Skip to main content

ငပုတောမြို့နယ်အတွင်း အန္တရာယ်ရှိကျောင်းများနှင့် ကျောင်းသားဦးရေနှင့် စာသင်ခန်း အချိုးအစားမညီမျှသည့် အခြေခံပညာကျောင်းများကို ၂၀၂၀-၂၀၂၁ ဘတ်ဂျက်နှစ်တွင် ထည့်သွင်း လျာထား တည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိကို သိလိုခြင်းနှင့်စပ်လျဉ်းပြီး မေးမြန်းမည့် မေးခွန်း ဖြစ်ပါကြောင်း၊

၎င်းကျောင်းများကို မိမိတို့ ပြည်သူလူထုတွေ့ဆုံပွဲများ ရောက်သည့်အချိန်တွင် ၎င်းကျောင်းများကို ဝင်ရောက်ပြီး စစ်ဆေးသည့်အချိန်တွင် အ.ထ.က ပြင်ခရိုင်၊ အ.ထ.က(ခွဲ) ပိုးလောင်း၊ အ.လ.က(ခွဲ) သုံးခွ(မန်ကျည်းပင်) တိုက်နယ်၊ အ.လ.က(ခွဲ )တောင်ဦး (အထက်ပြွန်) စသည့် ကျောင်းများသည် အမှန်တကယ် အန္တရာယ်ရှိ ကျောင်းဆောင်များ ဖြစ်ပြီး တချို့ကျောင်းများသည် စာသင်ခန်းနှင့် ကျောင်းသားဦးရေ အချိုးအစား မညီမျှသည့်ကျောင်းများ ဖြစ်နေပါကြောင်း၊

ထို့ပြင် အ.ထ.က ပြင်ခရိုင်၊ ပုလဲဆောင်၏ အုတ်ညှပ် နှစ်ထပ်ဆောင် ဖြစ်ပါကြောင်း၊ ပိုင်းတန်းများ၊ ကြားတန်းများသည် အားလုံးဆွေးမြည့်ပြီးကွာပြီး အပေါက်များ ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင် ကျောင်းကြီးတစ်ခုလုံးကို ထိန်းထားသည့် တိုင်များတွင် အောက်ခြေများ ပျက်နေသည်ကို တွေ့ရပါကြောင်း၊ ကျောင်းများ တိုင်များ ပျက်နေသည့်အတွက် ဘေးတွင် အသားများနှင့်အကူ ရိုက်ထားရကြောင်း၊  တချို့သည် ကြားတန်းများ ထွက်နေကြောင်း၊ ကျောင်းယက်မများကို အောက် ကိုပြိုကျမည် စိုးသည့်အတွက် အောက်မှတိုင်များနှင့် ကူပြီး အပေါ်ထပ်ကို ထောက်ထား ရပါကြောင်း၊

အ.ထ.က(ခွဲ) ပိုးလောင်းရှိ အန္တရာယ်ဆောင်သည် မည်သို့မျှ လုံလုံခြုံခြုံ‌ခြင်း မရှိသည့်အပြင် စာသင်ခန်းနှင့် ပုံစံမတူတော့ပါကြောင်း၊ အမိုးများတွင် သွပ်များ အားလုံးကွာလန်ထွက်နေပါ ကြောင်း၊

အ.လ.က(ခွဲ) တောင်ဦးသည် ကျောင်းသား ဦးရေနှင့် မည်သို့မျှ အချိုးစားမညီသည့်အပြင် ကျောင်း ဆောင်သည် တကယ့်ကို အန္တရာယ် ဖြစ်နေပါကြောင်း၊ ရရာ သစ်များ၊ ဝါးများဖြင့် ဆောက်ထားသည့် အဆောင် ဖြစ်ပါကြောင်း၊

အ.လ.က(ခွဲ) သုံးခွ(မန်ကျည်းပင်) တွင် စတင်တည်ဆောက်စဉ် ကတည်းက ပြည်သူလူထုမှ မိမိတို့ ငွေကြေးများနှင့် ရှိသည့် ငွေကြေးဖြင့် ဆောက်ထားသည့်အတွက် အဆောက်အဦ၏ ကြံ့ခိုင်မှုများ မရှိသည့်အတွက် ပြိုကျလုဆဲဆဲ အနေအထားဖြစ်ကြောင်း၊ တချို့သည် ပဲ့ရွဲ့ကျကုန်ပြီး ဖြစ်ကြောင်း၊ အပြင်က ကြည့်မည်ဆိုပါက ၎င်းသည် တိုက်ကျောင်းဆောင်ဟု အမှန်တကယ် ယူဆရနိုင် သော်လည်း ဆောက်လုပ်ပုံနည်းစနစ်များ မမှန်သည့်အတွက် အန္တရာယ်ဆောင် ဖြစ်နေခြင်းကြောင်း၊

ထို့ကြောင့် မိမိမေးခွန်းတွင် ပါဝင်သည့် အထက်ပါကျောင်းများ အားလုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် ထည့်သွင်းလျာထားပြီး တည်ဆောက်ပေးသွားရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ သတ်မှတ်ပေးရာတွင် ကိုယ်စားလှယ်တော်ကြီး၏ မဲဆန္ဒနယ် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ရန် ၁၀ ကျောင်း၊ သဘာဝဘေးဒဏ် ကြောင့် နေရာပြောင်းရွှေ့ဆောက်လုပ်ရန် သုံးကျောင်း၊ တိုးချဲ့အသစ် ဆောက်လုပ်ရန် လေးကျောင်း စုစုပေါင်း ၁၇ ကျောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ကျောင်း များအားလုံးသည် မိမိတို့ စိစစ်သည့်အချိန်တွင် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း အဆောက်အဦလိုအပ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါ သဖြင့် မိမိတို့ ကျောင်းများအားလုံးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်တွင် ပြင်ခရိုင် အခြေခံပညာ အထက်တန်း ကျောင်းတွင် ပေ ၁၆၀ x ပေ ၃၀ RC နှစ်ထပ် ကျောင်းဆောင်သစ် တစ်ကျောင်း၊ ပိုးလောင်း အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ပေ ၁၂၀ x ပေ ၃၀ RC တစ်ထပ်ဆောင် တစ်ဆောင်၊ သုံးခွ(မန်ကျည်းပင်) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တွင် ပေ ၁၂၀ x ပေ ၃၀ RC တစ်ထပ်ဆောင် တစ်ဆောင်အသစ် တစ်ကျောင်း၊ တောင်ဦး (အထက်ပြွန် )အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ပေ ၁၂၀ x ပေ ၃၀ RC တစ်ထပ်ဆောင် ကျောင်းဆောင်သစ် တစ်ကျောင်း၊ ဘုရားတောင် အခြေခံပညာ အထက်တန်းကျောင်းတွင် ပေ ၁၂၀ x ပေ ၃၀ RC တစ်ထပ်ဆောင်သစ် တစ်ဆောင်၊ သစ်ပုတ္ထိပ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ပေ ၁၂၀ x ပေ ၃၀ RC တစ်ထပ်ဆောင် တစ်ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သည့် ရန်ပုံငွေများကို မိမိတို့လျာထားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေခွင့်ပြုချက် ရရှိသည်နှင့်အမျှ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း