်ပေါင်း ၂၇,၀၀၀ ဖြင့် ရန်ပုံငွေရှာဖွေရန် လည်းကောင်း၊ ဆန္ဒမဲရရှိရန်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။
၁၀။ အခြေအနေလိုအပ်ချက်များနှင့်ကိုက်ညီစွာ ဗျူဟာမြောက်အပြောင်းအလဲများကို ကောင်းစွာ ပြုလုပ်နိုင်ခဲ့မှုကြောင့် ယခုရွေးကောက်ပွဲ မဲဆွယ်မှုသည် ၂၀၀၈ ခုနှစ်က လှုပ်ရှားဆောင်ရွက်မှုများကို ခေတ်နောက်ကျကျန်ရစ်စေခဲ့ပါသည်။ ယခုရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွင် ရန်ပုံငွေဒေါ်လာ  ၁ ဘီလီယံ ရရှိစေခဲ့သည့်အပြင် ထူးခြားစွာ အောင်မြင်မှု ရရှိခဲ့သည်။ ယခုပြီးခဲ့သော ကွန်ဂရက် လွှတ်တော် နှစ်ဝက်ရွေးကောက်ပွဲ၌ ဒီမိုကရက်တို့ရှုံးနိမ့်၍ ပြည်နယ်အုပ်ချုပ်ရေးမှူး ၈ နေရာနှင့် အောက်လွှတ်တော်ကို ချုပ်ကိုင်မှု လက်လွှတ်ခဲ့ရသော်လည်း ၂၀၁၂ ရွေးကောက်ပွဲ၌ အဓိက ယှဉ်ပြိုင် ခဲ့ရသော ပြည်နယ်တစ်ခုမှလွဲ၍ ကျန်နေရာအားလုံးတွင် အနိုင်ရခဲ့ကြသည်အထိ မဲဆွယ်လှုပ်ရှားမှုများမှာ အောင်မြင်မှုများ ရရှိခဲ့ပါသည်။

အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi ၏ သတင်းအချက်အလက်ဆက်သွယ်မှုနည်းပညာအား အသုံးပြု၍မဲဆွယ် စည်းရုံးသော နည်းလမ်းများ
၁၁။    Mr.Narendra Modi(Gujaratပြည်နယ်၏ဝန်ကြီးချုပ်ဖြစ်ခဲ့သူ)သည် လာမည့်ရွေးကောက် ပွဲ၌ ၎င်း၏ အောင်မြင်မှု အား ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးစားနေပါသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးအား အလွန်ထူးဆန်းသော ပုံစံနှင့် ရပ်တည်နေပါသည်။  ၎င်းကို မုန်းသည် ဖြစ်စေ  ချစ်သည်ဖြစ်စေ ၎င်းအားဥပေက္ခာမပြုနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် ၎င်းကိုပစ်ပယ်၍ မရ နိုင်အောင် ခက်ခဲသောကြောင့် ဖြစ်ပါသည်။

၁၂။    Mr. Modi သည် နည်းပညာကို သာမန်နှင့်မတူထူးကဲစွာအသုံးပြုသည့် နိုင်ငံရေးသမား အနည်းငယ်ထဲမှ တစ်ဦးဖြစ် သည်။ နိုင်ငံရေးသမားအများ အသုံးပြုသည့် Facebook, Twitter အားလုံးအသုံးပြုသည့်အပြင် 3D ကိုပါအသုံးပြုခဲ့သည်။ သူ၏မဲဆွယ်စည်းရုံးရေးတွင် အသုံးပြုသည့် နည်းလမ်း ၅ မျိုး ရှိပါသည်။

(က)    3D မျိုးပေါင်းစုံသုံးခြင်း။     ပြည်နယ်၏ရွေးကောက်ပွဲသည် ဗုဒ္ဓဟူးနေ့ဖြစ်ပါသည်။ အင်္ဂါနေ့တွင် Gujarat ပြည်နယ်၏ ၅၂ နေရာမှာ ပြည်သူများသို့ မိန့်ခွန်းပြောကြားရာတွင် လွှတ်တော်အား ပြစ်တင်ဝေဖန်ခြင်းကို ဆန့်ကျင်သည့်ဟောပြောမှု ကို ပြုလုပ်ခဲ့သည်။ ယင်းဟောပြောမှုသည် နိုင်ငံသားများအတွက် မဲဆွယ်စည်းရုံးမှုများတွင် နည်းပညာအား ပထမဦးဆုံး အသုံးပြုခြင်းပင်ဖြစ်ပါသည်။ Mr.Modiသည် စည်းရုံးရေးအတွက်ငွေကြေးများစွာအသုံးပြုခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ မဲဆွယ်စည်းရုံးမှု၏အောင်မြင်မှုမှာ အိမ်ရှင်မများသည် ၎င်းတို့ကြည့်နေကျ TV series များကိုပစ်ပယ်၍ Mr. Modi ၏3D နှင့် မဲဆွယ်စည်းရုံးမှုကို အားပေးခဲ့ကြပါသည်။

(ခ)    Modi Google နှင့်ချိတ်ဆက်ခြင်း။     အိန္ဒိယနိုင်ငံ၏နိုင်ငံရေးသမားများ တစ်ခါမှ မလုပ်ဖူးသေးသော အရာကိုပြု လုပ်ခဲ့ပါသည်။ Google နှင့်ချိတ်ဆက်ပြီး ၎င်းအား ထောက်ခံသူများ၏ မေးခွန်းမေးမြန်းမှုများအား တိုက်ရိုက်ဖြေကြားခဲ့ပါ သည်။ စက်တင်ဘာလတွင် ၂ နာရီကြာ တိုက်ရိုက်လွှင့်သည့် Youtube ဖြင့် Video ဟောပြောမှုအား နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှပြည်သူပေါင်း ၈၂၀၀၀ သည်တစ်ချိန်တည်း ကြည့်ရှုခဲ့ပါသည်။ Modi Google+ အသိုင်းအဝိုင်းတွင် ၎င်းအားထောက်ခံသူ ၃ သိန်းကျော်ရှိပါသည်။ တစ်ပတ်အတွင်းမှာပင် ထို Video အားပြည်သူ ၅၅၅၀၀၀ က ကြည့်ရှု ခဲ့ပါသည်။ Modi အားထောက်ခံသူများ၏ ပြောဆိုချက်အရ အမေရိကန်သမ္မတအိုဘားမား၏ ထုတ်လွှင့်ချက်အား ကြည့်ရှုခဲ့သူ (၉လ အတွင်း)  ၇၁၂၀၀၀ ထက်ပင် Modi ၏ထုတ်လွှင့်ချက်အား ကြည့်ရှုသူပိုမိုများပြားကြောင်း ပြောဆိုခဲ့ ပါသည်။

(ဂ)    Twitter ပေါ်တွင်Googleများဖြင့်လှုပ်ရှားခြင်း။    အောက်တိုဘာလတွင် ၎င်း၏ Twitter ၌ ၎င်းအားထောက်ခံသူ ၁ သန်းကျော် ရှိပါသည်။ တစ်လခန့်အတွင်း ထောက်ခံသူ  ၁ သိန်းခန့် တိုးလာပါသည်။ တစ်ဝက်ခန့် သည် Account ၂ ခုခွဲ ထားလျှင်ပင် ၎င်းအားထောက်ခံသူများ၏အရေအတွက်မှာ အလွန်များပြားပါသည်။ Mr.Modi သည် သူ၏ပြိုင်ဘက်များကို Twitter ပေါ်မှ မကြာခဏထိုးနှက်တတ် ပါသည်။ Mr.Modi သည် ၎င်း၏မဲဆွယ်စည်းရုံးမှု ခရီးစဉ်များမှ (Post,Video များ) တင်လေ့ရှိပြီး Twitter ပေါ်မှာအမည်တူဖြင့် ၎င်းအား တိုက်ခိုက်နေသောသူများ ကို တန်ပြန်ထိုးနှက်တိုက်ခိုက်ပါသည်။

