Skip to main content

အာဆီယံပါလီမန်များ အထွေထွေညီလာခံဆက်လက်ကျင်းပ

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးများ ဖြစ်သည့် နိုင်ငံရေးရာကော်မတီ၊ စီးပွားရေး ရာကော်မတီ၊ လူမှုရေးရာကော်မတီ၊ အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်များ အစည်းအဝေး (WAIPA) နှင့် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ယနေ့နံနက်ပိုင်းမှ စတင်၍နေပြည်တော်ရှိ ဟိုတယ်အစီအီးရှိ သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။

နံနက်ပိုင်းတွင် နိုင်ငံရေးရာကော်မတီ အစည်းအဝေးကို ပုဂံဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က သဘာပတိအဖြစ် ဆောင်ရွက်၍ ပင်လယ်ပြင်လုံခြုံရေး၊ ဆိုက်ဘာ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ပြည်တွင်းပြည်ပစိန်ခေါ်မှုများ ဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးအတည်ပြုကြသည်။

စီးပွားရေးရာကော်မတီ အစည်းအဝေးကို ပုဂံဆောင်၌ ကျင်းပရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်ကသဘာပတိအဖြစ် ဆောင်ရွက်၍ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး၊ သင့်တင့်လျောက်ပတ်သည့် လုပ်ငန်းအခြေအနေ ရရှိရေး၊ အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းလာစေရေး၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဖော်ဆောင်ရာတွင် လွှတ်တော်များမှ ထောက်ပံ့ ကူညီရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

လူမှုရေးရာကော်မတီ အစည်းအဝေးကို ဟံသာဝတီဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်းက သဘာပတိ အဖြစ် ဆောင်ရွက်၍ ဇီကာဗိုင်းရပ်စ်ကူးစက်မှု တုန့်ပြန်ကာကွယ်ရေး၊ အာဆီယံကြေငြာစာတမ်းပါ လူမှုရေးဆိုင်ရာအကာအကွယ်ပေးမှု မြှင့်တင်ရေး၊ အာဆီယံဒေသတွင်း ရာသီဥတုပာင်းလဲမှု တုန့်ပြန်ဆောင် ရွက်ရေးတို့၌ အာဆီယံပါလီမန်များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဆိုင် ရာများကို ဆွေးနွေးကြသည်။

အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး(WAIPA)ကို ပုဂံဆောင်၌ ကျင်းပရာနိုင်ငံတော်သမ္မတ၏ ဇနီး သုံးခွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က သဘာပတိအဖြစ် ဆောင်ရွက်၍ WAIPO လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အမျိုးသမီးများနှင့် သင့်လျော်သည့် လုပ်ငန်းခွင်များဖန်တီးပေးရေး၊ အမျိုးသမီးလုပ်သားများအတွက် မွေးဖွားမှုဆိုင်ရာ ခံစားခွင့်များ တိုးမြှင့်ရေးတို့ကို အတည်ပြု ဆောင်ရွက်ကြသည်။

ညနေပိုင်းတွင် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေးကို ဟံသာဝတီဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံပါလီမန် အဖွဲ့အစည်းဆိုင်ရာ ကဏ္ဍ ၅ ခု၏ ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်များအပေါ် ပမာဏအတည်ပြုကြသည်။

ညပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စား လှယ်များအားဟိုတယ် အေစီအီး အင်းဝဆောင်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ညစာစားပွဲ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၁ ရာစုသို့ ချည်းကပ်ဝင်ရောက်လာသည့်အချိန်တွင် ဒီမိုကရေစီကြွေးကြော် သံများသည် ပိုမိုကျယ်လောင်လာခဲ့ပါကြောင်း၊ ဒီမိုကရေစီအရေး၌ ပြည်သူများ၏ ပါဝင်မှုသည် မရှိမဖြစ်လိုအပ်ပါ ကြောင်း၊ မိမိတို့၏ ဒီမိုကရေစီခရီးလမ်းသည် ရှည်လျားခက်ခဲသော်လည်း မြန်မာပြည်သူများ ကစည်းလုံးညီညွတ်စွာလျှောက်လှမ်းလျက်ရှိပါကြောင်း။

မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်မှုကို အာဆီယံနှင့် အာဆီယံပါလီမန်များ ညီလာခံတို့က ကူညီပံ့ပိုးပေးခဲ့ သည်ကို အမှတ်ရနေပါကြောင်း၊ ညီလာခံမှ ပါလီမန်ဆိုင်ရာလုပ်ငန်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့်စပ်လျဉ်း၍ အတွေ့အကြုံ ရင့်ကျက်သော ကိုယ်စားလှယ်များနှင့် အမြင်ချင်းဖလှယ် နိုင်ခဲ့ပါကြောင်း၊ ယခုညီလာခံမှ တစ်ဆင့် အာဆီယံဒေသတွင်း ဥပဒေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို အောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

၂၀၁၆ခုနှစ်၊ အောက်တိုဘာလ ၁ ရက်