Law Database | Mail | English Version

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၈၉) ရက်မြောက်နေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အမှာစကားပြောကြား

ယနေ့ကျင်းပသော ပထမ အကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ အမှာစကား ပြောကြားခဲ့သည်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ယနေ့ အောင်မြင်ပြီးစီးသည့်နေ့ဖြစ်ပါတယ်။ ဒီကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်၊ ဆန္ဒသဘောထားများကို ရယူ၍ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းနှင့် ဥပဒေကြမ်းများ စိစစ်ခြင်း တို့အား အများဆုံး ပြုလုပ်ခဲ့ကြသဖြင့် အစည်းအဝေးကာလ အရှည်ဆုံးဖြစ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးသည် (၁၉-၁-၂၀၁၅) မှ (၂၇-၈-၂၀၁၅) ရက်နေ့ထိ (၇)လ နဲ့ ၉ ရက်တွင် အစည်းအဝေး (၈၉) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ကျန်ရက်များကတော့ ရုံးပိတ်ရက်နှင့် ခေတ္တရပ်နားရက်များ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်လုပ်ငန်းများကိုလည်း မျှတစွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကို အထောက်အကူပြုမယ့် ကိစ္စတွေမှာလည်း များစွာ ပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ယခု ပထမအကြိမ် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း ၄၁၂ု အနက် ၃၆၆ ခု နှင့် ကြယ်ပွင့်မပြမေးခွန်း ၁၃၈၁ ခု အနက် ၁၃၀၀ ခု ကို ဖြေကြားနိုင်ခဲ့ပါတယ်။ အဆို ၂၅ ခုနှင့် အရေးကြီးအဆို ခု တင်သွင်းနိုင်ခဲ့ပါတယ်။

ဒီကာလအတွင်း ဆွေးနွေးရမည့် ဥပဒေကြမ်း ၉၆ု ရှိရာ ဆွေးနွေးပြီးတဲ့ ဥပဒေပေါင်း ၈၀ု ရှိပါတယ်။ ကျန် ၁၆ု ကတော့ လွှတ်တော်အတွင်းမှာ ဆွေးနွေးဆဲဖြစ်ပါတယ်။

(၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကို ပြင်ပမှ လာရောက် လေ့လာသူ စုစုပေါင်း ၁၁၃၁၈ ဦး ရှိပြီး နိုင်ငံခြားသား ၄၈၈ ဦး၊ မြန်မာနိုင်ငံသား ၁၀၈၃၀ ဦး ရှိပါတယ်။

ပထမပုံမှန်အစည်းအဝေးမှ ယခု (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးထိ လေ့လာသူ ပေါင်း ၅၀၀၆၉ ဦး ရှိပြီး၊ နိုင်ငံခြားသား ၁၃၂၆ ဦး ၊ မြန်မာနိုင်ငံသား ၄၈၇၄၃ ဦး ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

အားလုံးသိကြတဲ့အတိုင်း လာမည့် နိုဝင်ဘာလ (၈) ရက်နေ့မှ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ရက်ပေါင်း (၇၃) ရက်ပဲလိုပါတော့မယ်။ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိအောင် ရွေးကောက်ပွဲ ကော်မရှင် များတွင်သာ တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံတော်အစိုးရ အုပ်ချုပ်ရေးအဖွဲ့၊ ဥပဒေအဖွဲ့၊ ပါတီများ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူတစ်ရပ် လုံးမှာပါ တာဝန်ရှိသည်ဟု ခံယူပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး ကာလတွေ မှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ရရှိအောင် အားလုံးပါဝင် ဆောင်ရွက်နေ ကြရမှာဖြစ်ပါတယ်။ ဒီလိုမဆောက်ရွက်ကြလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို တစ်နည်းမဟုတ် တစ်နည်း ထိခိုက်ပြီး နာကျင်မှု ခံစားရမှာက ပြည်သူ များသာ ဖြစ်ကြပါလိမ့်မည်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ် ဖြစ်တာနှင့်အညီ ပြည်သူ့အတွက် ပြည်သူ့ အကျိုးစီးပွားအတွက် အစဉ်အမြဲဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်။ လာမည့် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ပထမအကြိမ် လွှတ်တော်သက်တမ်း ပြီးဆုံး သည်အထိ ပြည်သူများ၏ နေ့စဉ်တွေ့ကြုံနေရသော အခက်အခဲနှင့် လိုအပ်ချက်များ အပါအဝင် ဥပဒေပြုလုပ်ငန်းများကို မေးခွန်းများ၊ အဆိုများ၊ ညှိနှိုင်းဆွေးနွေးမှုများဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလိုလုပ်ဆောင်မှုများကို လွှတ်တော်အစည်းအဝေးကြီးရှိမှသာ ဆောင်ရွက်နေလျှင် ပြည်သူလူထု၏ အခွင့်အရေးများ ဆုံးရှုံးနိုင်သဖြင့် လွှတ်တော်ရပ်နားချိန်တွင်လည်း လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကော်မတီ၊ ကော်မရှင်များက အစည်း အဝေးများပြုလုပ်၍ ညှိနှိုင်းတိုင်ပင်ပူးပေါင်း ဆောင်ရွက်နိုင်ရန် စီစဉ်တာဝန်ပေးထားပြီး ဖြစ်ပါတယ်။ ဒီကော်မတီ၊ ကော်မရှင်အစည်းအဝေးများတွင် ကော်မတီဝင် ကိုယ်စား လှယ်များအနေဖြင့် ပါဝင်ပူးပေါင်းဆောင်ရွက် သွားရန်လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ မနက်ဖြန် လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြီးဆုံးတယ်ဆိုလျှင် ဒီိကနေ့အထိ ပြည်သူ့ အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြမည့် ပြည်သူ့ကိုယ်စားလှယ် များဖြစ်ဖို့ လိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

မကြာခင် ပြည်သူ့လွှတ်တော်၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။နောက်ရက်မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးပါမယ်။ လွှတ်တော်အစည်းအဝေးရပ်နားချိန်မှာ ဒုတိယအကြိမ် လွှတ်တောf သက်တမ်းမှာ ပါဝင်ဖို့ ကြိုးစားနေတာကိုလည်း ကြိုဆိုပါတယ်။ ဒါထက်ပထမအကြိမ် လွှတ်တော် သက်တမ်းအတွင်းမှာ ပြည်သူ့အတွက် အကောင်းဆုံးလုပ်ဆောင်ပြီး တာဝန်ကျေသော သစ္စာရှိသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်စေရေး အတွက် ဆောင်ရွက်သွားဖို့က ပိုအရေးကြီးပါတယ်။ ဆောင်ရွက်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လွှတ်တော်ရပ်နားချိန်အတွင်း ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဆောင်ရွက် နိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်