(ဃ)    Internet ပေါ်မှတိုက်ရိုက်ထုတ်လွှင့်မှုများ။ Mr.Modi သည် ၎င်း၏မိန့်ခွန်းများ နှင့်အခြားအရေးကြီးသော လုပ်ဆောင်မှုများကို Video ဖြင့်ထုတ်လွှင့်ပါသည်။ Mr.Modiအားထောက်ခံသူများအနေဖြင့် ၎င်း၏အသံကို ရုပ်သံလွှင့် ဌာနများ၏ ဖြတ်တောက်မှု၊ ဝေဖန်မှုများမပါဘဲ ၎င်း၏လုပ်ဆောင်မှုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။ သူသည် သူ၏ စည်းရုံးရေးအစီအစဉ်ကို Online တွင် လူတိုင်းကြည့်ရှု နိုင်ရန် တင်ပြထားသည်။
(င)    စည်းရုံးရေးလမ်းကြောင်းဖြစ်သော Facebook။          Mr.Modi ၏ Facebook စာမျက်နှာတွင် အားပေးသူ ၁ သန်းကျော်အား မကြာခဏသူ၏ပရိတ်သတ်ကို ထိ တွေ့မှုများပြုလုပ်ခဲ့ပါသည်။ သူ၏မိန့်ခွန်းမှ Video များ၊ ဓာတ်ပုံများနှင့် မိန့်ခွန်း ကောက်နှုတ်ချက်များ တင်ပြပါသည်။ ၎င်း၏Facebook မျက်နှာဖုံးစာမျက်နှာကို သပ်ရပ်သော ဒီဇိုင်းပြုလုပ်ထားပြီး သူ၏ You tube, Twitter, ကိုယ်ပိုင် Website များအား Link ချိတ်ဆက်ထားပါသည်။ ထိုအရာအားလုံးသည် ကျွမ်းကျင်သော စည်းရုံးရေးများပင်ဖြစ်ပါသည်။

၁၃။    ၎င်း၏Online စာမျက်နှာပေါ်တွင်တက်လာသောသူများအားလုံးသည် ၎င်းအားထောက်ခံ လိမ့်မည်ဟုယူဆ၍မရပါ။ ၎င်းတို့အား မိမိပေးလိုသောသတင်းကိုပေးနိုင်သောကြောင့် မိမိစာမျက်နှာများပေါ်တွင် တက်လာသူများမှ တဆင့် ပျံ့နှံ့နိုင်သောကြောင့် အောင်မြင်ခြင်းပင်ဖြစ်ပါသည်။ 3D နည်းပညာကိုအသုံးပြုထားသော Offline နည်းလမ်းများသည် လူစု လူဝေးကို ဆွဲဆောင်ရာတွင် သူ၏မဲဆန္ဒနယ်မြေမှ ပြိုင်ဘက်များကို တိုက်ခိုက်အနိုင်ယူနိုင်သည့် နည်းလမ်းဖြစ်ပါသည်။

ဂျာမနီဝန်ကြီးချုပ် Mrs. Angela Merkel ၏ ရိုးရှင်းတည်ငြိမ်၍ဆွဲဆောင်မှုရှိသောမဲဆွယ်စည်းရုံးမှု နည်းလမ်းများ
၁၄။  ဂျာမန်လူမျိုးများသည် တိတ်ဆိတ်ငြိမ်သက်ခြင်းကို နှစ်သက်ကြပါသည်။   Mrs. Angela Merkel သည် ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တတိယ အကြိမ်မြောက်ရွေးချယ်ခံရရန်အတွက် အဓိကအကြောင်းအရင်း ဖြစ်ခဲ့ပါသည်။

၁၅။    သူမ၏တုံ့ဆိုင်းသည့် အမူအရာနှင့်လှုပ်ရှားမှုများသည် အနှုတ်လက္ခဏာသဘောဆောင်သော်လည်း စဉ်းစားချင့်ချိန်၍ ငြိမ်သက်စွာ လုပ်ဆောင်တတ်ခြင်းကို နှစ်သက်သော ဂျာမန်လူမျိုးများအတွက် တိုက်ဆိုင်မှုဖြစ်သွားခဲ့သည်။ သံ အမတ်ကြီးဟောင်းတစ်ဦးဖြစ်သူ Mr. Kornblum က “ဂျာမန်ခေါင်းဆောင်များသည် တည်ငြိမ်မှုကို ခန့်မှန်းရသည်မှာ ခက်ခဲကြောင်း သိကြပါသည်။ ကြီးကျယ်ခန်းနားသော အကြံအစည်များသည် စွန့်စားရမှုများရှိပါကြောင်း၊ သို့သော် ဂျာမန် လူမျိုးများ၏ စိတ်သဘောထားသည် မာကဲလ်၏ လုပ်ဆောင်မှုများနှင့်ကိုက်ညီနေကြောင်း၊ သူမ၏ စံပြု လောက်သော အောင်မြင်မှုများကြောင့်လည်းဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

