Skip to main content

အချိုးကျကိုယ်စားပြုစနစ် (PR)

အကျဉ်းချုပ်

ဤစာတမ်းတိုသည် လတ်တလောဆွေးနွေးနေသော အချိုးကျကိုယ်စားပြုစနစ်အား များစွာ အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ဖူးသော နိုင်ငံများနည်းတူ လက်ရှိ အချိန်တွင် ကိုလိုနီစနစ်၏ အကျိုးသက်ရောက်မှုကြောင့် အနိုင်ရသူအကုန်ယူစနစ် (First Past The Post) ကို လက်ခံကျင့်သုံးလျက်ရှိသည်။ ယခုအခါ အချိုးကျကိုယ်စားပြုစနစ်သို့ ပြောင်းလဲ ကျင့်သုံးရန် အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ရာ မဲအနိုင် ရရှိပြီး လွှတ်တော်မှ အတည်ပြုခဲ့ပါသည်။

ဤစာတမ်းတိုသည် အချိုးကျကိုယ်စားပြုစနစ်၏ အဓိကစနစ်အမျိုးအစားများကို ရှင်းလင်းဖော်ပြ ထားပါသည်။ ထိုသို့ဖော်ပြထားသော်လည်း အချို့မဲပေးမှုစနစ်များ သို့မဟုတ် ရွေးကောက်ပွဲစနစ် များသည်  အနည်းငယ်ရှုပ်ထွေးမှုရှိပါသည်။ သို့ဖြစ်၍ ယင်းစနစ်များ၏ အချက်အလက်များ (သို့မဟုတ်) အခြားရွေးကောက်ပွဲစနစ်များအကြောင်း ပို၍သိရှိလိုပါက မူရင်းစာအုပ် ( Electoral System Design: The New International IDEA Handbook) တွင် လေ့လာနိုင်ပါသည်။ အကယ်၍ ထိုစာအုပ်ဖတ်ရှု့ရာတွင် အချို့အကြောင်းအရာများ နားလည်ရန်ခက်ခဲပါက ဘာသာပြန် ဆိုထားသော (http://www.idea.int/publications/esd/) တွင် လေ့လာနိုင်ပါသည်။

ထိုစာအုပ်သည် ကမ္ဘာ့ရွေးကောက်ပွဲစနစ်အမျိုးမျိုးနှင့် ၎င်းတို့ကို ကျင့်သုံးသောအခါ ဖြစ်နိုင်ခြေ ရှိသောအားသာချက်၊ အားနည်းချက်များနှင့် ယင်းစနစ်များကို ကျင့်သုံးသောနိုင်ငံများ၏ ဖြစ်ရပ် လေ့လာမှုများနှင့် ယှဉ်၍ဖော်ပြထားပါသည်။


၁။ နိဒါန်း
ရွေးကောက်တင်မြှောက်ပုံစနစ်များဆိုသည်မှာ အထွေထွေရွေးကောက်ပွဲမှ ဆုံးဖြတ်မဲများကို     ပါတီများနှင့် ကိုယ်စားလှယ်လောင်းအသီးသီး၏ အနိုင်ရသည့် လွှတ်တော်အမတ်နေရာများ အဖြစ် သို့ကူးပြောင်းပေးခြင်း ဖြစ်သည်။ ယင်းမဲအရေအတွက်ကို လွှတ်တော်အမတ်နေရာသို့ ကူးပြောင်းသည့် အသုံးများသည့် နည်းများမှာ  ဗဟု/အများစုကိုယ်စားပြုစနစ်၊ အချိုးကျကိုယ်စား ပြုနိုင်သည့်စနစ်၊ စနစ်ရောနှင့် အခြားစနစ်တစ်ခုခု ဖြစ်ပါသည်။   

၂။ အချိုးကျကိုယ်စားပြုစနစ်အားလွှတ်တော်၌ အဆိုတင်သွင်းခြင်း
၃-၆-၂၀၁၄ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်း အဝေးတွင် လာမည့် ၂၀၁၅ ခုနှစ်၌ ကျင်းပမည့်ရွေးကောက်ပွဲအပါအဝင် ရွေးကောက်ပွဲအားလုံး တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များရွေးချယ်ရာ၌ မဲအချိုးကျကိုယ်စားပြုစနစ် (Proportional Representation System (PR) ကိုကျင့်သုံးရန် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အဆိုတင်သွင်းခဲ့ပါသည်။ အဆိုပါ ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအတွက်      ရွေးကောက်ပွဲ ယှဉ်ပြိုင် သည့်နေရာ၌သာ ကျင့်သုံးရန်အတွက် အဆိုပြုခဲ့ခြင်း ဖြစ်ပါသည်။  ထို့နောက် ယင်းအဆိုအား (၉-၆-၂၀၁၄) ရက်နေ့၌ ဆွေးနွေးရာတွင်  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင်၊ ဦးဇုန်လှယ်ထန်း၊ ဒေါက်တာဗညားအောင်မိုး၊ ဦးစောထွန်းမြအောင်၊ ဒေါ်နန်းနီနီအေးတို့နှင့် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦး၊ ဗိုလ်မှူး တိုးမင်းထွန်း၊ ဗိုလ်မှူးကျော်နိုင်ဌေး တို့မှ ဆွေးနွေးခဲ့ကြပါသည်။  PR စနစ်ကျင့်သုံးရန် လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့ရာ ကိုယ်စားလှယ် ၂၀၄ ဦးတွင် ကန့်ကွက်မဲ ၈၅ မဲရှိပြီး ထောက်ခံမဲအများစုဖြင့် မဲအနိုင်ရရှိပြီး လွှတ်တော် မှ အတည်ပြုခဲ့ပါသည်။

၃။ အချိုးကျကိုယ်စားပြုစနစ်နှင့် စပ်လျဉ်းသောအမြင်များ    
(၃.၁) နိုင်ငံရေးပါတီများ၏အမြင်
ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) က “ဒီမိုကရေစီစနစ်ကျင့်သုံးနေသော မိမိတို့ နိုင်ငံသည် equality of right , equality of opportunity, equality of achievement အချက်(၃)ချက်ညီမှ ဒီမိုကရေစီစည်းမျဉ်းနှင့် ညီသည်ဟုသတ်မှတ်နိုင်ပြီး ဒီမိုကရေစီအမြင့် ဆုံးဖြစ် အောင်ပြည်သူ့ ဆန္ဒပါဝင်သော လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာမဲ ပေးခွင့်၊ လွတ်လပ်စွာအရွေးခံပိုင်ခွင့်၊ လွတ်လပ်စွာမဲဆွယ်ခွင့်၊ လွတ်လပ်စွာ ရွေးကောက်ပွဲကျင်းပခွင့် စသည့်စံနှုန်းများနှင့်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပါတီစုံဒီမိုကရေစီ ကျင့်စဉ်အရ PR စနစ်သည်ပို၍ အကောင် အထည်ဖော်နိုင်မည်ဖြစ်သဖြင့် PR စနစ်ကိုတင်သွင်းရ ခြင်းဖြစ်ပါကြောင်း” ဆွေးနွေးချက်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတကာသတင်းများစာစောင်မှ ကူးယူဖော်ပြပါသည်။

(၃.၂) နိုင်ငံရေးကိုစောင့်ကြည့်အကဲခတ်သူများ၏အမြင်
ဦးအောင်သူငြိမ်းက “အချို့နိုင်ငံများသည် တိုင်းပြည်ထဲတွင် လူမျိုးတစ်မျိုးတည်းရှိသောနိုင်ငံများ ရှိပါကြောင်း၊ ၎င်းတို့တွင် သွေးကွဲသည့်ကိစ္စများသည် PR စနစ်နှင့် ပြေလည်နိုင်စရာရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအရလည်း ကွဲပြားမှုများပါကြောင်း၊  PR စနစ်သည် တကယ်အမှန် အကန် အဖြေဆို တာမျိုးကိုလည်း မိမိတို့ပြောဖို့ခက်ပါကြောင်း၊ PR စနစ်တွင် အားနည်းချက်များ အများကြီးရှိပါကြောင်း၊ ပါတီလေးတွေ အစိတ်စိတ်အမွှာမွှာ အမျိုးမျိုးကွဲသွားနိုင်‌သော အားနည်း ချက်များရှိပါကြောင်း၊ ပါလီမန်ထဲတွင် ထောက်ခံသောပရိတ်သတ်ရှိနေသည့် အစွန်းရောက်သော အင်အားစုများ ရောက်လာနိုင်ကြောင်း၊ ထိုအနေအထားသည် အမျိုးသားရင်ကြားစေ့ရေးအတွက် အဖြေဖြစ်သည်ဟု မိမိသိပ်မထင်ပါကြောင်း၊ ဥပမာ တောင်အာဖိရိကနိုင်ငံ လာမည့်ရွေးကောက်ပွဲ တွင်မည်သူပဲနိုင်နိုင် နိုင်သည့်သူက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုကြည့်ပြီး နှစ်ဦးနှစ်ဖက် သဟဇာတဖြစ်အောင် ပေါင်းစပ်ဖွဲ့စည်း တာမျိုး ဖြစ်ကြလိမ့်မည်ဟု ထင်ပါကြောင်း” ပြောကြားခဲ့သည့်ဆွေးနွေးချက်အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတကာသတင်းများ စာစောင်မှကူးယူ ဖော်ပြပါသည်။

