Law Database | Mail | English Version

အမေး ၊ အဖြေများ

(ခ)-ဗန်းမော်မြို့မှသာ မြို့နယ်သို့ပြေးဆွဲနေသော သံခွံမော်တော်တွင်း၌လေလုံခန်းများတည်ဆောက် ပြေးဆွဲပေးရန်၊၎င်းရေယာဉ်များကိုအခွန်ကောက်ခံ သွားရန်နှင့် စည်းမျဉ်းစည်းကမ်းမလျော်ညီသောရေ ယာဉ်များအားအရေးယူဆောင်ရွက်သွားရန်အစီအ စဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မေးခွန်း အကြောင်းအရာ 

ဗန်းမော်မြို့နယ်မှ ကသာမြို့နယ်သို့ ပြေးဆွဲနေသော သံခွံမော်တော်အတွင်း၌ လေလုံခန်းများတည် ဆောက်ပြေးဆွဲပေးရန်နှင့် ၎င်းရေယာဉ်များကို ဥပဒေနှင့်အညီစိစစ်၍ နိုင်ငံတော်ဘဏ္ဍာအတွက် တိကျ သော အခွန်ဘဏ္ဍာများကောက်ခံသွားရန်နှင့် စည်းမျဉ်းစည်းကမ်းနှင့်မလျော်ညီသောယာဉ်များကို အရေးယူ ဆောင်ရွက်သွားနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းတဲ့မေးခွန်းကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။

ဗန်းမော်မြို့နယ်မှ ကသာမြို့နယ်သို့ ပြေးဆွဲနေသော သံခွံမော်တော်ရေယာဉ်သည် ပြည်သူများအနေဖြင့် စိတ်ချယုံကြည်မှုနည်းပါးနေသည်မှာ ခရီးသည်များကိုသတ်မှတ်ထားသော အရေအတွက်ထက် ‌ကျော်လွန် ပြီး တင်ဆောင်နေပါကြောင်း၊  တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ခရီးသည်များအတွက် Life Jacket များကို ရေယာဉ်တွင် အရေအတွက်လုံလောက်စွာထားရှိမှုမရှိသည့်အပြင် စနစ်တကျထားရှိခြင်း မရှိပါကြောင်း၊ သံခွံဖြစ်သည့်အတွက် ရေထဲကိုချက်ချင်းမနစ်မြုပ်နိုင်စေရန် လေလုံခန်းများ၊ လေအိုးစနစ်များနှင့် အသက် ကယ်ဘောများ ထားရှိခြင်းမရှိပါကြောင်း၊ အခွန်စည်းကြပ်မှုများ အားနည်းနေသည့်အတွက် အခွန်အပြည့် အဝမရရှိပါကြောင်း၊ ရေယာဉ်တည်ဆောက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းပညာများပံ့ပိုးမှုမရှိ သည့်အပြင် ညွှန်ကြားချက်အားနည်းနေသည့်အတွက် အရပ်နည်းဖြင့်သာ အလွယ်တကူ တည်ဆောက် နေကြပါကြောင်း၊ ကချင်ပြည်နယ် ပုဂ္ဂလိကပိုင်ရေယာဉ်များ စနစ်တကျပြေးဆွဲဥပဒေနှင့် မကိုက်ညီ ပါကြောင်း၊ အဆိုပါဥပဒေကို ၂၀၁၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပုဂ္ဂလိကရေယာဉ်ကို ပြေးဆွဲနိုင်ရန်အတွက် အခန်း(၂)၊ ပုဒ်မ ၃ ပုဒ်မခွဲ(က)တွင် ပုဂ္ဂလိကပိုင်ရေယာဉ်များကို စနစ်တကျ စည်းကမ်းရှိစွာ ပြေးဆွဲနိုင်ရန်ဖြစ်သည်၊ ပုဒ်မခွဲ(ခ)တွင် ခရီးသွားလုပ်သားပြည်သူများ၏ ဘေးအန္တရာယ် များကို ကင်းရှင်းသက်သာချောင်ချိသွားလာနိုင်ရန် ဖြစ်သည်၊ ပုဒ်မခွဲ(ဂ)တွင် ကုန်စည်စီးဆင်းမှုကို လွယ်ကူမြန်ဆန်စွာ စီးဆင်းစေရန် ဖြစ်သည်၊ ပုဒ်မခွဲ(ဃ)တွင် ထိုက်သင့်သောအခွန်ဘဏ္ဍာများရရှိပြီး ပြည်နယ်၏ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးများကို အသုံးပြုရန်အတွက်ဖြစ်သည်ဟု ရည်ရွယ်ပြဋ္ဌာန်း ထားပါကြောင်း၊ ထူးခြားဖြစ်စဉ်အနေဖြင့် ၂၀၀၃ ခုနှစ် ကသာနယ်တွင် ရှပ်ပြေးမှောက်ရာတွင် ၃၆ ဦး သေဆုံးခဲ့ပါကြောင်း၊ ၁၀-၃-၂၀၀၉ ရက်နေ့တွင် မော်တော်နှစ်စီး