၁၆။    “ဂျာမနီနိုင်ငံနှင့်ဥရောပသမဂ္ဂအား သူမလိုချင်သော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိလိုသည့် ဆန္ဒပြင်းပြ သူဖြစ်ကြောင်း”သူမအားထောက်ခံသူများနှင့်ဝေဖန်သူများက တညီတညွတ်တည်း ပြောကြပါသည်။ ဘာလင်မြို့တွင် အခြေပြုနေသော ဥရောပသမဂ္ဂအဆင့်မြင့် သံတမန်တစ်ဦးက “သူမ၏အသံသည် ဘယ်တော့မှအာဏာရှင်မဆန်ကြောင်း၊ သူမသည် မည်သူ့ကိုမျှ အထင်သေးလေ့ မရှိကြောင်းနှင့်ဘယ်တော့မှလူထုအတွင်းမှာ ရန်လိုသည့်အမူအရာကိုပြလေ့ မရှိကြောင်း”ပြောကြားပါသည်။ နောက်ဆုံးတွင်သူမသည် လူထုအား သူမနှင့်အတူ ပါဝင်လာအောင်စည်းရုံးနိုင်သည့် အရည် အချင်းရှိသူဖြစ်ကြောင်း ပေါ်လွင်လာပါသည်။  

၁၇။    ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲတွင် Mrs. Angela Merkel ၏ ပါတီဖြစ်သောခရစ်ယာန် ဒီမိုကရက်ပါတီ (Christian Democrat Union - CDU) အောင်နိုင်ရေးအတွက် Berlin မြို့ လယ်ခေါင်ရှိ မီးရထားဘူတာရုံရှေ့တွင် ကြီးမားသော ပိုစတာ ထောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၁၈။    ပိုစတာတွင် ဂျာမနီဝန်ကြီးချုပ် Mrs. Angela Merkel သည် သူမ၏ဝမ်းဗိုက်ရှေ့တည့်တည့်တွင် ဘယ်ညာ လက်မနှင့် လက်ညှိုးကို စိန်ပုံစံထောက်ထားပါသည်။ ဤသည်ကို Merkel - Raute သို့မဟုတ် Merkel Diamond ဟုအမည်ရပါသည်။ ယင်းသင်္ကေတ၏အဓိပ္ပါယ်မှာ  “လက်နှစ်ဖက် ထောက်ထားခြင်းသည် ဘယ်ညာ အချိုးညီမျှပါသည်”ဟုဖြစ်ပါသည်။ Merkel Diamond ၏ လက်ဟန်ပြပုံသည် ကမ္ဘာပေါ်တွင် ထင်ရှားသော သင်္ကေတများထဲမှ တစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မည်။

၁၉။  အလျား ၇၀ မီတာ၊ အနံ ၂၀ မီတာ ကျယ်ပြန့်သောပိုစတာ၏ထောင့်တစ်ဖက်တွင် လိမ္မော် ရောင်ဖြင့်  စာတမ်း ထိုးထား သည်မှာ “ဂျာမနီ၏ အနာဂတ်သည် ကောင်းမွန်သော လက်များထဲတွင် ရှိရန်လိုအပ်သည်”ဟုဖြစ်ပါသည်။ သတင်းစာ၏ မျက်နှာဖုံးတွင် “စိန်ပုံစံလက်သည် ဝန်ကြီးချုပ်  (Chancellor) တစ်ယောက်အနေနှင့် တည်ငြိမ်အေးချမ်းမှုနှင့်အင်အားရှိမှု သင်္ကေတတစ်ခုပင်ဖြစ်ပါ သည်”ဟုရေးသားထားပါသည်။

၂၀။ ဂျာမန်လူမျိုးများ၏ အဓိကနေရာဖြစ်သော Berlin မြို့၏ ထင်ရှားသောနေရာဖြစ်သည့် ဗဟိုဘူတာရုံရှေ့ Chancellery နှင့် Reichstag အဆောက်အဦအနီးတွင် ပိုစတာထောင်ခြင်းကို နိုင်ငံရေး အားလေ့လာစမ်းစစ်သူများက “ပါတီအနေဖြင့် မာကဲလ်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အားသာချက်များကို အသုံးချ၍ ပါတီအောင်နိုင်ရေး ရရှိရန်ကြိုးပမ်း သည်”ဟုပြောကြားကြ ပါသည်။