စာရေးသူမင်းမြတ်ဝေ၏ ဆောင်းပါးတွင် “United Kingdom တွင် တစ်နိုင်ငံလုံးရွေးကောက်တဲ့ စနစ်သည် FPTP ဖြစ်ပြီး စကော့တလန်လွှတ်တော်အတွက် ရွေးကောက်သည့်ပုံစံမှာ PR ပုံစံဖြစ်နေ ပါကြောင်း၊ အိန္ဒိယမှာ အထက်လွှတ်တော်ရွေးကောက်ပွဲသည် PR စနစ်ဖြစ်ပြီး အောက်လွှတ်တော် သည် FPTP ဖြစ်ပါကြောင်း၊ အဓိကအချက်သည် မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းနှင့် သင့်တော် သောပုံစံ၊ နိုင်ငံမှာဖြစ်စေချင်သော ပါတီစနစ်ပုံစံတွေနှင့် ရွေးကောက်ပွဲစနစ်တွေကို အသင့်တော်ဆုံး ဖြစ်အောင် ရွေးချယ်အသုံးပြုကြပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိရွေးကောက်ပုံစနစ်က FPTP စနစ်ပဲဖြစ်ပါကြောင်း၊ PR နှင့် FPTP ဘယ်လိုကွဲပြားသလဲဆိုလျှင် PR သည် လူနည်းစု၏ ကိုယ်စား လှယ်များပါ လွှတ်တော်ထဲရောက်အောင် အသုံးပြုသည့်စနစ်ဖြစ်ပြီး ဆန္ဒမဲပေးသူများ၏ မဲများ အလေအလွင့်နည်းအောင် လုပ်သောစနစ်ဖြစ်ပါကြောင်း၊ FPTP တွင် လူများစု၏ ကိုယ်စားလှယ် များက လွှတ်တော်တွင်လွှမ်းမိုးပြီး လူနည်းစုကိုယ်စားလှယ်များ အားနည်းသောစနစ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအများစုအတွက် PR စနစ်ကျင့်သုံးသင့်ပါကြောင်း၊ PR စနစ်၏ အားသာချက်သည် ပါတီကြီးကြီးငယ်ငယ် မိမိရသောမဲရာခိုင်နှုန်းအလိုက် လွှတ်တော်ထဲတွင် နေရာ ယူခွင့်ရလာသောစနစ်ဖြစ်ပြီး အားနည်းချက်မှာ အစွန်းရောက်ပါတီများ လွှတ်တော်ထဲရောက်လာ ခြင်း၊ မဲဆန္ဒနယ်တစ်ခုချင်းအလိုက် အမတ်တွေက တိုက်ရိုက်တာဝန်ခံမှုမရှိတော့ခြင်းများ ဖြစ်လာ နိုင်ပါကြောင်း၊ နိုင်ငံရေးပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ တိုင်းရင်းသားများ၊ လူမျိုးစုများ၊ ပါတီအသင်းအဖွဲ့များသောနိုင်ငံသည် PR စနစ်နှင့် သင့်တော်ပါကြောင်း၊ လူမျိုးတစ်မျိုးတည်း များသောတိုင်းပြည်များသည် FPTP ကသင့်တော်ပါကြောင်း၊ မြန်မာနိုင်ငံအတွက် PR ပုံစံသွားတာ သင့်တော်မည်ဆိုနိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီပေါင်းမြောက်များစွာရှိပါကြောင်း၊ ပါတီ သေးသည်ဖြစ်စေ၊ ပါတီကြီးသည်ဖြစ်စေ၊ တိုင်းရင်းသားမျိုးနွယ်စုသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ် စေလွှတ်တော်အတွင်းတစ်ထောင့်တစ်နေရာ ကိုယ်စားလှယ်တစ်ဦး အဖြစ်ပါဝင်နိုင်ရန်အတွက် PR စနစ်သည် မြန်မာနိုင်ငံကဲ့သို့နိုင်ငံများတွင် ပိုမိုကျင့်သုံးသင့်ပါကြောင်း၊ ထိုပါတီအသင်းအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးစုများအနေဖြင့်လည်း နိုင်ငံ၏တစ်ထောင့်တစ်နေရာကနေပြီး နိုင်ငံတော်တိုး တက်ရာတိုးတက်ကြောင်းကို အကြံပြုဆွေးနွေးတင်ပြနိုင်မည် ဖြစ်ပါကြောင်း၊ လူတိုင်း၊ ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်းတွင် နိုင်ငံတော်နှင့်ပတ်သက်၍ တိုးတက်ခေတ်မီစေချင်သော အတွေးအခေါ် အသစ်၊ စိတ်ကူးသစ်၊ အကြံဉာဏ်သစ်များနှင့်၊ လွှတ်တော်အတွင်း အကြံပြုဆွေးနွေး တင်ပြလာလျှင် အများက ဝိုင်းဝန်းဆုံးဖြတ်ပြီး နိုင်ငံအတွက် အမြင်သစ် Idea အသစ်များဖြင့် လုပ်ဆောင်နိုင် မည်ဖြစ်ပါကြောင်း၊ လက်ရှိကမ္ဘာပေါ်တွင် PR စနစ်ကို အခြေခံပြီး ကိုယ့်နိုင်ငံနှင့်လိုက်အောင် မွမ်းမံ ကျင့်သုံးနေသော နိုင်ငံပေါင်း (၉၀) နီးပါးရှိပြီး မြန်မာနိုင်ငံတွင်လည်း PR စနစ်ကို တိုးတက်နေသော နိုင်ငံကြီးများနည်းတူ စနစ်တကျ အသွင်ကူး‌ပြောင်းကျင့်သုံးသင့်ပါကြောင်း၊ ရေများရေနိုင်၊ မီးများမီး နိုင်ဆိုသော နိုင်သူအကုန်ယူစတမ်း (FPTP) စနစ်ထက် အချိုးကျခွဲဝေယူ စနစ်ဖြစ်သော (PR) စနစ်ကပို၍ ဒီမိုကရေစီဆန်ပေလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကြီးကို အမှန်တကယ် တိုးတက် အောင်ကြိုးပမ်း လုပ်ဆောင်ကြမည့် သူများအား ရွေးကောက်နိုင်ရန် PR စနစ်ကို စနစ်တကျ ကူးပြောင်းသင်‌့ပါကြောင်း” မြန်မာပြည်သား Website တွင် ရေးသားထားသော ဆောင်းပါးအား ကူးယူဖော်ပြပါသည်။  

၄။ ကမ္ဘာ့ရွေးကောက်ပွဲစနစ်များ
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရွေးကောက်ပွဲစနစ်အမျိုးမျိုးကျင့်သုံးလျက်ရှိရာ ရွေးကောက်ပွဲစနစ် အမျိုးမျိုးကို အောက်ပါအတိုင်း အုပ်စုများခွဲခြားထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်-
ဗဟုအများစုကိုယ်စားပြုစနစ် (Plurality Majority) သည် အနိုင်ရသော ကိုယ်စားလှယ်/ပါတီသည် အခြားသောကိုယ်စားလှယ်/ ပါတီများထက် ဆန္ဒမဲပိုမိုအနိုင်ရထားသူဖြစ်သည်။

  •     အနိုင်ရသူအကုန်ယူစနစ်    - First Past The Post (FPTP)
  •      လျှို့ဝှက်မဲစနစ်               - Block Vote (BV)
  •     ပါတီ၏လျှို့ဝှက်မဲစနစ်       - Party Block Vote (PBV)
  •     မဲလွှဲပြောင်းစနစ်              -Alternative Vote (AV)
  •     နှစ်ကျော့ပြန်စနစ်            - Two Round System (TRS)

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation) သည် ပါတီတစ်ခုမှ တစ်နိုင်ငံလုံး ရရှိသည့် မဲအရေအတွက် နှင့် ယင်းပါတီမှရမည့် အမတ်အရေအတွက်ကို တတ်နိုင်သမျှ အချိုးညီမျှ စေရန်ဆောင်ရွက်ပေးသည့် ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည်။

  •     စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ်         -List Proportional Representation (LIST PR)
  •     လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ်        - Single Transferable Vote (STV)
  •     ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် -Mixed Member Proportional (MMP)

စနစ်ရော (Mix) သည် ဗဟုအများစုကိုယ်စားပြုစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်ပိုင်းအား ရောနှော၍ အသုံးပြုသောနည်းစနစ် ဖြစ်ပါသည်။
    ပူးတွဲစင်ပြိုင်စနစ် -Parallel System (PARALLEL)

အခြားစနစ်များ (Other)

  •     လွှဲပြောင်း၍မရသော တစ်မဲတည်းပေးစနစ်- Single Non-Trsansferable Vote (SNTV)
  •     ကန့်သတ်ထားသောမဲပေးစနစ်- Limited Vote (LV)
  •     Borda Count (BC)

အောက်ပါဇယားသည် "ရွေးကောက်ပွဲစနစ်ဒီဇိုင်း နိုင်ငံတကာ IDEA လက်စွဲစာအုပ်သစ်" မှ ကိုးကားတင်ပြထားခြင်း ဖြစ်ပါသည်။

001

 

 

 

 

 

 

 

 

 

 

 

 

 

၅။ အချိုးကျကိုယ်စားပြုစနစ်
အချိုးကျကိုယ်စားပြုစနစ်ဆိုသည်မှာ ပါတီတစ်ခုမှတစ်နိုင်ငံလုံးရရှိသည့် မဲအရေအတွက်နှင့်   ယင်းပါတီမှရမည့် အမတ်အရေအတွက်ကို တတ်နိုင်သမျှ အချိုးညီမျှစေရန် ဆောင်ရွက်ပေးသည့် ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည်။ အချိုးကျကိုယ်စားပြုစနစ်များ အားလုံး ကို ကျောထောက် နောက်ခံပြုထားသည့် အကြောင်းအရင်းတစ်ခုမှာ ပါတီတစ်ခုမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရသောမဲနှင့် ယင်းပါတီက လွှတ်တော်အတွင်းရရှိသော ကိုယ်စားလှယ်နေရာ အချိုးအစား ကွာဟချက်ကို ဂရုတစ်စိုက်လျော့ချရန် ဖြစ်သည်။ ဥပမာ- အဓိကပါတီကြီးတစ်ခုသည် ဆန္ဒမဲ၏ ၄၀% ကိုရရှိသည့်အခါ ထိုပမာဏနှင့်ညီမျှသော အမတ်နေရာ ၄၀% ကိုရရှိမည်ဖြစ်သည်၊၊ ထို့အတူ ပါတီငယ်တစ်ခုသည် ဆန္ဒမဲ ၁၀% ကို အနိုင်ရလျှင် လွှတ်တော်ကိုယ်စားလှယ်နေရာ၏ ၁၀% ကို ရရှိမည်ဖြစ်သည်။