အစုန်အဆန်တိုက်မိသည့်အတွက် ရွှေကူနှင့်စပါးတိုးရွာတွင် လူနှစ်ဦးသေဆုံးခဲ့ပါကြောင်း၊ ၂၀-၇-၂၀၁၂ ရက်နေ့ ဗန်းမော်မြို့ဆိပ်ကမ်းတွင် စထွက်သည့်နေရာတွင် ရေယာဉ်နစ်မြုပ်သည့်အတွက် လူ ၂၀ ဦးသေဆုံးသည်ဟုပြောသော်လည်း ဒေသခံ များ၏ပြောချက်အရ ထိုထက်နှစ်ဆမကများမည်ဟု သိရှိရပါကြောင်း၊ ပုဂ္ဂလိကရေယာဉ်များလည်း ပြည်သူများကို စည်းရုံး၊ လှုံ့ဆော်၊ အသိပညာပေးခြင်းများ ယနေ့အချိန်အထိ မတွေ့ရှိရပါကြောင်း၊ ဆိပ်ကမ်းတွင် လုံခြုံရေး၊ သန့်ရှင်းရေးအတွက် လုပ်ဆောင်နေသည်ကို ယနေ့အချိန်အထိ မတွေ့ရှိ ရပါကြောင်း၊ ရေယာဉ်တွင်လိုက်ပါကြသောခရီးသည်များက အမှိုက်များပစ်ချခြင်း၊ ဆိပ်ကမ်းများတွင် မြစ်ထဲသို့ ကြွပ်ကြွပ်အိတ်များ၊ ဖော့ဘူးများ ပစ်ချခြင်းများ ရှိသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်ပါကြောင်း၊ ရေယာဉ်အသင်းများ စနစ်တကျထားရှိခြင်း မရှိပါကြောင်း၊ မိမိတို့ရွှေကူမြို့တွင် မော်တော်ပြေးဆွဲသည်မှာ ဆယ်စုနှစ်ကျော်သော်လည်း ရေယာဉ်ဂိတ်ထားရှိခြင်းမရှိသည့်အတွက် ပုဂ္ဂလိက ရေယာဉ်အသင်းအနေဖြင့် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများဖြင့်  ပြန်လည် ချမှတ်ပြီး စိစစ်ရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမော်မြို့မှ ကသာသို့ပြေးဆွဲနေသောသံခွံရေယာဉ်များကို စနစ်တကျ ပြေးဆွဲသွားနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် အထက်မြန်မာပြည်တွင်အခြေပြု၍ ပြေးဆွဲလျက်ရှိသော ရေတိမ်သွားအမြန်ရေယာဉ်များ၏ ရေယာဉ်မတော်တဆမှုများ၊ ခရီးသည်နှင့် ကုန်စည်ဆုံးရှုံးမှုများ လျှော့ချ နိုင်ရန်နှင့် ဘေးကင်းလုံခြုံစေရန်အတွက် ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေပုဒ်မ ၂၃ (ဂ) အရ အထက်မြန်မာပြည်ရေတိမ်သွား ခရီးသည်တင်အမြန်ရေယာဉ်များ လိုက်နာရမည့် အခြေခံစံနှုန်း သတ်မှတ် ခြင်း အမိန့်ကြော်ငြာစာကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃၁/၂၀၁၆) ဖြင့်ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း၊

အဆိုပါ အမိန့်ကြော်ငြာစာတွင် အမြန်ရေယာဉ်တည်ဆောက်ရာ၌ လိုက်နာရမည့် စံချိန်စံနှုန်းများအနက် ရေယာဉ်၏ဦးပိုင်း၊ ခါးလယ်နှင့် စက်ခန်းရှေ့တို့တွင် ရေလုံခန်း အနည်းဆုံးတစ်ခန်းစီထည့်သွင်း တည် ဆောက်ခြင်းနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များ ပါရှိပါကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာပါ စံနှုန်းများအရ တည်ဆောက်ထားသောရေယာဉ်များ၊ မြင်းခြံမြို့၏အထက်ပိုင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် နှင့် ဆက်စပ်ဧရိယာများအတွင်းသာ သွားလာခုတ်မောင်းခွင့် ရှိမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်-ကသာ ခရီးစဉ်ပြေးဆွဲလျက်ရှိသော ရေယာဉ်များကို ရေယာဉ်များလိုက်နာရမည့် အခြေခံစံနှုန်းသတ်မှတ်ချက်များနှင့်အညီ ရေယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို နှစ်စဉ်မတ်လအတွင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းတာစစ်ဆေးရေးအရာရှိ Surveyor များက သွားရောက် စစ်ဆေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း မတ်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဗန်းမော်၌ ခရီးသည်တင်ရေယာဉ် ၁၉ စီး၊ မြစ်ကြီးနား၌ ခရီးသည်တင်ရေယာဉ် ၁၈ စီး  စုစုပေါင်း ရေယာဉ် ၃၇ စီး စစ်ဆေးပေးခဲ့ပါကြောင်း၊ စစ်ဆေးပေးခဲ့သော ရေယာဉ်အားလုံးသည် ရေလုံခန်းများကို သတ်မှတ်ထားသည့် အတိုင်းအတာအတိုင်း ထည့်သွင်းတည်ဆောက်ထားပြီး အသက်ကယ်အင်္ကျီ၊ အသက် ကယ်ဘောကွင်းနှင့် မီးသတ်ဆေးဘူးများပြည့်စုံမှုရှိပါကြောင်း၊ ထိုသို့ စစ်ဆေးစဉ်ကာလအတွင်း လာရောက် စစ်ဆေးခံနိုင်မှုမရှိသည့် ရေယာဉ်များအနေဖြင့်  ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်း ဒေသကြီးရုံးနှင့် ဆက်သွယ်၍ စစ်ဆေးမှုခံယူကြပါကြောင်း၊ အထက်မြန်မာပြည်ရေတိမ်သွား ခရီးသည်တင် အမြန်ရေယာဉ်များ လိုက်နာရမည့် အခြေခံစံနှုန်းသတ်မှတ်ခြင်း အမိန့်ကြော်ငြာစာ(၂၃၁/၂၀၁၆) မထုတ်ပြန် မီက တည်ဆောက်ထားခဲ့သော ရေယာဉ်များနှင့်စပ်လျဉ်း၍ အဆိုပါထုတ်ပြန်ထားသည့် စံနှုန်း သတ်မှတ်ချက်နှင့် မကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပါက (၁)ရေလုံခန်းထည့်စေခြင်း၊ ချက်ချင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက လတ်တလော ရေယာဉ်ပြေးဆွဲမှုကို မထိခိုက်နိုင်စေရန်အတွက် ခရီးသည်ဦးရေ လျှော့၍ တင်ဆောင်စေခြင်း၊ (၂) နောက်တစ်ကြိမ် ရေယာဉ်သက်တမ်းတိုးဆောင်ရွက်ချိန်တွင် ဒေါက် တင်ပြီး ဆောင်ရွက်စေခြင်းနှင့် (၃) ဘေးလှိုင်းကာ (၁)ပေနှင့် စက်ခန်းလှိုင်းကာ (၂) ပေ တပ်ဆင် စေခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ခုတ်မောင်းပြေးဆွဲနိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ပြည်တွင်း ရေကြောင်းသွား ရေယာဉ်ဥပဒေ၊ ၂၀၁၅ ခုနှစ် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက ပြဋ္ဌာန်းထားသောပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရထုတ်ပြန်ထားသော ညွှန်ကြားချက်၊ စည်းကမ်းသတ်မှတ်ချက်၊ အမိန့်ကြော်ငြာစာများနှင့်အညီ ရေယာဉ်များလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အသီးသီးက ဖွဲ့စည်းထားသော ခရိုင်/မြို့နယ်ရေယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ဗန်းမော်-ကသာ ခရီးစဉ်ပြေးဆွဲလျက်ရှိသော ရေယာဉ်များ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရေယာဉ် များ မထွက်ခွာမီ ခရီးသည်တင်ဆောင်ရာတွင် လက်မှတ်အရေအတွက်ထက် ကျော်လွန်တင်ဆောင်ခြင်း ရှိ/မရှိ၊ သတ်မှတ်ထားသော အသက်ကယ်အင်္ကျီအရေအတွက်နှင့် တင်ဆောင်ခွင့်ပြုထားသော  ခရီးသည် အရေအတွက်အတိုင်း ရှိ/မရှိ၊ အသက်ကယ်အင်္ကျီများကို အသင့်အသုံးပြုနိုင်ရန် စီစဉ်ထားရှိခြင်းရှိ/မရှိ တို့ကို ရေယာဉ်တစ်စီး ဆိပ်ကမ်းမှမထွက်ခွာမီ စစ်ဆေးခြင်းဆိုင်ရာလမ်းညွှန်ချက်ကို ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပြီး ၎င်းလမ်းညွှန်များနှင့်အညီ ဖြစ်စေရေးအတွက် နေ့စဉ် စစ်ဆေးမှုများကို ကချင်ပြည်နယ် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ၊ ရေယာဉ်စစ်ဆေးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေနှင့်အညီ တည် ဆောက်ပြီးရေယာဉ်များကို တိုင်းတာစစ်ဆေးပြီး အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ် (ရေယာဉ်လိုင်စင်) နှင့် လုပ်ငန်းလိုင်စင်တို့ကို ထုတ်ပေးပါကြောင်း၊ အဆိုပါလိုင်စင်များ ထုတ်ပေးပြီးသည့်အခါ ရေယာဉ် ပိုင်ရှင်သို့ ရေယာဉ်နှင့်ပတ်သက်သည့် အခွန်ကိစ္စစိစစ်နိုင်ရန် သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာနသို့ ဆက်သွယ်သတင်းပို့ဆောင်ရွက်ရန် အကြောင်းကြားပြီး မိတ္တူကို ၎င်းသက်ဆိုင်ရာပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ပေးပို့ပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနက ရေယာဉ်ပိုင်ရှင်အနေဖြင့် ကျသင့်သည့် အခွန်များ လာရောက်ပေးဆောင်ခြင်းမရှိကြောင်းကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အကြောင်းကြားလာပါက အဆိုပါရေယာဉ်ပိုင်ရှင်သို့ ရေယာဉ်လိုင်စင်နှင့် လုပ်ငန်းလိုင်စင်သက်တမ်းတိုး ရာတွင် အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားမပြသနိုင်ပါက အဆိုပါရေယာဉ်ပြေးဆွဲခွင့်ကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အကြောင်းကြား ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေအရ လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်များကို ရေယာဉ်အလိုက် စိစစ်ထုတ်ပေးခြင်းအတွက် လုပ်ငန်းလိုင်စင်ကြေးများကို လည်း ကောက်ခံလျက်ရှိပါကြောင်း၊ ရေယာဉ်လိုင်းများ၊ ရေယာဉ်အသင်းများဖွဲ့စည်းပြီး ရေယာဉ်ခရီးစဉ်များ ပြေးဆွဲခွင့်ပြုခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွဲ့စည်းထားသော မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များက ပုဂ္ဂလိကရေယာဉ်များ စနစ် တကျပြေးဆွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် မြို့နယ်ဖွံ့ဖြိုးရေးဟူသော ခေါင်းစဉ်တပ်ထားပေးပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး၏ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲသွားရန်လိုအပ်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဇာနည်မင်း(ရွှေကူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ ၉-၈-၂၀၁၇ က ရွှေကူဆိပ်ကမ်းတွင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲစခန်းမှူးတို့နှင့် သွားရောက်ပြီး ကြည့်ရှုစစ်ဆေးပါကြောင်း၊ ရေယာဉ်တွင်ထားရှိသော Life Jacket များ စနစ်တကျလုံလောက်မှုမရှိပါကြောင်း၊ ဝန်ကြီးက လုံလောက်မှုရှိရှိနှင့် စနစ်တကျရှိသည်ဟု ဖြေကြား သွားသည့်အတွက် ကွဲလွဲမှုရှိနေပါကြောင်း၊ ရေယာဉ်များကို ခရီးသည်များရှေ့တွင် စစ်ဆေးပါက ခရီးသည် များကို ကြန့်ကြာမှုကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေရန် ရွှေကူတွင် ကချင်ပြည်နယ်က ထုတ်ပြန်ထားသော ပုဂ္ဂလိကပိုင်ဆိုင်ရာရေယာဉ်ဥပဒေအရ ရေယာဉ်များ စနစ်တကျနှင့် ခရီးသည် များအတွက် အသက်အန္တရာယ်ကို စိုးရိမ်စရာမရှိစေရန် ထားရှိရန်အတွက် ဂိတ်ဖွင့်ပြီးစည်းကြပ်ရန် ဝန်ကြီးဌာနအနေဖြင့် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမှုကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

