Law Database | Mail | English Version

အမေး ၊ အဖြေများ

(စ)-ပုံစံ(၇)ပါ အကွက်၊ မြေစာရင်းကွင်းမြေပုံရှိ အ ကွက်နှင့် မြေပြင်အမှန်ရှိ အကွက်တို့၏ အမှတ်အ တိုင်းအတာ တိုက်ဆိုင်စစ်ဆေးကာ အမှန် ရရှိရေး အတွက် စီမံချက်ချ ဆောင်ရွက်ပေးရန်နှင့် ပုံစံ(၇) များ ထုတ်ပေးခြင်း၊ မြေတိုင်းပြုလုပ်ခြင်းတို့နှင့်စပ် လျဉ်းသည့် မေးခွန်း

ပုံစံ(၇)ပါ အကွက်အမှတ် အတိုင်းအတာ၊ မြေစာရင်းကွင်းမြေပုံရှိ အကွက်အမှတ်အတိုင်းအတာ၊ မြေပြင်တွင် အမှန်တကယ်ရှိသည့် အကွက်အမှတ် အတိုင်းအတာ စသည်တို့ တိုက်ဆိုင်စစ်ဆေးကာ မြေကြီးမြေပုံစာရင်း အမှန်ရရှိရေး အတွက် စီမံချက်ချ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ပုံစံ(၇)များ လက်လွတ်စပယ် ထုတ်ပေးခြင်း၊ မြေတိုင်းတာမှု အလွယ် ပြုလုပ်ခြင်းတို့အတွက် မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို သိလိုခြင်း တို့နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မိမိတို့မဲဆန္ဒနယ်ကိုသွားရောက်သည့်အခါ မြေယာပြဿနာများနှင့်ပတ်သက်ပြီး တိုင်ကြားလာမှု များစွာရှိသည့် အတွက် မိမိတို့က ပိုင်ဆိုင်မှုအ‌ထောက်အထားများကို တောင်းယူကြည့်ရှုရာတွင် ပုံစံ(၇) များထုတ်ပြသော်လည်း ပုံစံ(၁၀၅) မပါကြပါကြောင်း၊ ကျေးရွာအုပ်စုတစ်စုတည်းတွင် ပုံစံ(၁၀၅)မပါရှိသူ ၁၅၀ ခန့်ရှိပါကြောင်း၊ အဆိုပါ ပုံစံ(၁၀၅) တွင် အလားလေးရပ်တွင် မည်သည့်အကွက်များ၊ မည်သူများရှိသည်ကို ဖော်ပြထားခြင်း မတွေ့ရှိရပါကြောင်း၊ ပုံစံ(၇) တွင် အနားလေးရပ်တွင်  မည်သည်နှင့်ထိစပ်နေသည်ကို ဖော်ပြထားခြင်း မရှိသည့်အတွက် အကယ်၍မြေယာအငြင်းပွားမှုများဖြစ်ပွားသည့်အခါ ပုဒ်မ ၄၄၇၊ ၄၂၇ နှင့် စွဲဆိုသည့်အခါ အပြစ်ပေးခံရခြင်းများ အကြိမ်ကြိမ်ဖြစ်ပေါ်နေသည့်အတွက် တောင်သူလယ်သမားများ များစွာဒုက္ခရောက် နေကြပါကြောင်း၊ ပုံစံ(၁၀၅) မပါရှိသည့်အတွက် တောင်သူများ အကြိမ်ကြိမ်ဆင်းရဲဒုက္ခရောက်နေ ရပါကြောင်း၊ ထို့အပြင် မြေစာရင်းဌာနကို တိကျသေချာစွာတိုင်းတာပြီး နေရာပိုင်နက်များကို သတ်မှတ်ပေးရာတွင် အဖြစ်သဘောသာတိုင်းတာပြီး မည်သည့်သတ်မှတ်ချက်မျိုးကိုမှ တိကျစွာမလုပ်ဆောင်ပေးနိုင်ပါကြောင်း၊ မြို့နယ်လယ်ယာ၊စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း တိကျပြတ်သားစွာဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတွက် များစွာအနှောင့်အယှက်ဖြစ်ရပါကြောင်း၊ စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာကဏ္ဍကအရေးကြီးပြီး လယ်ယာကဏ္ဍတိုးတက်ရန် တောင်သူများက မိမိတို့လယ်ယာ မြေကို တိုးတက်ရန်အတွက် အမြဲတမ်းစိတ်ဝင်တစားဖြင့်  ကြံဆောင်နေရန် လိုအပ်ပါကြောင်း၊ မြေယာ ပိုင်ဆိုင်မှုမတည်ငြိမ်သောကြောင့် အငြင်းပွားမှုများတွင် အချိန်ကုန်နေရသည့်အတွက် တိုင်းပြည်တိုးတက်ရေး အတွက် များစွာအနှောင့်အယှက်ဖြစ်နေရပါကြောင်း၊ မြေစာရင်းမြေပုံဖြင့် တိတိကျကျဖော်ပြထားခြင်း မရှိပါကြောင်း၊ ပုံစံ(၁၀၅) ဆိုသည်မှာ မြေစာရင်း၏မြေကြီးမြေပုံကို ကွက်စိတ်၊ ဦးပိုင်၊ ကွင်းအမှတ်တို့အပေါ် အခြေခံပြီး ပိုင်ရှင်တစ်ယောက်ကို ပြန်လည်မိတ္တူကူးပြီး ပိုင်ဆိုင်သောမြေတွင် ပုံစံ(၁၀၅)ကို ကပ်ပေးသည့်အတွက် ပုံစံ (၁၀၅)မပါရှိပါက အတည်ပြု၍ မရပါကြောင်း၊ သို့သော်လည်း ပုံစံ(၁၀၅)မပါရှိသော ပုံစံ(၇) များ ထွက်ရှိနေသည့် အတွက် ပုံစံ(၇) များ ထပ်နေသည်များ ဖြစ်ပေါ်နေပါကြောင်း၊ အမှန်တကယ်စိုက်ပျိုးခြင်းမရှိဘဲ ဥပမာ- ၅ ဧကသာ စိုက်ပျိုးသော်လည်း  ၁၀ ဧက တင်ပြထားပြီး  ပုံစံ(၇) ထုတ်ထားခြင်းများ ရှိပါကြောင်း။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် အမှန်တကယ်စိုက်ပျိုး တောင်သူများ အထောက်အကူဖြစ်စေရန် စိုက်ပျိုးစရိတ်ချေးငွေဖြစ်သောကြောင့် လယ်ယာမြေမရှိဘဲ ထုတ်ပေးရခြင်းသည် တိုင်းပြည်ဘဏ္ဍာအလေအလွင့်ဖြစ်နေရပါကြောင်း၊ ထို့ကြောင့် ပုံစံ(၇) များဖောင်းပွ နေမှုကြောင့်‌ စိုက်ပျိုးရေးဦးစီးဌာနက မူလရည်ရွယ်ချက်မပျက်စေရန်နှင့် တောင်သူလယ်သမားတို့အချင်းချင်းကြား မြေယာအငြင်းပွားမှုများ ထိရောက်ပီပြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက် မြေကြီးမြေပုံများကို မှန်ကန်တိကျစွာ တိုင်းတာဖော်ထုတ်စိစစ်ခြင်းကို စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်‌ စာရင်းအင်းဦးစီးဌာနအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် လယ်ယာ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထိုးပေးခြင်းလုပ်ငန်းများဆောင်ရွကသည့်အခါ လက်ရှိအသုံးပြုခွင့်ရရှိထားသော လယ်ယာမြေများကို မြေပြင်ပကတိအခြေအနေအမှန်အတိုင်း လုပ်ပိုင်ခွင့်ရသောတောင်သူအမည်ဖြင့် မြေကြီး မြေပုံနှင့် မြေစာရင်းမှန်ကန်ရေး၊ တောင်သူတစ်ဦးချင်းလုပ်ကွက်ဧရိယာမှန်ကန်ရေးလုပ်ငန်းကို တောင်သူ တစ်ဦးချင်းစီ၏ ဦးပိုင်လုပ်ကွက်အလိုက် မြေပုံနှင့်အသေးစိတ်အချက်အလက်များကို လယ်ယာ(၁) ပုံစံဖြင့် စိစစ် ဆောင်ရွက်ရပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်တမ်းအတွက် အခြေခံစာရင်းကို လယ်ယာ(၂) ပုံစံ ကွင်းဆင်း စာရင်းကောက်ယူပြုစုပြီး ဦးပိုင်တစ်ဦးချင်းအလိုက် လုပ်ကိုင်သောတောင်သူအမည်၊ မြေမျိုး၊ စိုက်ပျိုးသောသီးနှံ၊ မြေဧရိယာများကို ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ကန်သင်းတင်တောင်သူများ၊ ကာယကံရှင် တောင်သူများ၏ အတည်ပြုလက်မှတ်များရယူပြီး  ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