(၅.၁) အချိုးကျကိုယ်စားပြုစနစ်များ
အချိုးကျကိုယ်စားပြုစနစ်၏ အမျိုးအစားများမှာ-
          (က)    စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ် (List Proportional Representation)
          (ခ)    လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ် (Single Transferable Vote)
          (ဂ)    ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional)
တို့ဖြစ်သည်။ ယင်းအချိုးကျ ကိုယ်စားပြုစနစ်အားလုံးတွင် ကိုယ်စားလှယ်တစ်ဦးထက် ပိုရွေးချယ် သည့်မဲဆန္ဒနယ်များရှိရန်လိုသည်။ မဲဆန္ဒနယ်တစ်ခုမှ ကိုယ်စားလှယ်များ ရွေးချယ်ရလေလေ ရွေးကောက်ပွဲစနစ်သည် အချိုးကျမှုရှိလေလေသာဖြစ်သည်။ အချိုးကျကိုယ်စားပြု စနစ်သည် ပါတီများကြားရွေးချယ်မှုပြုရမည်လော၊ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအကြား(သို့) နှစ်ဦးစလုံး အကြားရွေးချယ်မှုပြုလုပ်ရ မည်လောဟူသော မဲဆန္ဒရှင်များကို ပေးအပ်ထားသည့် ရွေးချယ်မှု အတိုင်းအတာလိုက်၍ ကွဲပြားမှုရှိပါသေးသည်။ အချိုးကျကိုယ်စားပြုစနစ် များတွင် အောက်ပါ ယေဘူယျအားသာချက်နှင့် အားနည်းချက်များကို တွေ့ရှိရပါသည်။

(၅.၂) အချိုးကျကိုယ်စားပြုစနစ်၏အားသာချက်များ

  •     ဆန္ဒမဲများကို ကိုယ်စားလှယ်နေရာများအဖြစ် မှန်မှန်ကန်ကန် ကူးပြောင်းပေးနိုင်ခြင်းကြောင့်   မျှတခြင်းမရှိ၍ တည်ငြိမ်မှု ပျက်ပြားစေသော ရလဒ်များကိုရှောင်ရှားနိုင်သည်။ ပါတီကြီးများ အနေဖြင့် အပိုဆုအနေအဖြစ်ရတတ်သည့် ကိုယ်စား လှယ်နေရာများလျော့နည်းသွားပြီးပါတီ ငယ်များအနေဖြင့်လည်း ဆန္ဒမဲအနည်းငယ်ပေးရုံမျှဖြင့် လွှတ်တော်အတွင်းသို့ တက်လှမ်းခွင့်ရှိသွားသည်။
  • စိတ်တူကိုယ်တူရှိသော ကိုယ်စားလှယ်များပါဝင်သည့် ပါတီများ(သို့) အသင်းအဖွဲ့များအား အမည်စာရင်းပေး သွင်းစေခြင်းဖြင့် ယင်းပါတီအသင်းအဖွဲ့များ ဖြစ်ပေါ်လာမှုကို အားပေးအားမြှောက်ပြုသည်။
  • အလဟသဖြစ်သွားသော မဲအရေအတွက်ကို အလွန်နည်းပါးသွားစေသည်။ လွှတ်တော် တွင်နေရာရရှိရန် အနည်းဆုံးရရှိရ မည့် လူထုထောက်ခံမှုအဆင့်သတ်မှတ်ချက် လျော့ကျသွားသည့်အခါ ရွေးချယ်ထားသည့် ကိုယ်စားလှယ် တစ်ဦး ကို ရွေးကောက်တင်မြှောက်ပေး နိုင်ရန် သက်ရောက်မှုရှိသွားစေသည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့ပေးထားသော ဆန္ဒမဲသည် ရွေးကောက်ပွဲရလဒ်ပေါ်တွင် ပြောင်းလဲမှုရှိစေသည်ကို ယုံကြည်မှုပိုမိုခိုင်မာလာစေ သဖြင့် ရွေးကောက်ပွဲ ကျင်းပချိန်၌ မဲရုံသို့ သွားရောက်မဲထည့်ရခြင်းသည် တန်ဖိုးရှိသည်ဟူ သော မဲဆန္ဒရှင်၏အမြင်ကို ရင့်သန်စေသည်။
  •  ပါတီငယ်များ လွှတ်တော်တွင် ကိုယ်စားပြုခွင့်ရရန် ဆောင်ကြဉ်းပေးနိုင်သည်။ ဤအချက် သည် ကွဲပြားမှုရှိနေသော လူ့အဖွဲ့အစည်းများတည်ငြိမ်ရေးတွင် အလွန်တရာအရေးကြီးသည့် အားလုံးပါဝင်ရေးမူ ကို ဖော်ဆောင်ရာရောက်သည့် အပြင် အခြေခိုင်ပြီးဖြစ်သည့် ဒီမိုကရေစီနိုင်ငံများတွင်လည်း ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကျိုးဖြစ်ထွန်းစေနိုင်သည်။
  •  အချိုးကျကိုယ်စားပြုစနစ်များ၏ ဆွဲဆောင်မှုတစ်ခုမှာ  ဆန္ဒမဲများမည်သည့်နေရာမှ ရရှိလာ သည်ကိုအဓိကမထားပဲ ဆန္ဒမဲ စုစုပေါင်းအရေအတွက် များပြားစေရေးကိုသာ အလေးထား ဆောင်ရွက်သဖြင့် လူထုထောက်ခံမှုအားနည်းသောဒေသ ပင်ဖြစ်စေ ဆန္ဒမဲတိုင်းသည်နောက်  ထပ်ကိုယ်စားလှယ်နေရာရရှိရန် ဆောင်ကြဉ်းပေးနိုင်သည်။
  •  ဒေသတွင်းလက်ဝါးကြီးအုပ်မှုများကြီးထွားလာခြင်းကို ကန့်သတ်ပေးသည်၊၊ အချိုးကျ ကိုယ်စားပြုစနစ်သည် ပါတီငယ်များကို ကိုယ်စားလှယ်နေရာအနည်းဆုံး ရရှိစေသဖြင့် ပါတီ တစ်ခုတည်းမှ သက်ဆိုင်ရာခရိုင် (သို့) စီရင်စု အတွက် ကိုယ်စားလှယ် နေရာအားလုံးကို ချုပ်ကိုင်ထားသည့် အခြေအနေအား နည်းပါးသွားစေခြင်းကြောင့် ဒေသတွင်း အခွင့်အာဏာ ရရှိရန် အခြေအနေမရှိသော ပါတီငယ်များအတွက် အထူးအရေးကြီးပါသည်။
  •  မူဝါဒစဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲမှုကို ဦးတည်စေသည်။ အချိုးကျကိုယ်စားပြုစနစ်တွင် အားလုံးပါဝင်သည့် ညွန့်ပေါင်း အစိုးရများ တည်ရှိခြင်းကြောင့် ဆုံးဖြတ်ချက်များချမှတ်ရာ တွင်တည်ငြိမ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုဖြစ်စေ သဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ထွန်းစေနိုင်သည်။
  •      ဒီမိုကရေစီအသုံးပြုစနိုင်ငံများစွာတွင် နိုင်ငံရေးအာဏာရရှိထားသည့် လူအများစုနှင့်  စီးပွားရေးအာဏာကို ချုပ်ကိုင်ထား ကြသည့် လူနည်းစုတို့ကြား ယင်းအဖွဲ့အစည်း(၂)ခု ကြားပြုလုပ်ကြသော စေ့စပ်ညှိနှိုင်းမှုများသည် ထင်သာမြင်သာရှိမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံနိုင်မှုနည်းပါးခြင်းတို့ ဖြစ်ပေါ်လေ့ရှိပါသည်။ အချိုးကျကိုယ်စားပြုစနစ်အရ လွှတ်တော်ထဲ၌ အကျိုးမျှော်အုပ်စုများအပါအဝင် လူ့အဖွဲ့အစည်း၏ ကိုယ်စားပြုသူများကို ပိုမိုပါဝင်လာစေသဖြင့် ဆုံးဖြတ်ချက်များ ကို ပြည်သူများ၏ မျက်စိရှေ့တွင်ပင် ချမှတ်ကြရသည်။

(၅.၃) အချိုးကျကိုယ်စားပြုစနစ်၏အားနည်းချက်များ

  •  ညွန့်ပေါင်းအစိုးရအဖွဲ့များရှိခြင်းသည် အပြန်အလှန်အားဖြင့် ဥပဒေပြုရေးကိစ္စတွင် အတား အဆီးတစ်ခုဖြစ်နေတက်ပြီး သဟဇာတဖြစ်သော မူဝါဒများချမှတ်ရန် အခက်အခဲဖြစ်စေ တတ်သည်။
  •  အချိုးကျကိုယ်စားပြုစနစ်သည် ပါတီစနစ်၏ တည်ငြိမ်မှုကို ပျက်ယွင်းစေပြီး အစိတ်စိတ် အမွှာမွှာကွဲပြားစေရန်လည်း အားပေးအားမြှောက်ပြုသည်။ ထို့ကြောင့် အချိုးကျကိုယ်စား ပြုစနစ်၏ အားလုံးပါဝင်ရေးမူသည် ၎င်းစနစ်၏အားနည်းချက် တစ်ခုလည်း ဖြစ်သည်။
  •  အချိုးကျကိုယ်စားပြုစနစ်သည် အစွန်းရောက်ပါတီများအတွက် ခြေကုပ်ယူစရာအုပ်မြစ် သဖွယ်ဖြစ်စေသည်။
  • မူဝါဒအခြေခံအားဖြင့်သော်လည်းကောင်း(သို့) ထောက်ခံမှုအခြေခံအားဖြင့်သော်လည်း ကောင်း တူညီသော ရပ်တည်ချက် လုံလောက်စွာမရှိပဲနှင့် အုပ်ချုပ်သူညွန့်ပေါင်းအစိုးရများကို ဖြစ်ပေါ်စေသည်။
  •  ပါတီငယ်များအား အချိုးအစားမမျှတသဖြင့် အခွင့်အာဏာများစွာကို ရရှိစေနိုင်သည်။ ပါတီကြီးများအား ၎င်းတို့ထက် မယှဉ်သာအောင်သေးငယ်သည့် လူထုဆန္ဒမဲရာခိုင်နှုန်း အနည်းငယ်သာရခဲ့သောပါတီများနှင့် ပူးပေါင်း၍ညွန့်ပေါင်း အစိုးရ များ ဖွဲ့စည်းစေသောအခါ ယင်းပါတီငယ်များသည် ပါတီကြီးများအဆိုတင်သွင်းသမျှ ပယ်ချနိုင်ခွင့်ရှိသွားသည်။
  • အချိုးကျကိုယ်စားပြုစနစ်အရဆိုလျှင် အသင့်အတင့်အရွယ်အစားရှိသော ပါတီတစ်ခုကို အာဏာမှဖယ်ရှားရန် အလွန်ခက်ခဲနိုင်သည်။ အစိုးရများသည် မကြာခဏညွန့်ပေါင်း အစိုးရများ ဖွဲ့စည်းနေရသောအခါ အချို့နိုင်ငံရေး ပါတီများသည် အစိုးရသက်တမ်းတစ် လျှောက် ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းဆောင်မှုများ အားနည်းနေခဲ့သော် လည်း အစိုးရအဖွဲ့တွင် အမြဲပါဝင်နေတတ်သည်။
  •  ရွေးကောက်ပွဲအုပ်ချုပ်သူများအတွက် အချိုးကျကိုယ်စားပြုစနစ်၏ ရှုပ်ထွေးသောစည်းမျဉ်းများကို အကောင်အထည်ဖော်ရန် ခက်ခဲစေရုံသာမက မဲဆန္ဒရှင်များအတွက်လည်း နားလည်ရန် ခက်ခဲစေသည်။ ထို့ကြောင့် မဲဆန္ဒရှင်ပညာပေးအစီအစဉ်များ ပို၍လိုအပ်ပြီး၊ မဲရုံဝန်ထမ်းများအောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်တန်းပေးမှုများ ပြုလုပ်ရန် လိုအပ် သည်။