မိမိဖြေကြားသွားရာတွင် မတ်လအတွင်း စစ်ဆေးခဲ့သောရေယာဉ်များ Life Jacket များ၊ သက်ကယ်ဘောကွင်းများ၊ မီးသတ်ဆေးဘူးများ အစစအရာရာပြည့်စုံစွာရှိသည်ဟု  ဖြေကြားရသည်မှာ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက စစ်ဆေးမည့်အချိန်တွင်သာ ရေယာဉ်ပိုင်ရှင်များက ပြည့်စုံစေရန်ထားရှိခြင်း ဖြစ်နိုင်ပါကြောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနတို့အနေဖြင့် ဥပဒေများနှင့်အညီ သက်ဆိုင်သောညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများ ထုတ်ပြန်ထားပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)အရ တိုင်းဒေသကြီးနှင့်ပြည်နယ် များသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ ယာဉ်များစနစ်တကျပြေးဆွဲရေးဆိုင်ရာ ဥပဒေပြုမှုအာဏာ ရှိသည့်အတွက် တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးကလည်း မိမိတို့၏ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြီး မြို့နယ်/ရပ်ကွက်ရှိ စည်းကမ်းထိန်းသိမ်းရေး၊ စနစ်တကျပြေးဆွဲရေးကော်မတီများ၊ စစ်ဆေးရေးအဖွဲ့များဖွဲ့ပြီး စစ်ဆေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ညွှန်ကြားချက်များထုတ်ထားသော်လည်း မိမိတို့က Enforcements ပိုင်းတွင် အားနည်းမှုရှိပါကြောင်း၊ ဥပမာ ပြီးခဲ့သည့်နှစ်က မိုးတွင်းကာလတွင်ဖြစ်ပွားခဲ့သော ရေယာဉ်နစ်မြုပ်မှုများနှင့်ပတ်သက်ပြီး မိမိတို့ အရှိန်အဟုန်မြှင့်ပြီးတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး ပိုမို၍ပီပီပြင်ပြင်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွားရေယာဉ်များကြီးကြပ်ရေးဥပဒေကို ပြီးခဲ့သည့်လက ပြင်ဆင် လိုရာတွင် ယခင်ကဗဟိုအဖွဲ့ဥက္ကဋ္ဌက မိမိဒုတိယဝန်ကြီးအနေဖြင့် ဆောင်ရွက်သော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ပိုမို၍ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် ပြောင်းလဲဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးကကြီးကြပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အစည်းအဝေး ပြုလုပ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များ၏ ကြီးကြပ်ရေးအဖွဲ့များကို ပြန်လည်ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များနှင့်ပူးပေါင်းပြီး ရေယာဉ်ဖြင့်ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် ဂရုတစိုက်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
မေးမြန်းသူ 
ဦးဇာနည်မင်း (ရွှေကူ)