ထို့အပြင် တောင်သူတစ်ဦးချင်း၊ ဦးပိုင်တစ်ခုချင်းအလိုက် လက်ရှိမြေပြင်စိုက်ပျိုးလုပ်ကိုင်နေသော  ဧရိယာ အပါအဝင် မြေအသုံးချမှုအခြေအနေကို သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထိန်းသိမ်းထားရှိသော စာရင်းနှင့် မြေပုံမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျ စိစစ်ဆောင်ရွက် ပေးပါကြောင်း၊ အထက်ဖော်ပြပါအတိုင်း မြေပြင်ကွင်းဆင်းတိုင်းတာပြီး စာရင်းပြုစုထားမှုနှင့် ဌာနရှိ စာရင်းမြေပုံမှတ်တမ်းများအရ ဦးပိုင်တစ်ဦးချင်းအလိုက် မြေစာရင်းမြေပုံကောက်နှုတ်ချက်မိတ္တူ မြေစာရင်းပုံစံ (၁၀၅) ကိုပူးတွဲပြီး သက်ဆိုင်ရာတောင်သူလယ်သမားတစ်ဦးချင်းကို ၎င်းလုပ်ကိုင်သော ဦးပိုင်တစ်ခုချင်းအလိုက် ပုံစံ(၇) ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ တောင်သူလယ်သမား‌များကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ထုတ်ပေးခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဆောင်သော ရပ်ကွက်/ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သော ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့ဖြင့် အဆင့်ဆင့်ဖွဲ့စည်းပြီး ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ကန့်ကွက်လွှာများခေါ်ယူပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးလျက်ရှိပါကြောင်း၊ မြေကြီးမြေပုံနှင့် မြေစာရင်းမှန်ကန်ရေးနှင့်‌စပ်လျဉ်းပြီး မြေပြင်အခြေအနေသည် လူတို့၏ပြုပြင်ဖန်တီးမှုကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုကြောင့် လည်းကောင်း အခြေအနေများ ပြောင်းလဲမှုရှိနိုင်သည့်အပေါ် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရန်အတွက် ဌာနအနေဖြင့် Digital မြေပုံများတိုင်းတာရေးဆွဲထုတ်လုပ်ရေးကိုလည်း နှစ်စဉ်စီမံချက်များချမှတ်ပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသူကို ဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်‌ရရှိစေရန်အတွက်  လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့် က ဥပဒေ၊ နည်းဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် စီမံခန့်ခွဲမှုအလွဲအချော်များရှိမှုကြောင့် လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ထုတ်ပေးခြင်းအ‌ပေါ် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ လုပ်ဆောင်သောဝန်ထမ်းများကို တိုင်ကြားလာမှုများ များစွာစိစစ်တွေ့ရှိရပါကြောင်း၊ ဥပဒေကြောင်းကသွေဖည်ပြီး မလျော်မကန်လုပ်ကိုင်မှုကြောင့်  အရာထမ်း ၅ ဦးနှင့် အမှုထမ်း ၈၁ ဦး စုစုပေါင်း ၈၆ ဦးကို အပြစ်ပေးအရေးယူခဲ့ရပါကြောင်း၊ လုပ်ကိုင် ဆောင်ရွက်မှုအနေအထားပေါ်မူတည်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ ပြစ်ဒဏ်များချမှတ်ရာတွင် သတိပေးခြင်း၊ နှစ်တိုးရပ်ခြင်း၊ လစာလျော့ပြစ်ဒဏ်၊ ရာထူးတိုးရပ်ခြင်း၊ ရာထူးလျော့ခြင်း၊ ဌာနကထုတ်ပယ်ခြင်း၊ ထုတ်ပစ်ပြစ်ဒဏ်များဖြင့် စုစုပေါင်း ၈၆ ဦးကို အရေးယူဆောင်ရွက်ခဲ့ရပါကြောင်း၊

သို့ဖြစ်ပါ၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံများထုတ်ပေးရာတွင် မြေပြင်ကွင်းဆင်းစိစစ်ခြင်း၊ ဌာန၏ စာရင်းမြေပုံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပြီးမှ ပုံစံ(၇)များထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ မြေကြီးမြေပုံမှန်ကန်ရေးအတွက် Digital မြေပုံတိုင်းတာထုတ်လုပ်ခြင်းလုပ်ငန်းကို နှစ်စဉ်အစီအမံများနှင့် ဘဏ္ဍာငွေ ရရှိခွင့်ပြုမှုအပေါ်မူတည်ပြီး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ပိုင်ခွင့်စီမံဆောင်ရွက်ရာတွင် သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်သောဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ဌာနဆိုင်ရာစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်
မေးမြန်းသူ 
ဦးစောသလေးစော(ရွှေကျင်မဲဆန္ဒနယ်)