၆။ စာရင်းလိုက် အချိုးကျကိုယ်စားပြုစနစ်
စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်တွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ပါတီတိုင်း သို့မဟုတ် အဖွဲ့အစည်းတိုင်းသည် သက်ဆိုင်ရာ ရွေးကာက်ပွဲ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်ကြမည့် မိမိတို့၏ ကိုယ်စားလှယ်လောင်းများကို တြင်ပကြရပြီး မဲဆန္ဒရှင်များက ပါတီတစ်ခုစီအတွက် ဆန္ဒမဲပေးကြပါသည်။ ပါတီများသည် ဆန္ဒမဲအားလုံးအနက်မှ ၎င်းတို့ရသင့်သည့် အချိုးအစားနှင့်ညီမျှသော အမတ်နေရာများကို ရရှိကြမြည်ဖစ်သည်။ အနိုင်ရကိုယ်စားလှယ်များကို ထုြတ်ပန်ထားသည့် စာရင်းများမှ ထုတ်ယူသွားမည်ဖြစ်သည်။

(၆.၁) စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်၏ ရွေးကောက်ပွဲတင်မြှောက်ပုံ
စာရင်းလိုက် အချိုးကျကိုယ်စားပြုစနစ်တွင် ဥပဒေပြုသူများကို ကိုယ်စားလှယ်တစ်ဦးထက် ပိုရွေး ချယ်သည့် မဲဆန္ဒနယ် (Multi-member districts) များမှ ရွေးကောက် တင်မြှောက်သည်။ ပါတီ တစ်ခုစီသည် မဲဆန္ဒနယ်တွင် ရွေးကောက်ခံရမည့် အမတ်နေရာနှင့်တူညီသော ကိုယ်စားလှယ်များ စာရင်း (သို့) မဲပြားများကို တင်ပြရသည်။ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များကိုလည်း သူတို့၏ ကိုယ်ပိုင်ပါတီများွဖင့် မဲပြားပေါ်တွင် သီးခြားတင်ပြရမည်။ မဲပြားတွင် မဲပေးသူများသည် သူတို့၏ နှစ်သက်ရာပါတီတစ်ခုကို မဲပေးနိုင်ပြီး ပါတီများကလည်း သူတို့ရရှိသောမဲအရေအတွက်အလိုက် အချိုးကျစွာ နေရာများကို လက်ခံရမြည်ဖစ်သည်။ ဥပမာအားွဖင့် ကိုယ်စားလှယ်ငါးဦး ရွေးချယ် ရသော မဲဆန္ဒနယ်တစ်ခုတွင် ပါတီတစ်ခုသည် ၄၀% မဲအနိုင်ရလျှင် ၅ နေရာထဲမှ ၂ နေရာကိုရရှိ မြည်ဖစ်သည်။ ရရှိလာသော ၂ ‌နေရာအတွက် ကိုယ်စားလှယ်များကိုလည်း မဲပြားတွင်တင်သွင်း ထားသောစာရင်းအစီအစဉ်အလိုက် ရွေးကောက် တင်မြှောက် မည်ဖြစ်သည်။

ယေဘုယျအားဖြင့် စာရင်းလိုက် အချိုးကျကိုယ်စားပြုစနစ်နှစ်မျိုးရှိပြီး “စာရင်းပိတ်စနစ်” (Close lists) နှင့် “စာရင်းဖွင့်စနစ်” (Opened lists) တို့ဖြစ်သည်။ စာရင်းလိုက် အချိုးကျကိုယ်စားပြု စနစ်၏ မူလပုံစံတစ်ခုဖြစ်သော “စာရင်းပိတ်စနစ်” တွင် ပါတီ အနေဖြင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်၍ အစီအစဉ်အလိုက် စာရင်းပြထားရပြီး မဲပေးသူများက ပါတီကို သာမဲပေးရမည်။ အောက်ဖော်ပြပါဇယားတွင် ရွေးကောက်ပွဲတစ်ခု၏ မဲဆန္ဒနယ်တစ်ခုတွင် နေရာ (၅) နေရာအတွက် စာရင်းပိတ်မဲပေးသည့်စနစ်ကို ဖော်ပြထားပါသည်-

002

 

 

 

 

 

 

 

 

 

 

 

အထက်ပါဇယားအရ မဲပေးသူများသည် စာရင်းထဲမှမိမိတို့နှစ်သက်သော မည်သည့်ကိုယ်စားလှယ် လောင်းကိုမျှ မဲပေးရန်မလိုဘဲ ပါတီမှတင်ပြထားသော ကိုယ်စားလှယ်စာရင်းကို လက်ခံရမည်။ အနိုင်ရကိုယ်စားလှယ်လောင်းကိုလည်း မူလစာရင်းပေါ်မှ အစီအစဉ်အလိုက် ရွေးချယ်ခြင်း ခံရမည်။ ဥပမာအနေဖြင့် ပါတီ A သည် (၅) နေရာထဲမှ (၂) နေရာအနိုင်ရခဲ့လျှင် စာရင်းပေါ်၌ ပထမကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးနီနှင့် ဦးမိုး ရွေးချယ်ခံရမြည်ဖစ်သည်။ ယခုအခါ ဥရောပ ဒီမိုကရေစီစနစ်အများစုသည် စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ်၏ ပုံစံဖြစ်သော “စာရင်းဖွင့်စနစ်” ကို အသုံးပြုကြသည်။ ယင်းစနစ်တွင် ဆန္ဒမဲပေးသူများကို ပါတီများအတွက် မဟုတ်ဘဲ မိမိတို့ နှစ်သက်သော ကိုယ်စားလှယ်တစ်ဦးစီအတွက် မဲပေးခွင့်ပြုထားသည်။ မဲပေးသူများသည် ကိုယ်စား လှယ်တစ်ဦးချင်းစီအလိုက် နှစ်သက်သလိုမဲပေးခြင်းဖြင့် ကိုယ်စားလှယ်လောင်းများ၏ အမတ် နေရာ အစီအစဉ်ပေါ် သက်ရောက်မှုရှိသည်။ အောက်ဖော်ပြပါ “စာရင်းဖွင့်စနစ်” မဲပေးမှုပုံစံဇယား တွင် လေ့လာနိုင်ပါသည်

003

 

 

 

 

 

 

 

 

 

 

မဲပေးသူများသည် မူလပါတီမှရွေးချယ်ထားသော ကိုယ်စားလှယ်စာရင်းအလိုက် မဟုတ်ဘဲ နှစ်သက်သလို မဲပေးပိုင်ခွင့်ရှိသည်။ မဲပေး သူများသည် ပါတီတစ်ခုအတွက် တိုက်ရိုက်မဲပေးရန် မလို သော်လည်း ကိုယ်စားလှယ်အတွက်သာမက ပါတီအတွက်ပါ အကျုံးဝင်သည်။ သို့ဖြစ်၍ နောက်ဆုံးစာရင်း၏ အစီအစဉ်သည် စာရင်းပေါ်မှ ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ ရရှိသောမဲပေါ်တွင် မှီခို နေမြည်ဖစ်သည်။ ဥပမာအနေဖြင့် ပါတီ A သည် ၅နေရာထဲမှ ၂ နေရာအတွက် အနိုင်ရခဲ့၍ ဦးသူရ နှင့်ဦးတင့်သည် တစ်ဦးချင်းမဲများတွင် အများဆုံးနှင့် ဒုတိယအများဆုံး လက်ခံရရှိခဲ့လျှင် သူတို့သည် စာရင်း၏ ထိပ်ဆုံးသို့ရောက်ရှိလာမည်ဖြစ်ပြီး ရွေးချယ်ခြင်းလည်း ခံရမည်ဖြစ်သည်။

(၆.၂) စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်၏ အားသာချက်များ နှင့် အားနည်းချက်များ

စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်၏ အားသာချက်များ  

  •     စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်သည် ပါတီငယ်များ၏ ကိုယ်စားလှယ်များအားပို၍ ရွေးကောက်တင်မြှောက်ခံနိုင်ခွင့် ရှိစေသည်။ မဲပေးစနစ်တစ်ခုသည် လူအဖွဲ့အစည်းတစ်ခု အတွင်း ရှိယဉ်ကျေးမှု မတူညီမှုများ သို့မဟုတ် လူမှုရေး ကွဲပြား မှုများနှင့် အံဝင်တကျ ဖြစ်သွားသောအခါ ယင်းစာရင်းအလိုက်အချိုးကျကိုယ်စားပြုစနစ်သည် လွှတ်တော်အတွင်း တွင် ပါတီကြီးနှင့်ပါတီငယ် နှစ်ရပ်လုံး၏ ကိုယ်စားလှယ်များအား ပါဝင်ခွင့်ရရန် အကူအညီ ပေးနိုင်သည်။ ထို့ကြောင့် စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်သည် လူမျိုးစုအားလုံးကို ကိုယ်စားပြုသော ပါတီအားလုံးပါဝင်နိုင်သဖြင့် အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် အချက်အချာဖြစ်ရုံသာမက ဆိုးရွားသော နိုင်ငံရေးအခြေအနေများကို လျှော့ကျစေသည်။
  •    စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်များအရ ပါတီငယ်များ၊ တိုင်းရင်းသားလူနည်းစု ပါတီ များ ပါဝင်လာနိုင်သောကြောင့် အမျိုးသမီးများ ကိုယ်စားလှယ်များလည်း ပို၍ ရွေးကောက် တင်မြောက်ခံရနိုင်သည်။ စာရင်းလိုက်အချိုးကျ ကိုယ် စားပြုရွေးကောက်ပွဲစနစ်များသည် အမျိုးသမီးများ ရွေးကောက်တင်မြှောက်ခြင်းကိစ္စတွင် ဗဟု/အများစု ကိုယ်စားပြုစနစ်များ ထက်ပို၍ အကျွမ်းဝင်မှုရှိတတ်သည်။

စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်၏ အားနည်းချက်များ

  •   ရွေးကောက်တင်မြှောက်ခံရသည့် ဥပဒေပြုလွှတ်တော် အမတ်များနှင့်၎င်းတို့၏မဲဆန္ဒနယ်များကြားဆက်နွယ်မှုကို အားနည်းသွားစေသည်။ ကိုယ်စားလှယ်တစ်ဦး၏နေရာရနိုင်မှုသည် တစ်နည်းအားဖြင့် ရွေးကောက်ပွဲအနိုင်ရမှုသည် ယင်း ကိုယ်စားလှယ်အနေဖြင့် ပါတီခေါင်း ဆောင်များအား မျက်နှာလိုမျက်နှာရလုပ်ရဖို့အရေးတွင်သာ မူတည်နေပြီး ၎င်းတို့၏ မဲဆန္ဒ ရှင်များနှင့် ဆက်နွယ်မှု၏ အရေးပါမှုသည် ဒုတိယနေရာသာဖြစ်နေတတ်သည်။ ကိုယ်စား လှယ်ကို မဲပေးခွင့်မရှိဘဲ ပါတီကိုသာမဲပေးခွင့်ရှိသည့် စာရင်းပိတ်စနစ်အရ စာရင်းများကို ပိတ်ထားသည့်အခါ မဲဆန္ဒရှင်များသည် ၎င်းတို့ကို ကိုယ်စားပြုမည့် ပုဂ္ဂိုလ်များ၏ လက္ခဏာသွင်ပြင်ကို ခွဲခြားသုံးသပ်ခွင့် မရနိုင်ပေ။ ၎င်းတို့မြို့၊ ခရိုင်(သို့)ကျေးရွာအတွက် ကိုယ်စား ပြုမည့်သတ်မှတ်ထားသောကိုယ်စားလှယ်ကိုမရနိုင်သည့်အပြင် အကယ်၍ ကိုယ်စားလှယ် တစ်ဦးဦးသည် လွှတ်တော်တွင်း ဆောင်ရွက်မှုလိုအပ်ချက်များရှိသည်ဟု ၎င်းတို့ ယူဆသည့် အခါတွင်လည်း ယင်းလွှတ်တော် ကိုယ်စားလှယ်ကို အလွယ်တကူဖယ်ထုတ်၍ မရနိုင်ပေ။
  •  မဲဆန္ဒရှင်များအနေဖြင့် လူတစ်ဦးချင်းသို့မဟုတ် အုပ်စုကိုမဲပေးရခြင်းထက်ပါတီကို မဲပေးရခြင်းက စနစ်တကျ ဖွဲ့စည်း ထားသော နိုင်ငံရေးပါတီများ ရှိမှသာလျှင် စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုနိုင်မည်ဖြစ်သည်။
    • စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ်၏ အားသာချက်များ နှင့်အားနည်းချက်များကို "ရွေးကောက်ပွဲစနစ်ဒီဇိုင်း နိုင်ငံ တကာ IDEA လက်စွဲစာအုပ်သစ်"  တွင်အောက်ပါအတိုင်း ဖော်ပြထားပါသည်-

s4

 

 

 

 

 

 

 

 

 

 

 

 

၇။ လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်
လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ်သည် ကိုယ်စားလှယ်တစ်ဦးထက် ပိုရွေးချယ်မည့် မဲဆန္ဒ နယ်များတွင် အသုံးပြုသည့် ဦးစားပေးရွေးချယ်နိုင်သော ကိုယ်စားလှယ်ဗဟိုပြု အချိုးကျကိုယ်စား ပြုစနြစ်ဖစ်သည်။ ပထမဦးစားပေးမဲများ၏ သတ်မှတ်ထားသော မဲဝေစု ပမာဏကိုရသည့် ကိုယ်စားလှယ်လောင်းများအား ချက်ချင်းပင် ရွေးကောက်တင်မြှောက်ပါသည်။ မဲရေတွက်မှုများ ဆက်လက် ပြုလုပ်သည့် အခါ၌ ဆန္ဒမဲအနည်းဆုံးရသည့် ကိုယ်စားလှယ်များကို ဖယ်ထုတ်၍ ၎င်းတို့၏မဲများအား ပြန်လည်ခွဲဝေပေးခြင်းဖြင့်လည်းကောင်း အနိုင်ရ ရှိပြီးဖြစ်သည့် ကိုယ်စားလှယ်လောင်းများ၏ မဲဝေစုပမာဏထက်ကျော်သည့် မဲများကို ပြန်လည်ခွဲဝေပေးခြင်းဖြင့်လည်းကောင်း ကိုယ်စား လှယ် အလုံအလောက် ရွေးကောက်တင်မြှောြက်ပီးသည့်အထိ ဆောင်ရွက်သည်။

(၇.၁) လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်၏ရွေးကောက်တင်မြောက်ပုံ
ရွေးကောက်ပွဲ ကိုယ်စားလှယ်များအားလုံးကို မဲပြားပေါ်တွင် တူညီစွာ စာရင်းသွင်းထားပါသည်။ တစ်ဦးအတွက် မဲပေးွခင်းအစား မဲပေး သူများသည် သူတို့၏ ရွေးချယ်မှု အစီအစဉ်အရ ကိုယ်စားလှယ်လောင်း တစ်ယောက်စီကို ခြားပေးသည်။ အကယ်၍ မဲပေးသူ အနေဖြင့် ဒေါ်နီကို ပထမ အဆင့် အနှစ်သက်ဆုံးဖြစ်လျှင် သူ့အမည်နောက်ရှိ ပထမကွက်လပ်တွင် အမြှန်ခစ်ရမည်။ ထို့အတူ ဦးတင်ကို ဒုတိယအဆင့် အနှစ်သက်ဆုံးွဖစ်လျှင် သူ့အမည်နောက်ရှိ ဒုတိယကွက်လပ်တွင် အမှန် ွခစ်ရမည်။ မဲပေးသူအနေဖြင့် သူ၏ ဆန္ဒ အလျောက်အဆင့်ဆင့် မဲပေးနိုင်သည်။ လွှဲပြောင်း၍ရ သော တစ်မဲတည်းပေးစနစ်၏ မဲပေးရမည့် ပုံစံကို အောက်တွင် ဖော်ပြထားပါသည်-

 

005

 

 

 

 

 

 

 

 

 

 

 

 

 

၎င်းစနစ်သည် လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ်ဟု အမည်ပေးထားသဖြင့် မဲလွှဲ‌ွပောင်း သည့် ပုံစံများပါဝင်သည်။ မဲများလွဲပြောင်း သည့် ပုံစံအဆင့်ဆင့်ကို အောက်ပါဇယားတွင် တွေ့မြင် နိုင်ပါသည်။ ပထမအဆင့်တွင် သတ်မှတ်အဆင့်ပြုခြင်း (နေရာတစ်နေရာအတွက် အနိုင်ရရန် လိုအပ်သောမဲအရေအတွက်ကိုသတ်မှတ်ရန်)ွဖစ်သည်။ ထိုသို့သတ်မှတ်ရာတွင်မဲပေးမည့်စုစုပေါင်း အရေအတွက်ကို  နေရာ အရေအတွက်နှင့် (၁)ပေါင်းွခင်းဖြင့် စားပြီးနောက် (၁) မဲပေါင်းရန်ဖြစ်သည်။
ပုံသေနည်းအရ
သတ်မှတ်အဆင့်ပြုခြင်း= (မဲပေးမည်‌့အရေအတွက် )/(၁+ နေရာအရေအတွက်) + ၁မဲ

မဲရေတွက်မှု၏ ပထမအဆင့်သည် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ နံပါတ်(၁) အကွက်တွင်ရရှိသော မဲစုစုပေါင်းကို သေချာစွာ သိအောင် လုပ်ခြင်းဖြစ်သည်။ မည်သည်‌့ကိုယ်စားလှယ်လောင်းမဆို နံပါတ်(၁)မဲသည် သတ်မှတ်ထားသော မဲအရေအတွက် ရပါက (သို့မဟုတ်) သတ်မှတ်ထားသော မဲအရေအတွက်ထက် များနေပါက ချက်ချင်းရွေးကောက်တင်မြှောက်ခံရသည်။ အကယ်၍ ၎င်း သတ်မှတ်ချက် အရေအတွက်ကို မည်သူမှမရရှိပါက နံပါတ်(၁)မဲ အနည်းဆုံးလက်ခံရရှိထားသော ကိုယ်စားလှယ်ကို စာရင်းမှထုတ်ပစ်သည်။ တစ်ပြိုင်နက် တည်းမှာပင် ရွေးချယ်တင်မြှောက်ခံရသော ကိုယ်စားလှယ်လောင်းများ၏ အပိုအစွန်းထွက်မဲများ (ခွဲတမ်းထက်ကျော်လွန်သောမဲများ) ကိုလည်း မဲပြားများတွင် ဖော်ပြထားသော ဒုတိယအနှစ်သက်ဆုံးစာရင်းများ အတိုင်းပြန်လည်ဝေငှပါသည်။ ဤကဲ့သို့ မဲပြားများအားလုံး ကို ပြန်လည်ဝေငှသော်လည်း ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီသည် မဲတစ်မဲ၏အစိတ်အပိုင်း ရာခိုင်နှုန်းကိုသာရစေခြင်းဖြင့် မျှတ မှုဖြစ်စေပါသည်။ သို့မှသာ ပြန်ဝေပေးသောမဲစုစုပေါင်းနှင့် ၎င်းကိုယ်စားလှယ်လောင်း (ရွေးချယ်ခံပြီးသော) အပို အစွန်းထွက် နှင်‌့ညီမျှ မည်ဖြစ်သည်။ ဆန္ဒမဲလွှဲပြောင်းပုံ အဆင်‌့ဆင့်ကို အောက်ပါဇယားတွင် တွေ့နိုင်သည်။
STV စနစ်၏မဲလွှဲပြောင်းပုံအဆင့်ဆင့် 

