Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-မက်မန်းမြို့နယ်တွင် ခရိုင်သို့မဟုတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဖွင့်လှစ်ပေးရန် နှင့်ဝန်ထမ်းများ ခန့်အပ်ပေးရန်၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် တာဝန်ခံ အရာရှိ ခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့်စပ် လျဉ်းသည့် မေးခွန်

မေးခွန်း အကြောင်းအရာ 

မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၇-၂၀၀၂ ရက်စွဲပါစာအမှတ်၊ ၁၀၀/၃-၂၇/ဦး ၁ အမိန့်ကြော်ငြာစာအရရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လာရှိုးခရိုင်၊ တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၉၂ ရွာကိုထုတ်နုတ်ပြီးမက်မန်းဒေသမှ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာပေါင်း ၉၇ ရွာနှင့်ပေါင်းစည်းပြီးရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်တွင်ပါဝင်သည့် မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၏  ၁-၁-၂၀၁၃ ရက်စွဲပါစာအမှတ်၊ ၂၀၀၂/၂၁-၇၅/ဦး ၁ နှင့် မက်မန်းခရိုင်ကိုမက်မန်းမြို့နယ်၊ ပန်ထန်းမြို့နယ်၊ နားဖန်မြို့နယ်နှင့်မန်ကန်မြို့နယ်ခွဲတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊

မက်မန်းခရိုင်အနေဖြင့်ခရိုင်အဆင့် ဌာနဆိုင်ရာငါးခုရှိပြီးမက်မန်းမြို့နယ်အနေနှင့်ဌာနဆိုင်ရာ ၁၈ ခုရှိပါကြောင်း၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ကိုလည်းတွေ့ရှိရပါကြောင်း၊ယခုလိုဆောင်ရွက်သည့်အခါတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဖွင့်လှစ်ထားခြင်းမရှိသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားအထက်ဌာနကိုတင်ပြထားခြင်းဖြစ်ဖြစ်၊ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများလျာထားတင်ပြထားခြင်းဖြစ်ဖြစ်၊ မြို့နယ်စီမံကိန်းရေးဆွဲရာတွင်ဖြစ်ဖြစ် ဌာနနှင့်လုပ်ငန်းတာဝန်ခံဦးစီးအရာရှိမရှိသည့်အတွက် အစစအရာရာအခက်အခဲဖြစ်ပေါ်နေသည်ကိုလည်းတွေ့ရှိရပါကြောင်း၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှာတာဝန်ခံအရာရှိခန့်အပ်ပေးရေးနှင့်စပ်လျဉ်းပြီးတော့ တင်ပြရမယ်ဆိုရင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်းအင်းဦးစီးဌာနကိုဖွင့်လှစ်နိုင်ခဲ့ပြီးဝန်ထမ်းအနေဖြင့်မြေတိုင်းအဆင့်(၅)တစ်ဦးသည်လည်းမက်မန်းနှင့် တုံတာမြို့နယ်နှစ်ခုကိုကိုင်ရသဖြင့်လူတွေ့ရန်ခက်ခဲပါကြောင်း၊ယခုထိုဝန်ထမ်းသည် Promotion ဖြင့် ပြောင်းသွားသည့်အတွက် ခန့်အပ်ဝန်ထမ်းတစ်ယောက်မျှမရှိပါကြောင်း၊

