Law Database | Mail | English Version

အမေး ၊ အဖြေများ

(စ)-မင်းတပ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးမှူးရုံးတည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များဆိုသည့်အခန်းတွင်ပုဒ်မ ၃၄၅ မှပုဒ်မ ၃၉၀ အထိပုဒ်မပေါင်း ၄၆ ခုနှင့် နိုင်ငံသားတို့၏ အခွင့်အရေးများကို ပြဋ္ဌာန်းထားခြင်း ဖြစ်ပါကြောင်း၊၎င်းအခွင့်အရေးများကိုရရှိခံစားနိုင်ရန် နိုင်ငံသားတစ်ယောက်ဖြစ်မှသာရရှိခံစားနိုင်မည် ဖြစ်သည့်အတွက် နိုင်ငံသားတစ်ယောက်ဖြစ်ခွင့်ကိုထုတ်ခွင့်ရှိသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ရုံးများကလည်းမဖြစ်မနေရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊မင်းတပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနခရိုင်ရုံးကို ၂၀၀၃ ခုနှစ်ကစပြီးမင်းတပ်မြို့နယ်ရှိ ပြည်သူတစ်ဦး၏အိမ်တွင်ယနေ့အချိန်အထိငှားရမ်းပြီးဖွင့်လှစ်ထားရခြင်း ဖြစ်သည့်အတွက်ဝန်ထမ်းများအနေဖြင့်လည်းအခက်အခဲများဖြစ်ပြီး ပြည်သူများ၏ တာဝန်များကိုထမ်းဆောင်သည့် နေရာတွင်လည်းအခက်အခဲများ ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ရန် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ စီမံကိန်းတွင်လည်းနိုင်ငံ့ဝန်ထမ်းများသည် လုပ်ငန်းခွင်တွင်ပျော်ရွှင်ရန် အရေးကြီးသည့်အချက် တစ်ခုဖြစ်ပါကြောင်း၊ယခုလိုလုပ်ငန်းခွင်ပျော်ရွှင်မှသာလျှင်လည်းနိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဂုဏ်သိက္ခာနှင့်ညီသည့် ရုံးများရှိရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးကလည်းဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့တွင် သာစည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးအားဝန်ကြီးဖြေကြားသွားသည်မှာ အန္တရာယ်ရှိသောအဆောက်အဦများကို ဦးစားပေးပြုပြင်ပေးမည်ဟုလည်းဖြေကြားခဲ့သဖြင့်မြေနေရာရှိသောမြို့နယ်များတွင်လည်း အဆောက်အဦသစ်များကိုဦးစားပေး တည်ဆောက်ပေးမည်ဟုလည်း ဖြေကြားလျက်ပါကြောင်း၊ မင်းတပ်မြို့နယ်ဆိုလျှင်မင်းတပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးတည်ဆောက်ရန်အတွက်လည်းမြေနေရာအဆင်သင့်ရှိပါကြောင်း၊ ထို့အပြင် မြို့နယ် ရုံးအတွင်းမှာလည်း ၂.၈၈ ဧကရှိသည့်အတွက် မင်းတပ်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးကို မြို့နယ်ရုံးနှင့်ယှဉ်တွဲဖွင့်လှစ်ပေးမည်ဆိုပါကလည်းအဆင်ပြေသည့်အတွက်ကြောင့် ပြည်သူ၏ ဝန်ထမ်းအနေဖြင့်လည်း ပြည်သူ့တာဝန်ကိုထမ်းဆောင်သည့်အခါတွင်လည်းတစ်ချိန်၊ တစ်ခါတည်းတစ်နေရာတည်းနှင့် လုပ်ငန်းများကိုကျေကျေပွန်ပွန်တာဝန်ထမ်း‌ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ထို့ကြောင့် ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးကိုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါကမည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။