006

ထိုသို့မဲလွှဲပြောင်းပုံအဆင့်ဆင့်သည် အနည်းငယ်ရှုပ်ထွေးမှုရှိသော်လည်း ရွေးကောက်ပွဲစနစ်တစ်ခုအဖြစ်တည်ရှိနေခြင်းမှာ မဲဖြုန်း တီးမှုပြသာနာများကို လျှော့ချရန်ရည်ရွယ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုကဲ့သို့ မဲဖြုန်းတီးမှုပြဿနာများကို လျှော့ချရာတွင်ရွေးကောက်ပွဲတွင် အနိုင်ရရန်အခွင့်အရေး နည်းသော ကိုယ်စားလှယ်များ၏မဲများနှင့် ကိုယ်စားလှယ်တစ်ယောက်၏ အနိုင်ရရန်လိုအပ်မှု ထက်ပိုသောမဲများကို အလဟသမဖြစ်စေရန်  ဆောင်ရွက်ပေးသည်။

(၇.၂) လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်၏ အားသာချက်နှင့် အားနည်းချက်များ
 လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်၏ အားသာချက်များ

  •  ပါတီအချင်းချင်းကြား၊ ပါတီတွင်းကိုယ်စားလှယ်များကြား၊ ရွေးချယ်ရန်ခွင့်ပြုထားသည်။ လွှဲပြောင်း၍ရသော တစ်မဲ တည်းပေးစနစ်သည် အခြားရွေးကောက်ပွဲစနစ်အားလုံးအနက် ရှုပ်ထွေး ဆန်းပြားမှုအရှိဆုံး စနစ်တစ်ခုလည်းဖြစ်သည်။
  • လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ်သည် သင့်တော်သောအတိုင်းအတာတစ်ခုအထိ အချိုးညီမျှမှုကိုဖြစ်စေပြီး ကိုယ်စားလှယ်တစ်ဦးထက်ပိုရွေးချယ်မည့် မဲဆန္ဒနယ်များသည် အခြားစနစ်၏မဲဆန္ဒနယ်များထက် ပို၍သေးငယ် တတ် သည်။ ဤနည်းအားဖြင့် မဲဆန္ဒရှင်နှင့် ကိုယ်စားလှယ် ကြားပထဝီအနေအထားအရ ဆက်နွယ်မှုကို တည်တံ့စေရာရောက် သည်။
  •  မဲဆန္ဒနယ်ရှင်များအနေဖြင့် ရွေးကောက်ပွဲနောက်ပိုင်း ညွန့်ပေါင်းအစိုးရများ ဖွဲ့စည်းမှုပေါ်တွင်လည်း ဩဇာ သက်ရောက်မှု ရှိစေသည်။ ယင်းစနစ်သည် ပါတီအချင်းချင်းကြား ဦးစားပေး ဆန္ဒမဲများဖလှယ်ခြင်းဖြင့် ပါတီများ၏ ညှိနှိုင်းပြေလည်မှု ကို ဖြစ်ပေါ်စေနိုင်သည်။
  • လူကြိုက်များ၍ လွတ်လပ်သောကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရမည့် အခွင့် အရေးသည် စာရင်းလိုက် အချိုးကျကိုယ်စားပြုသည့်စနစ်ထက် လွှဲပြောင်း၍ရသောတစ်မဲတည်း ပေးစနစ်တွင်ပိုများသည်။ ထိုသို့ဖြစ်ရခြင်းမှာ မဲဆန္ဒရှင်များသည် ပါတီများထက် ကိုယ်စားလှယ်များကြားတွင်သာ ရွေးချယ်ကြရသောကြောင့် ဖြစ်သည်။

လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်၏ အားနည်းချက်များ

  •  တစ်ခါတစ်ရံတွင် လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်အရ ကြိုက်နှစ်သက်မှု ဦးစား ပေး၍ မဲဆန္ဒပေးရသည့် နည်း သည် လူ့အဖွဲ့အစည်းအတော်များများ၌ အကျွမ်းတဝင်မရှိ ကြသည့်အပြင် ယင်းစနစ်ကိုအသုံးပြုရန်အတွက် အနည်းဆုံး အရေးအဖတ်နှင့် အတွက်အချက်တတ်ကျွမ်းမှုကို အတိုင်းအတာတစ်ခုအထိ လိုအပ်သည်။
  • လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်၏ ရေတွက်မှုပုံစံမှာရှုပ်ထွေးလှပြီး အစွန်းထွက်မဲများ လွှဲပြောင်းရန်နှင့် အလားတူ ကိစ္စများအတွက် ထပ်ခါတလဲလဲတွက်ချက်ရသည်။ သို့ဖြစ် ၍ လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ်အရ ရရှိလာသော မဲဆန္ဒနယ်များကိုဆန္ဒမဲ ပေးသည့်နေရာတွင်တွက်ချက်ခြင်းထက် မဲရေတွက်ရာနေရာ ဌာနများထားရှိရမည်။ ရွေးကောက်ပွဲ သမာသမတ်ရှိရေးသည် အဓိကအကြောင်း အရာတစ်ခုဖြစ်၍ ဆန္ဒမဲများ တရား ဝင်ဖြစ်မှု ကို သေချာစေရန်အတွက် မဲဆန္ဒပေးသည့် နေရာတွင်ပင် ရေတွက်ရန်လိုသည်။
  •     လွှဲပြောင်း၍ရသောတစ်မဲတည်းပေးစနစ်တွင် ပါတီတစ်ခုတည်းမှ ပါတီဝင်များသည် ဆန္ဒမဲ ရရှိရေးအတွက် အတိုက် အခံများနှင့်သာမက ပါတီဝင်အချင်းချင်းပါ ယှဉ်ပြိုင်ကြရသော ကြောင့် နိုင်ငံရေးပါတီများအားပါတီတွင်း အစိတ်စိတ်အမွှာမွှာ ကွဲပြားမှုကို ဖြစ်ပေါ်စေနိုင် သည်။ ဤနည်းအားဖြင့် နိုင်ငံရေးသမားများသည် သတ်မှတ်ထားသောမဲဆန္ဒရှင် အုပ်စုများ ထံမှ ဆန္ဒမဲရရှိရေးအတွက် တံစိုးလက်ဆောင်များ ကျွေးမွေးပေးကမ်းရသည့် “လက်သပ်မွေးနိုင်ငံရေး” ကို ဖြစ်ပေါ်သွားစေ သည်။
  •  ပါတီတစ်ခုသည် ဆန္ဒမဲအများစုရရှိထားသော်လည်း လွှဲပြောင်း၍ရသော တစ်မဲတည်းပေး စနစ်ကြောင့် ၎င်း၏ပြိုင်ဘက်များ ထက် အမတ်နေရာရရှိမှု ပိုနည်းသွားစေသည်။ ကိုယ်စားလှယ် များသည် အခြားပါတီမှ ကိုယ်စားလှယ်များထက် တစ်ပါတီတည်းမှ ကိုယ်စားလှယ်များ ကြောင့်လည်း ၎င်းတို့၏အမတ်နေရာများ ဆုံးရှုံးရလေ့ ရှိသည်။

၈။ ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်
ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်သည် စနစ်ရောတစ်မျိုးဖြစ်သည်။ မဲဆန္ဒရှင် များအနေဖြင့် ရွေးကောက်တင်မြှောက်မည့် ဥပဒေပြုလွှတ်တော်အတွက် ကိုယ်စားလှယ် နေရာစုစု ပေါင်း၏တစ်ဝက်ကို ဗဟု/အများစုစနစ်ကိုအသုံးပြု၍ ရွေးချယ်လေ့ရှိပြီး ကျန်တစ်ဝက် ကို စာရင်းလိုက်အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်လေ့ရှိပါသည်။ ထိုသို့ အသုံးပြုရခြင်းမှာ ပထမစနစ်မှ ရရှိလာသော မဲရလဒ်များ၏ ကိုယ်စားပြုမှုတွင် အချိုးမညီမှုများဖြစ်လာပါက ယင်းဒုတိယစနစ်ဖြင့် အစားထိုးဖြည့်ဆည်းပေးနိုင်ရန်ဖြစ်သည်။