ထို့ကြောင့် မက်မန်းခရိုင် သို့မဟုတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဖွင့်လှစ်ပေးရန်နှင့်ဝန်ထမ်းများခန့်အပ်နိုင်ရန် အစီအစဉ်ရှိ/မရှိ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ခံအရာရှိခန့်အပ်ပေးနိုင်ရေးအစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည်ဆိုပါကလည်းမည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားချက် 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ၏ကွပ်ကဲမှုအောက်တွင်တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်နယ်ရုံးခွဲ၊ ခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများကို ၁၄-၉-၂၀၁၃ရက်နေ့တွင်မှ စတင်ဖွဲ့စည်းပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ဌာန၏သက်တမ်းသည်လေးနှစ်ခန့်သာရှိသေးပါကြောင်း၊စတင်ဖွဲ့စည်းသည့်အချိန်တွင်လည်းခွင့်ပြုအင်အား ၁၂၀၂၃ ဦးမှာဝန်ထမ်းအင်အား ၂၀၀၅ ဦးဖြင့်စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ဘဏ္ဍာရေးနှစ်အလိုက်လည်းဝန်ထမ်းသစ်များကို ဖြည့်တင်းခန့်ထားခြင်း၊ အခြားဌာနများမှ ဌာနကူးပြောင်းတာဝန်ထမ်းဆောင်သူဝန်ထမ်းများဖြင့် အင်အားဖြည့်တင်းခြင်းများကြောင့် လက်ရှိဝန်ထမ်းအင်အားမှာ ၅၆၁၄ ဦးရှိလာပြီဖြစ်ပါကြောင်း၊တစ်နိုင်ငံလုံးအနေဖြင့်ခွင့်ပြုအင်အားအပေါ်ခန့်ထားနိုင်မှုက ၄၆.၆၉ ရာခိုင်နှုန်းသာရှိသေးပါကြောင်း၊ ရှမ်းပြည်နယ်ရုံးခွဲ(လားရှိုး) ကွပ်ကဲမှုအောက်တွင် ရုံးခွဲတစ်ရုံး၊ ခရိုင်ရုံးခြောက်ရုံး၊ မြို့နယ်ရုံး ၂၄ ရုံးရှိပကြောင်း၊ဝန်ထမ်းအင်အားမှာအရာထမ်း ၆၀ ဦး၊ အမှုထမ်း ၁၉၅ ဦး ပေါင်း၂၅၅ ဦးရှိသည့်အတွက် ခန့်ထားနိုင်သည့်အင်အားမှာ ၂၈.၂၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံမှာမက်မန်းခရိုင်ကိုဖွဲ့စည်းထားခြင်းမရှိဘဲမက်မန်းမြို့နယ်ဦးစီးဌာနကိုဟိုပန်ခရိုင်ကွပ်ကဲမှုအောက်တွင်ထားရှိပါကြောင်း၊လက်ရှိလုံခြုံရေးအခြေအနေအရဝန်ထမ်းများတာဝန်ချထားမှုမရှိသော်လည်းအရာထမ်းတစ်ဦး၊ အမှုထမ်းနှစ်ဦးနှင့် ရုံးဖွင့်လှစ်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်‌ ရုံးအဆောက်အဦ၊ ယာဉ်ယန္တရား၊ ဝန်ထမ်းအင်အားဖြည့်တင်းရေးကိုဘဏ္ဍာရေးနှစ် အလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှာဖွဲ့စည်းပုံအရခွင့်ပြုအင်အားကအရာထမ်း ၃၉၇ ဦး၊ အမှုထမ်း ၁၃၉၃၆ ဦးပေါင်း ၁၄၃၃၃ ဦးဖြင့်ဖွဲ့စည်းထားရှိပါကြောင်း၊ရှမ်းပြည်နယ်၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွက် ရုံးဖွင့်လှစ်နိုင်ရန်အတွက် ပြည်ထဲ‌ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရဖွဲ့စည်းခွင့်ရရှိရေးကိုတင်ပြခဲ့ပါကြောင်း၊လတ်တလောအားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၁၇-၇-၂၀၁၄ရက်နေ့တွင်ကျင်းပပြုလုပ်သည့်အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၄)က မက်မန်းမြို့နယ်ရုံးဖွဲ့စည်းခွင့်မရရှိသေးသည့်အတွက် မြို့နယ်၏လုပ်ငန်းတာဝန်များကိုမိုင်းလားမြို့နယ်မှ ပူးတွဲတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊သို့ဖြစ်သည့်အတွက် ရှမ်းပြည်နယ်၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အားတိုးချဲ့ဖွဲ့စည်းခွင့်ရရှိရေးနှင့် ဝန်ထမ်းများ ဖြည့်တင်းခန့်ထားရေးကိုဆက်လက်တင်ပြဆောင်ရွက်သွားမည် ဖြစ်ပြီးဖွဲ့စည်းခန့်ထားခွင့်ရရှိပါကတာဝန်ခံအရာရှိခန့်အပ်နိုင်ရေးကိုလည်းအမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှကျော်
မေးမြန်းသူ 
ဦးတင်အေး (မက်မန်း)