၂၁။    ပြိုင်ဘက်ပါတီ တစ်ခုဖြစ်သော Social Democrats ပါတီက “CDU သည် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အားပေးသော Cuba (ကျူဘား) နိုင်ငံနှင့်တူသည်” ဟုဝေဖန်တိုက်ခိုက်ခဲ့ပါသည်။ အမှန်ပင် ဂျာမနီနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် ကြီးမားသော ပိုစတာပြိုင်ပွဲကြီး ဖြစ်ခဲ့ပါသည်။

၂၂။    မာကဲလ်၏ပါတီဖြစ်သော CDU ပါတီနှင့် မိတ်ဘက်ပါတီဖြစ်သော (Christian Social Union-CDU)ပါတီတို့၏ ပါတီမူဝါဒများတွင် အခွန်ကိစ္စနှင့်ပတ်သက်၍ အခွန်တိုးမြှင့်မှုကိုဆန့်ကျင် ကြောင်း၊ CDU ပါတီ၏ မိတ်ဘက်ပါတီဖြစ်သော CSUပါတီသည် အမြန်လမ်းမကြီးများတွင် အခွန် ကောက်ခံခြင်းနှင့်ပတ်သက်၍  နိုင်ငံခြားသားများအား ခွင့်ပြုပေး မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ လူမှုရေးအရ အိမ်မှာနေရသော မိခင်များအတွက် ထောက်ပံ့မှုပေးခြင်း၊ သတ်မှတ် ထားသော အချို့ စက်မှုလုပ်ငန်းများ အနိမ့်ဆုံးလုပ်အားခကို သတ်မှတ်ပေးခြင်း ပြုလုပ်ပေးမည်။ ဥရောပကိစ္စနှင့် ပတ်သက်၍ ဂရိနိုင်ငံကဲ့သို့ ကြွေးမြီပြဿနာမဖြစ်စေရေး ဆောင်ရွက်မည်။ ဘတ်ဂျက်နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများကို တလေး တစား ဆောင်ရွက်မည်ဟူ၍ မဲဆွယ်စည်းရုံးခဲ့ပါသည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Mr.Najib Razak ၏အံ့အားသင့်စေလောက်သော မဲဆွယ်စည်းရုံးမှုများ
၂၃။    Mr.Najib Razak(ဝန်ကြီးချုပ်)သည် မလေးရှားလူငယ်များအား စိတ်ဓာတ်ပျိုးထောင်ခြင်း ဖြင့်စည်းရုံး လှုံ့ဆော်ခဲ့ ပါသည်။ ၎င်းသည် ရော့ခ်တေးဂီတဖျော်ဖြေပွဲတစ်ခုသို့ မမျှော်လင့်ဘဲရောက်ရှိခြင်းမျိုး၊ ရေဒီယိုထုတ်လွှင့်မှုမှ တစ် ဆင့် နောက်ပြောင်ကျီစယ်ခြင်းနှင့် Twitter ပေါ်မှ ၎င်းအားထောက်ခံ အားပေးသူ ၂၀၀,၀၀၀ ခန့်အား အဖျော်ယမကာ ခွက်များ အခမဲ့ဝေငှခြင်း စသည့်ထူးခြားသည့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ပါသည်။ ၎င်း၏ပေါ့ပါးသော သွင်ပြင်ဟန်ပန်ဖြင့် လူထုအား တစ်မူထူးခြားစွာ စည်းရုံးမှုပြုခြင်း ဖြစ်ပါသည်။ ယင်းပုံစံသည် မကြာမီကျင်းပဖွယ်ရှိသော အမျိုး သား ရွေးကောက်ပွဲအကြိုအဖြစ် ထောက်ခံမှုကျဆင်းနေသော ၎င်း၏အာဏာရပါတီ၏ စည်းရုံးလှုံ့ဆော်မှု အစိတ် အပိုင်း ဖြစ်ပါသည်။ ၎င်းသည် ယခင်ကတည်းက လူထု၏ထောက်ခံအားပေးမှုကိုရရှိရန် သာမန်လူထုအကျိုးမျှော် ဝါဒီ ဆောင်ရွက်မှုမျိုးကို ပြောင်းလဲကျင့်သုံးခဲ့သူဖြစ်ပါသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်က အမျိုးသားလုံခြုံရေးစည်းမျဉ်း ဥပဒေများကို အလုံးစုံစစ်ဆေးပြုပြင်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြင့် မလေးရှားလူမျိုးတို့အား အံ့အားသင့်စေခဲ့ပါသည်။