(၈.၁) ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်၏ ရွေးကောက်တင်မြှောက်ပုံ
ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်သည် ဗဟု /အများစုစနစ်နှင့် စာရင်းလိုက်အချိုး ကျကိုယ်စားပြုမဲပေးစနစ်ကို ပေါင်းစပ်၍ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ဆန္ဒမဲပေးသူများသည် ဆန္ဒမဲပြားပေါ်တွင် နှစ်နေရာမဲပေးရမည်။ ပထမမဲပေးရန်နေရာမှာ ဥပဒေပြု လွှတ်တော်၌ ဒေသ ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးအတွက် ဖြစ်ပြီးဗဟု /အများစုစနစ်ဖြင့် ရွေးချယ် ွခင်းဖြစ်သည်။ ထိုသို့ရွေးချယ်ရာတွင် ဆန္ဒမဲအများဆုံး အနိုင်ရသော ကိုယ်စားလှယ်သည် အနိုင်ရမြည်ဖစ်သည်။ ယေဘုယျအားဖြင့် ဥပဒေပြုလွှတ်တော်မှ ကိုယ်စားလှယ် တစ်ဝက်ကို ၎င်းနည်းဖြင့်ရွေးချယ်သည်။ ဒုတိယမဲပေးရာနေရာမှာ ပါတီအတွက်မဲဝေစုအပိုင်း ဖြစ်သည်။ မဲပေးသူများသည် ရွေးကောက်ခံ ပါတီများထဲမှ သူတို့၏နှစ်သက်ရာပါတီကို မဲပေးခြင်းဖြစ်သည်။ ဥပဒေပြုလွှတ်တော်ထဲမှ ကိုယ်စားလှယ်နေရာ တစ်ဝက်ကို ထို ပါတီ များမှ ရွေးချယ်တင်ပြထားသော ကိုယ်စားလှယ်စာရင်း များမှ ရွေးချယ်တင်မြှောက်သည်။ ထိုသို့ ရွေးချယ်ရာတွင် “စာရင်းပိတ်” စနစ်ကို ကျင့်သုံးသည်။ ပါတီတစ်ခု၏ စာရင်းများမှ ကိုယ်စားလှယ်များသည် ဒေသအလိုက် ကိုယ်စားလှယ် အနိုင်ရသူများ စာရင်းနှင့်ပေါင်းပြီး ဥပဒေပြုလွှတ်တော်သို့ တက်ရောက်မည်ဖြစ်သည်။ ဥပမာအားွဖင့် ကိုယ်စားလှယ် ၁၀၀ ရွေးချယ်မည့် ပြည်နယ်ဥဒေပြုလွှတ်တော်တွင် ပါတီအတွက် မဲဝေစုများမှ ပါတီတစ်ခုသည်၄၀% အနိုင်ရလျှင် ထိုပါတီသည် ကိုယ်စားလှယ်နေရာ ၁၀၀ အနက် ၄၀ ကိုရမည်။ သို့သော် ထိုပါတီမှ ကိုယ်စားလှယ်များသည် ပထမမဲပေးရာနေရာတွင် ဒေသကိုယ်စားပြု ကိုယ်စားလှယ်သည် ၂၈ နေရာ ရွေးချယ်ခံရလျှင် ဒုတိယ မဲပေးရာနေရာ ပါတီမဲဝေစုများမှ ကိုယ်စားလှယ်များသည် ၁၂ နေရာ ပေါင်းထည့်ပြီး ၄၀ နေရာ ရရှိမည်ဖြစ်သည်။ ရောနှောထား သော အချိုးကျကိုယ်စားပြုစနစ်၏ မဲပေးရမည့်ပုံစံကို အောက်ပါဇယားတွင် တွေ့မြင်နိုင်သည်-

006

(၈.၂) ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ်၏ အားသာချက်၊ အားနည်းချက်များ

ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ်၏ အားသာချက်နှင့် အားနည်းချက်များကို  "ရွေးကောက်ပွဲ စနစ်ဒီဇိုင်း နိုင်ငံတကာ IDEA လက်စွဲစာအုပ်သစ်"  တွင်အောက်ပါအတိုင်း ဖော်ပြ ထားပါသည်-


008

 

 

 

 

 

 

 

 

 

 

 

 

 

 

၉။ အချိုးကျကိုယ်စားပြုစနစ်အားကျင့်သုံးနေသောနိုင်ငံများ
ဥပဒေပြုလွှတ်တော်အတွက် တိုက်ရိုက်ရွေးကောက်ပွဲများ ကျင်းပသော တစ်ကမ္ဘာလုံးရှိ လွတ်လပ် သောနိုင်ငံ ၁၉၉ နိုင်ငံနှင့် နယ်မြေဒေသများအနက် ထက်ဝက်အောက်ခန့်သည် (စုစုပေါင်း ပမာဏ ၏ ၉၁ နိုင်ငံ  ၄၆% သည်) ဗဟု/အများစု ကိုယ်စားပြုစနစ်များကို အသုံးပြုပြီး၊ အခြား ၇၂ နိုင်ငံ (၃၆%) သည် PR စနစ်များကို အသုံးပြုလျက်ရှိသည်။ နိုင်ငံပေါင်း ၃၀ (၁၅%) သည် စနစ်ရော များကို အသုံးပြုပြီး ၆ နိုင်ငံ (၃%) ကသာ အခြားသောစနစ်တစ်မျိုးမျိုးကို အသုံးပြုကြသည်။ 

(၉.၁) List Proportional Representation (LIST PR)စနစ်အားကျင့်သုံးသောနိုင်ငံများ
List PR စနစ်အားကျင့်သုံးသောနိုင်ငံများမှာ Argentina, Belgium, Benin, Brazil, Bulgaria, Cape Verde, Chile, Colombia, Costa Rica, Croatia, Cyprus, Czech Republic, Denmark, Dominican Republic, Ecuador, El Salvador, Estonia, Finland, Greece, Guyana, Honduras, Iceland, Indonesia, Israel, Latvia, Moldova, Mozambique, Namibia, Netherlands, Nicaragua, Niger, Norway, Panama, Paraguay, Peru, Poland, Portugal, Romania, Serbia, Sierra Leone, Slovakia, Slovenia, South Africa, Spain, Sri Lanka, Sweden, Switzerland, Turkey, Uruguay တို့ဖြစ်ပါသည်။  

(၉.၂) Single Transferable Vote (STV)စနစ်ကိုကျင့်သုံးသောနိုင်ငံများ
STV(single  transferable volt)စနစ်ကိုကျင့်သုံးသောနိုင်ငံများမှာ Ireland, Malta, the Australian Senate တို့ဖြစ်ပါသည်။

(၉.၃) Mixed Member Proportional (MMP)စနစ်အားကျင့်သုံးသောနိုင်ငံများ

(၉.၄) Parallel Systems  စနစ်ကိုကျင့်သုံးသောနိုင်ငံများ
Parallel Systems စနစ်ရောစနစ်ကိုကျင့်သုံးသောနိုင်ငံများမှာ Albania, Andorra, East Timor, Georgia, Guatemala, Japan, Lithuania, Macedonia, Madagascar, Senegal, Seychelles, South Korea, Thailand တို့ဖြစ်ပါသည်။  

