Law Database | Mail | English Version

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြား

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ကောင်းကျိုးလိုရာဆန္ဒများနဲ့ပြည့်စုံကြပါစေ။ အားလုံးကို ကျန်းမာရွှင်လန်းစွာနဲ့ နှစ်သစ်မှာ ပြန်လည် တွေ့ဆုံရလို့လည်း ဝမ်းမြောက်ဝမ်းသာရှိရပါတယ်။ လွှတ်တော်ရပ်နားထားတဲ့ရက်များမှာ ကျွန်တော့် အနေဖြင့် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို တိုက်ရိုက်နားထောင်၊ တိုက်ရိုက်ဆွေးနွေးနိုင်ရန် နိုင်ငံအနှံ့၊ ဒေသအနှံ့သွားရောက်ခဲ့ပြီး ပြည်သူတို့၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ခဲ့ပါတယ်။ ကျွန်တော့်နည်းတူ ပြည်သူ့ကိုယ်စားလှယ်များကလည်း မိမိတို့နယ်မြေဒေသသို့ ကွင်းဆင်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည်သူများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ညှိနှိုင်းဖြည့်ဆည်းအကောင်အထည်ဖော်ဆောင်ရွက်ကြတာကိုလည်း တွေ့ရှိရပါ တယ်။ ကောင်းမြတ်သော လုပ်ဆောင်မှုများဟာ ကိုယ်စားလှယ်တစ်ဦးစီအတွက် မဖြစ်မနေဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များဖြစ်၍ ဆက်လက်တိုးတက်ဆောင်ရွက်ပေးရန်အတွက်လည်း ပြောကြားလို ပါတယ်။

 ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်တို့လွှတ်တော်အနေဖြင့် လွှတ်တော်သက်တမ်းကာလ (၄)နှစ်အတွင်းမှာ ပြင်ဆင်တဲ့ဥပဒေ ၅၅ ခု၊ အသစ်ရေးဆွဲသည့် ဥပဒေ ၂၆ ခု၊ ရုပ်သိမ်းဥပဒေ ၁၄ ခု၊ အစားထိုး ဥပဒေ ၂၇ ခုနှင့် စီမံကိန်း၊ ဘတ်ဂျက်အခွန်နှင့်ဆိုင်သော ဥပဒေ ၁၁ ခု စုစုပေါင်း ၁၃၃ ခုကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။  ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၂၆ ခုကို ကျွန်တော်တို့ အနေဖြင့် ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီး ထပ်မံတင်သွင်းလာမည့် ဥပဒေကြမ်းများကိုလည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအတွက် ယနေ့အထိ အဆို ၄၂ ခုနှင့် ကြယ်ပွင့်ပြမေးခွန်း ၇၃ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၃၅ ခု လွှတ်တော်သို့ရောက်ရှိပြီး ဖြစ်ပါတယ်။ ယခင်အပတ်အစည်း အဝေးကာလထိ စုစုပေါင်းမေးခွန်း ၈၉၃၀ ခု လက်ခံရရှိခဲ့ပြီး ၎င်းမေးခွန်းများအနက် ကြယ်ပွင့်ပြ နှုတ်ဖြေ ၁၈၇၆ ခုနှင့် ကြယ်ပွင့်ပြစာဖြေ ၂၀၀၅ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၄၈၉၂ ခု၊ ရုပ်သိမ်း ၁၃၄ ခုနှင့် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ ကူးပြောင်းမေးခွန်း ၂၃ ခု ဖြစ်ပါတယ်။ မေးခွန်းများ၊ အဆို များကိုမေးမြန်းဆွေးနွေးတဲ့အခါ၌ သတ်မှတ်ထားတဲ့အချိန်အတွင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မေးမြန်းရန်လိုအပ်ပြီး တိတိကျကျလိုက်နာကာ ကိုယ့်အခွင့်အရေးကို အကျိုးရှိစွာ အသုံးချသကဲ့သို့ အခြားကိုယ်စားလှယ်များရဲ့ အခွင့်အရေးမဆုံးရှုံးရအောင်လည်း ဆောင်ရွက်သွားကြစေလိုပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူက ရွေးချယ်ထားသော ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားတဲ့ လွှတ်တော်ဖြစ်၍ ကိုယ်စားလှယ်များသည် ပြည်သူကအပ်နှင်းထားသော အခွင့်အရေး နှင့်တာဝန်ပေါ်မူတည်၍ လုပ်ဆောင်ရမည့် တာဝန်နှင့်လုပ်ပိုင်ခွင့်တို့ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျေပွန်အောင်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

ထို့အတူ လွှတ်တော်ကဖွဲ့စည်းထားသောကော်မတီများသည်လည်းလွှတ်တော်ထဲက လွှတ်တော် အငယ်ကလေးများဖြစ်၍ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ကြမှသာ ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

ကိုယ်စားလှယ်များခင်ဗျား။ ယခု(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ  ပြည်ထောင်စု လွှတ်တော်၌ နှစ်စဉ်တင်သွင်းရမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် အခွန်တော်ဆိုင်ရာဥပဒေကြမ်းတို့ကို တင်သွင်းဆွေးနွေး ရမှာဖြစ်တဲ့အတွက် မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်ထောင်စုလွှတ်တော် နှင့်ပူးပေါင်း၍ စိစစ်ခွင့်ပြုပေးရမည်ဖြစ်ပြီး အခြားအရေးကြီး ဥပဒေကြမ်းများလည်း ဆွေးနွေးစရာရှိ တဲ့အတွက် အားထည့်ပြီး စနစ်တကျပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ပါတယ်။

 အချိန်ကန့်သတ်ချက်အတွင်း လုပ်ငန်းများရဲ့ အရေးကြီးမှုပေါ်မူတည်၍ ဆောင်ရွက်နေရသည် ကိုလည်း ကိုယ်စားလှယ်များနားလည်သဘောပေါက်ထားပြီးဖြစ်လို့ စေတနာထား၊ အားထည့်ပြီး          စနစ်တကျပါဝင်ပူးပေါင်းဆောင်ရွက်ကာ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်များကို ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်သွားကြပါရန် ပြောကြားရင်းနိဂုံးချုပ်ပါတယ်။ (သြဘာသံများ)

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်