ဖြေကြားချက် 

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမင်းတပ်ခရိုင်ရုံးသည်ပုဂ္ဂလိကပိုင်ရှင်များထံမှ ငှားရမ်းပြီးဖွင့်လှစ်ထားသည့် ရုံးဖြစ်ပါကြောင်း၊ဝန်ကြီးဌာနအနေဖြင့်လည်းရုံးများကိုစနစ်တကျတည်ဆောက်ပေးလိုသည့်ဆန္ဒရှိပါကြောင်း၊ ရုံးများတွင်ထိန်းသိမ်းထားသည့် စာရွက်စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများသည် အရေးကြီးသည့် စာရွက်စာတမ်းများ ဖြစ်ပါကြောင်း၊ထို့ကြောင့်ခိုင်မာသည့်ရုံးအဆောက်အဦများလိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်ဌာနပိုင်ရုံးမဖွင့်နိုင်သေးသည့် ရုံးများ၊ အိုမင်းဟောင်းနေသည့် ဌာနပိုင်အဆောက်အဦများနှင့် ငှားရမ်းထားသောအဆောက်အဦများ၊ အန္တရာယ်ရှိသည့် အဆောက်အဦများကိုလည်းဦးစားပေးအလိုက် ပြုပြင်၊အသစ်တည်ဆောက်ရန် နှစ်စဉ်ဘဏ္ဍာငွေ တင်ပြတောင်းခံလျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ၄င်းဌာနပိုင်ရုံးဖွင့်လှစ်နိုင်ရန်အတွက်အိုဟောင်းပြီးအန္တရာယ်ရှိသည့်ရုံးများ၊ မြေနေရာရရှိပြီးသည့်နေရာများကိုလည်းဦးစားပေးအလိုက် တင်ပြတောင်းခံထားလျက်ရှိပါကြောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်း‌ခြေငွေစာရင်း ဦးစီးဌာနမှနိုင်ငံတော်၏ ဘဏ္ဍာငွေခွင့်ပြုမှု အကန့်အသတ်အရဦးစားပေးအလိုက် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊မိမိတို့ တင်ပြတောင်းခံခဲ့သော်လည်းဘဏ္ဍာငွေလုံလောက်မှုမရှိသည့်အတွက် ဆောက်ချင်သည့်ရုံးများ၊ ဆောက်သင့်သည့်ရုံးများကိုလည်း အခုအချိန်အထိမဆောက်ခြင်းဖြစ်ပါကြောင်း၊ထို့ကြောင့်ဝန်ကြီးဌာနအနေဖြင့်ဆောက်လုပ်နိုင်ခြင်းမရှိသည့်ရုံးများကိုဘဏ္ဍာရန်ပုံငွေခွင့်ပြုချက်ရရှိပါကဦးစားပေးအလိုက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။

ဦးနေလင်းအောင် (မင်းတပ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွသ်ဝန်ကြီးအနေဖြင့်ထည့်သွင်းပြီးဆောင်ရွက် ပေးဖို့အစီအစဉ်ရှိ/မရှိကိုသိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ       ။ ဝန်ကြီးဌာနတွင်ရှိသည့်အဆိုးဆုံးရုံးများကိုဦးစားပေးအလိုက် စီစဉ်ပြီးတင်ပြလျက်ရှိပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီးရရှိသည့်ဘဏ္ဍာငွေအရအန္တရာယ်ရှိသည့်ဦးစားပေးအလိုက် စီစဉ်ဆောင်ရွက် ပေးရမှာ ဖြစ်သည့် အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်မင်းတပ်ခရိုင်ကိုဆောက်ပေးပါမည် ဆိုသည့်အထဲထည့်သွင်းနိုင်ပါသည်ဟုမိမိတို့အနေဖြင့်အာမခံချက်မပေးနိုင်ပါကြောင်းနှင့် ဘဏ္ဍာငွေခွင့်ပြုချက် အပေါ်မူတည်ပြီးဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ
မေးမြန်းသူ 
ဦးနေလင်းအောင် (မင်းတပ်)