၁၀။ နိုင်ငံတကာနှင့်နှိုင်းယှဉ်မှုများ

(၁၀.၁) ထိုင်းနိုင်ငံရွေးကောက်ပွဲများနှင့် ၂၀၁၁ခုနှစ်ရွေးကောက်ပွဲရလာဒ်များ
၁၉၉၆ ခုနှစ် အောက်လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းပြင်ဆင်ရေးဆွဲရေးအဖွဲ့(CDA) ကိုဖွဲ့စည်းခဲ့လေသည်။ ယင်းအဖွဲ့ သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကို အဆိုတင်သွင်း ခဲ့ရာ ယင်းအဆိုတွင် Block Vote စနစ် ကိုစွန့်လွှတ်ပြီး စင်ပြိုင် (Parallel) စနစ်တစ်ခုကို ထိုင်းနိုင်ငံတွင် ပြဋ္ဌာန်းရန်ဖြစ်ရာ ယင်းအားလွှတ်တော်မှ အတည်ပြုခဲ့သည်။ ယခင်ထိုင်းနိုင်ငံတွင် ကျင့်သုံးခဲ့သည့် ကိုယ်စားလှယ် အများအပြားရွေးချယ်သည့် မဲဆန္ဒနယ်များကို မဲဆန္ဒနယ်ပေါင်း ၄၀၀မှ မဲဆန္ဒနယ်တစ်နယ်၏ ကိုယ်စားလှယ် တစ်ဦးတည်း ရွေးချယ်မည့် စနစ်ဖြင့်အစားထိုးခဲ့သည်။ ယင်းမဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်များသည် ၎င်းတို့နှစ်သက်သည့် ကိုယ်စားလှယ် အတွက် ဆန္ဒမဲတစ်မဲသာပေးကြရသည်။ ၁၉၉၇ ခုနှစ်၌ ထိုင်းနိုင်ငံသည်နိုင်ငံရေးနှင့် ရွေးကောက်ပွဲမြင်ကွင်း များကို ကျယ် ကျယ်ပြန့်ပြန့် ပြောင်းလဲမှုများ ဖြစ်ပေါ်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲ ကျင့်သုံးခဲ့သည်။ ထိုသို့ ပြုလုပ်ခဲ့သော ပြုပြင်ပြောင်း လဲမှုများတွင် ရွေးကောက်ပွဲများကို ကြီးကြပ်ကွပ်ကဲနိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ရွေးကောက်ပွဲကော်မရှင်တစ်ခုဖွဲ့စည်းခြင်း၊ ပါလီမန် အမတ်များနှင့် ဝန်ကြီးအဖွဲ့ကြား ဆက်နွယ်မှုကို ထိန်းချုပ်ပေးထားနိုင်မည့် အထက်လွှတ်တော်ကို ဖန်တီးခြင်း စသည်တို့ပါဝင်သည်။ ထို့ပြင်အသစ်ရေးဆွဲထားသည့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်း နိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတစ်လျှောက်တွင် အများဆုံးအသုံးပြုခဲ့သည့် Block Vote စနစ်ကို FPTP နှင့် List PR စနစ်နှစ်ခု ပေါင်းစပ်ထားသည့် စင်ပြိုင် Parallel စနစ်ဖြင့် အစားထိုးခဲ့သည်။
 ၁၉၉၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာကို မဲဆန္ဒနယ်တစ်ခုအဖြစ် သတ်မှတ်၍ PR စနစ်ဖြင့် ရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ်နေရာ ၁၀၀ ရှိ ဒုတိယ အမျိုးအစား ကိုယ်စားလှယ်အလွှာတစ်ခုကို ပေါ်ပေါက်စေခဲ့သည်။ အဆိုပါ သတ်မှတ်ထားသည့် အလွှာအတွက် အမတ်နေရာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ဆိုလျှင် ပါတီတစ်ခုသည် ပါတီစာရင်းလိုက် ပေးသောဆန္ဒမဲ၏ အနိမ့်ဆုံး သတ်မှတ်အဆင့်ဖြစ်သော ၅ ရာခိုင်နှုန်းကို မဖြစ်မနေရရှိရမည် ဖြစ် သည်။ ပါတီတိုင်းသည် မဲဆန္ဒရှင်များစဉ်းစားနိုင်ရန် အလို့ငှာ ကိုယ်စားလှယ် အမည်စာရင်းတစ်ခုစီ ကို အဆိုပြုကြရပြီး မဲဆန္ဒရှင်များအနေဖြင့်မူ မဲဆန္ဒနယ် ကိုယ်စားပြုကိုယ်စားလှယ်အတွက် ဆန္ဒမဲ တစ်ခုနှင့်ပါတီစာရင်းအတွက်ဆန္ဒမဲတစ်ခုဟူ၍ ဆန္ဒမဲနှစ်ခုစီပေးကြရသည်။ ကိုယ်စားလှယ်လောင်း များသည် မဲဆန္ဒနယ်အလိုက် ဖြစ်စေ၊ ပါတီအလိုက်ဖြစ်စေ မည်သို့ဝင်ရောက် ယှဉ်ပြိုင်မည်ကို ရွေး ချယ်ကြရသည်။ အဆိုပါ ကိုယ်စားလှယ်အလွှာနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်ပတ်သက်နေ ခြင်းမရှိပါ။ အလွှာတစ်ခုတွင်ရှိသော ပါတီတစ်ခု၏ ကိုယ်စားလှယ်နေရာများသည် အခြားအလွှာ တစ်ခုရှိ ကိုယ်စားလှယ်နေရာအရေအတွက်အပေါ်မည်သည့်နည်းနှင့်မျှ မှီတည်နေခြင်းမရှိဟုဆိုလို သည်။  
၁၉၉၇ အခြေခံဥပဒေသည် ထိုင်းနိုင်ငံတွင်ပထမဆုံးဟုဆိုရမည့် ရွေးကောက်တင်မြှောက်ထားသည့် အထက်လွှတ်တော်ကို လည်း ပေါ်ပေါက်စေခဲ့ပါသေးသည်။ အထက်လွှတ်တော်အမတ် ၂၀၀ ဦးကို SNTV စနစ်ကျင့်သုံး၍ရွေးကောက်တင်မြှောက်ခဲ့သည်။ မဲဆန္ဒနယ်များသည်လည်း ကိုယ်စားလှယ် တစ်နေရာသာရွေးချယ်မည့် မဲဆန္ဒနယ် ၁၈ နေရာ ရွေးချယ်မည့်မဲဆန္ဒနယ်များအထိအမျိုးမျိုး တည်ရှိခဲ့သည်။ SNTV စနစ်ကို ထိုင်းဟန်ပြောင်း၍ကျင်းပသော အဆိုပါရွေးကောက်ပွဲစနစ်တွင် ထပ်မံဖြည့်စွက်ထားသည့် လှည့်ကွက် ကလေးတစ်ခုရှိပါသေးသည်။ အခြေခံဥပဒေပြင်ဆင်ရေးဆွဲ သူများသည် ဆိနိတ်အထက်လွှတ်တော် အချင်းချင်းစကားစစ် ထိုးအနိုင် လုနေသော စိတ်ရှုပ်ဖွယ် အခြေအနေမှ ကင်းဝေးစေလိုကြသည်။ သို့ဖြစ်၍ အထက်လွှတ်တော်အမတ်များအား နိုင်ငံရေး ပါတီများနှင့် ဆက်စပ်ပတ်သက်ခြင်းကို တားမြစ်ထားပြီး ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုများတွင် လည်းပါဝင်ခွင့်မပြုပေ။
ထိုင်းနိုင်ငံဘုရင်မင်းမြတ်သည် အစဉ်အလာအရ နိုင်ငံခေါင်းဆောင်ဖြစ်ပြီးဝန်ကြီးချုပ်အား ဘုရင်မှ ၄ နှစ်တစ်ကြိမ်ခန့်ခွင့်ရှိသည်။ အထက်လွှတ်တော် (Wuthisapha) တွင် ၇၄ ဦးခန့်အပ်ပြီး ၇၆ ဦးအားလွှဲပြောင်း၍မရသော တစ်မဲတည်းပေးသောစနစ် (single non-transferable volt) ဖြင့် ရွေးချယ်သည်။  ထိုင်းနိုင်ငံသည် ယခင်က Threshold  အနည်းဆုံးသတ်မှတ်ချက်ကို ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲထိ ၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့ပြီး ၂၀၁၁ခုနှစ်မှစတင်၍သတ်မှတ်ခြင်းမရှိတော့ကြောင်း New mandala Website တွင်ဖော်ပြထားပါသည်။ ၂၀၁၁ခုနှစ် ဇူလိုင်လရွေးကောက်ပွဲမှ ကိုယ်စားလှယ် (၄၈၀)နေရာအား ကိုယ်စားလှယ် (၅၀၀)နေရာ ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ပါတီ (၃၁)ပါတီမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၁၁)ပါတီမှ ကိုယ်စားလှယ်(၃၇၅)နေရာကို (FPTP) Winner-Takes-All System ဖြင့်ရွေးချယ်၍လည်းကောင်း ကိုယ်စားလှယ်(၁၂၅)နေရာကို PR (MMP) Mixed Member Proportional ဖြင့်ရွေးချယ်၍လည်းကောင်း ပြုလုပ်ခဲ့ပါသည်။ ၂၀၁၀ခုနှစ် ဇူလိုင်လထိ ထိုင်းနိုင်ငံရှိလူဦးရေမှာ (၆၇,၀၈၉,၅၀၀)ဦးရှိခဲ့ပြီး ရွေးကောက်ပွဲကျင်းပချိန်တွင် တစ်နိုင်ငံလုံးမဲပေးခွင့်ရှိသူ (၄၄,၀၀၂,၅၉၃)ဦးရှိသည့်အနက် ပယ်မဲ(၂,၆၈၄,၁၀၃)မဲ၊ တရားဝင်မဲ (၃၂,၅၂၅,၅၀၄)မဲ ရရှိခဲ့ပြီး (၇၄)ရာခိုင်နှုန်းမဲပေးခဲ့ကြကြောင်း သိရပါသည်။

(၁၀.၂) တောင်ကိုရီးယားနိုင်ငံရွေးကောက်ပွဲများနှင့် ဒေသန္တရရွေးကောက်ပွဲများ
 တောင်ကိုရီးယားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ (Presidential Election)၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ(National Assembly Election)နှင့်ဒေသန္တရရွေးကောက်ပွဲများ(Local Elections) များရှိပါသည်။ သမ္မတရွေးကောက်ပွဲကို ၁၉၄၈ ခုနှစ်မှ စတင်ပြီး အကြမ်းဖျင်းဖြင့်လေးနှစ်တစ်ကြိမ်/ ငါးနှစ် တစ်ကြိမ် ကျင်းပခဲ့ရာ ၂၀၁၂ ခုနှစ်အထိ ကျင်းပခဲ့သည့် အကြိမ်ပေါင်း ၁၉ ကြိမ် ရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် Saenuri ပါတီမှ ပတ်ခ်ဂျုံဟီးက ဆန္ဒမဲပေးသူပေါင်း၏ ၅၁. ၅၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည်။ ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှ ၇၅. ၈၄ ဖြစ်ပါသည်။  
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ ၃၀၀ ရှိသည့်အနက် ၂၄၆ ဦးကို မဲဆန္ဒနယ်၂၄၆ နယ်အတွက် နိုင်သူအကုန်ယူစနစ် First Past The Post System (FPTP) ဖြင့် ရွေးချယ်ပြီး ကျန် ၅၄ ဦးကိုမူ အချိုးကျရွေးကောက်သည့်စနစ် Proportional Representation System (PR) ဖြင့် ရွေးချယ်သည်။  
ဒေသန္တရရွေးကောက်ပွဲများကို လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပါသည်။ (၅) ကြိမ်မြောက် ဒေသန္တရရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့က ကျင်းပခဲ့ပြီးဖြစ်ပါသည်။ (၆) ကြိမ်မြောက် ဒေသန္တရရွေးကောက်ပွဲများကို ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကိုရီးယား တစ်နိုင်ငံ လုံးတွင် တစ်ပြိုင်တည်း ကျင်းပခဲ့သည်။ ရပ်ကွက်များ၊ မြို့များနှင့် ခရိုင်ကောင်စီဝင် (Gu/Si/Gun Council Members)  ၂,၈၉၈ ဦးကို ရွေးချယ်ခဲ့ရာတွင် ၂,၅၁၉ ဦးကို FPTP စနစ်ဖြင့် ရွေးချယ် ခဲ့ပြီး ၃၇၉ ဦးကို PR စနစ်ဖြင့် ရွေးချယ်ခဲ့သည်။ FPTP စနစ်နှင့် PR စနစ်နှစ်မျိုးကို ရောနှောအသုံးပြုရာ၌ မဲဆန္ဒနယ်တစ်ခုချင်းအတွက် အုပ်ချုပ်ရေးမှူးများရရှိရန် FPTP စနစ်ကို အသုံးပြုပြီး ကျန်ကိုယ် စားလှယ် မျာကိုမူ PR စနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုဒေသန္တရ ရွေးကောက်ပွဲက ကိုယ်စားလှယ်ပေါင်း ၃,၉၅၂ ဦး ကို ရွေးချယ်ပေး ခဲ့ခြင်းဖြစ်သည်။
ယခုကျင်းပပြီးစီးခဲ့သော ဒေသန္တရရွေးကောက်ပွဲတွင် မဲပေးမှုရာခိုင်နှုန်းမှာ ၅၆.၈ ဖြစ်ကြောင်း၊ ဒေသန္တရရွေးကောက်ပွဲများအနက် ဆန္ဒမဲပေး မှု ဒုတိယအများဆုံးွဖစ်ကြောင်း၊ ကုန်ကျစရိတ် စုစု ပေါင်း ကိုရီးယားဝမ် ၈၈၇.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၈၆၀ ခန့်) ရှိခဲ့သဖြင့် မဲဆန္ဒရှင် တစ်ဦးအတွက် ကိုရီးယားဝမ် ၂၁,၉၄၈ ကုန်ကျခြင်းဖြစ်ကြောင်း၊ ဖော်ပြပါကုန်ကျစရိတ်စုစုပေါင်းတွင် နိုင်ငံရေး ပါတီများ အား ထောက်ပံ့ပေးခဲ့သော ရွေးကောက်ပွဲ စည်းရုံးရေးရန်ပုံငွေ ကိုရီးယား ဝမ် ၉၁ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။ တောင်ကိုရီး ယားနိုင်ငံ၏ ရွေးကောက်ပွဲများ အကြောင်း အသေးစိတ်ဖတ်ရှုလိုပါက ၃၀-၆-၂၀၁၄ ရက်နေ့နှင့် ၁-၇-၂၀၁၄ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

 

    ရက်စွဲ
    ၂.၇.၂၀၁၄