၂၄။    နာဂျစ်ပါတီ၏ မဲဆွယ်စည်ရုံးမှုသည် လက်ဖျားခါလောက်သော မဲဆွယ်စည်းရုံးမှုဖြစ်ကြောင်း ဒီမိုကရေစီနှင့် စီးပွားရေး ရာ အဖွဲ့အစည်း၏အကြီးအကဲ မစ္စတာဝန်ဆိုင်ဖူလ်ဝန်ဂျန်က ပြောကြားခဲ့ပါသည်။ လေ့လာသုံးသပ်သူများက မစ္စတာနာဂျစ် သည် ၎င်းအားလူကြိုက်များလာစေရန် ကြိုးပမ်းမှုသည် ၂၀၁၃ ခုနှစ် သူ၏ ရာထူးသက်တမ်းမကုန်မီ လာမည့်နှစ်တွင် လူထု သဘောထား စစ်တမ်းကောက်ယူမှုအတွက် ရည်ညွှန်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

သုံးသပ်တွေ့ရှိချက်    
၂၅။    ဤစာတမ်းတိုတွင်အောင်မြင်မှုရရှိနေသည့်ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များ၏မဲဆွယ်စည်းရုံးသော နည်းလမ်းများ ကိုဖော်ပြထားခြင်းဖြစ်ပြီး ၎င်းနိုင်ငံများသည်သတင်းအချက်အလက်ဆက်သွယ်မှုနည်းပညာထွန်းကားသောနိုင် ငံများဖြစ်သောကြောင့် မိမိနိုင်ငံ၏ နည်းပညာအခြေအနေနှင့်နှိုင်းယှဉ်လျှင် ကွာခြားမှုရှိနေမည်ကို သုံးသပ်တွေ့ရှိရပါသည်။ အချို့သော နိုင်ငံခေါင်းဆောင်များ၏ ခေတ်မှီ ICT နည်းပညာအသုံးပြု၍ မတူခြားနားသော Styles ဖြင့် မဲဆွယ် စည်းရုံးမှုများ သည် အောင်မြင်မှု ရရှိသောအရာများဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ ၎င်းခေါင်းဆောင်များ ကျင့်သုံးသော လူထု၏ အာရုံစိုက်မှု၊ လူထု၏ လက်ခံယုံကြည်မှုရရှိလာစေရန်အတွက် လုပ်ဆောင်သည့်အနှစ်သာရသဘောတရားကို ရယူ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိ၏မဲဆန္ဒနယ် ပြည်သူလူထုအခြေ အနေပေါ်မူတည်၍ မဲဆွယ်နိုင်ရန် အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

နိဂုံး
၂၆။    ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်သကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအတွက်လည်း အရေးကြီးလှပါ သည်။ နိုင်ငံရေးပါတီအားလုံးသည် တိုင်းပြည်တိုးတက် ကောင်းမွန်ရေးအတွက် မိမိတို့ ယုံကြည်ရာလမ်းကြောင်း အတိုင်း ဆောင်ရွက်နိုင်ရန်မှာ လွှတ်တော်များအတွင်း မိမိပါတီ၏အင်အားအများစုရရှိရန် လိုအပ်ပါသည်။ ပါတီစုံဒီမိုကရေစီ စနစ်တွင် ပြည်သူအများနှစ်သက်ယုံကြည် ထောက်ခံသည့် ကိုယ်စားလှယ်သာလျှင် အနိုင်ရရှိနိုင်မည်ဖြစ်သောကြောင့် တရားသဖြင့် ယှဉ်ပြိုင်အနိုင်ရရှိရေးအတွက် ဤစာတမ်းတိုသည် တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါသည်။


သတိပြုရန်
ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာတာဝန်များ ကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန် မဟုတ်ပါ။ အချိန်နှင့် တပြေးညီ နောက်ဆုံးရ သတင်းဖြစ်မည်ဟု သတ်မှတ်မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေး တိုင်ပင်သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်း များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၂၅.၁.၂၀၁၇