Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-လက်ပံတန်း- ကျုံလဟာ မဟာဗျူဟာလမ်းမ ကြီးနှင့် ဆက်သွယ်ထားသော ချောင်းဆုံ-တော်က လပ် မြေသားလမ်းအား ဂျင်းကျောက်ဖြင့် ရာသီမ ရွေးသွားလာနိုင်သည့် လမ်းအဖြစ်ဆောင်ရွက်ပေး မည့် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

လက်ပံတန်းမြို့တွင် ကျေးရွာပေါင်း ၃၃၀ နှင့် လက်ပံတန်းမြို့ကို ချိတ်ဆက်အသုံးပြုနေသည့် လမ်းမကြီးငါးခုရှိပါကြောင်း၊ ၎င်းလမ်းများမှာ (၁) ရန်ကုန်-ပြည်လမ်း၊ (၂) ကဗျိုကြီး-ကျွန်းကလေး-လက်ပံတန်းလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနကတာဝန်ယူထားသော် လမ်းသည် အရှည် ၆ မိုင်ရှိပြီး ကတ္တရာလမ်းအဆင့်ဖြစ်ပါကြောင်း၊ (၃) လက်ပံတန်း-ကျုံလသည် မဟာဗျူဟာလမ်း ၎င်းလမ်းကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူထားသော လမ်းဖြစ်ပြီး အရှည် ၂၀ မိုင်ရှိပါကြောင်း၊ (၄) လက်ပံတန်း-တောင်ချိုကုန်း-သလာဘို-မင်းလှလမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းက မင်းလှမြို့နယ် နယ်နိမိတ်အထိကို ၇ မိုင်ခန့်ရှိပါကြောင်း၊ အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ်က ကတ္တရာလမ်း၊ မြေသားလမ်းဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနကို တာဝန်ယူပေးရန်လည်း တင်ပြထားပြီးဖြစ်ပါကြောင်း၊ (၅) လက်ပံတန်း-သာရဝေါမီးရထားလမ်း ဖြစ်ပါကြောင်း၊

လမ်းမကြီးငါးလမ်းဖြင့် ကျေးရွာအုပ်စုများ ချိတ်ဆက်ပြီး ဖောက်လုပ်ထားသော ကျေးလက်ဦးစီးဌာနပိုင် လမ်းများက မိမိမြို့နယ်တွင် အလွန်များပြားလှပါကြောင်း၊ လက်ပံတန်းမြို့၏ အနောက်ဘက်ခြမ်း မြစ်မခမြစ်နှင့် ဧရာဝတီမြစ်ကမ်းဘေးက ရွာများနှင့် လက်ပံတန်းမြို့ကိုသွားလာရာတွင် နေ့စဉ်အသုံးပြုနေသည့် လက်ပံတန်း-ကျုံလမဟာဗျူဟာ လမ်းမကြီးဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန်ယူထားသည့် လမ်းသည် မိုင် ၂၀ ရှည်ပြီး န.ဝ.တ၊ န.အ.ဖ အစိုးရလက်ထက်က မြို့လူထု၏ လုပ်အားဖြင့် ဖောက်လုပ်ခဲ့သည့်လမ်းဖြစ်ပါကြောင်း၊

မဟာဗျူဟာလမ်းမကြီးနှင့် ချိတ်ဆက်ထားသည့် ဗောဓိပင်-ချောင်းဆုံ-တော်ကလပ် လမ်းကို ကျေးရွာအုပ်စု ငါးအုပ်စုဖြစ်သည့် ဗောဓိပင်ကျေးရွာအုပ်စု၊ တော်ကလပ်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာအုပ်စု၊ ရေလျှံကျေးရွာ အုပ်စုနှင့် ယွန်းသွယ်ကျေးရွာအုပ်စုများက အိမ်ထောင်စုပေါင်း ၄၂၃၈ စု၊ လူဦးရေပေါင်း ၁၆၆၀၇ ဦးတို့ နေ့စဉ် အသုံးပြုနေသည့် မြေသားလမ်း ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းတံတားမဟာဗျူဟာအရဆိုလျှင် ၎င်းလမ်းများကို ၃၆ တန်ခံကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း၊ ကွန်ကရစ်တံတားများအဖြစ် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည်မှာ အရှည် ၂ မိုင် ၇ ဖာလုံ၊ အကျယ် ၁၈ ပေ ရှိသည့် ဗောဓိပင်-ချောင်းဆုံ-တော်ကလပ် မြေသားလမ်းကို အင်းမဂျင်းကျောက်ဖြင့် ရာသီမရွေး သွားလာနိုင်သည့် ဂဝံလမ်းအဆင့်ကို တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် လက်ပံတန်း-ကျုံလသည် မဟာဗျူဟာလမ်းမကြီးနှင့် ချိတ်ဆက်ထားသော ချောင်းဆုံ-တော်ကလပ်လမ်းသည် အရှည် ၂ မိုင် ၇ ဖာလုံရှည်ကို ကိုယ်ထူကိုယ်ထဖောက်လုပ်ထားသည့် မြေသားလမ်းဖြစ်ပါကြောင်း၊ အဆိုပါမြေသားလမ်းကို မြေနီလမ်းအဖြစ် ဆောင်ရွက်မမည်ဆိုလျှင် ငွေကျပ် ၂၀၁ သန်းခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဦးစီးဌာနအနေဖြင့် ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လက်ပံတန်းမြို့နယ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၆၆ သန်းကျော်နှင့် ကတ္တရာလမ်း ၅.၁၁ ကို လျာထားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျေးလက်ရေပေးရေး လုပ်ငန်းအတွက်လည်း လက်ပံတန်းမြို့နယ်အတွင်း ကျေးရွာသုံးရွာတွင် တွင်းတိမ်သုံးတွင်း လျာထား ဆောင်ရွက်ပေးရန် ရှိပြီးဖြစ်ပါကြောင်း၊ လက်ပံတန်း-ကျုံလသည် မဟာဗျူဟာလမ်းမကြီးနှင့် ချိတ်ဆက်သည့် ချောင်းဆုံ-တော်ကလပ် လမ်းအရှည် ၂ မိုင် ၇ ဖာလုံကို မြေနီလမ်းခင်းခြင်း လုပ်ငန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ယခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခဲ့ခြင်း မရှိသည့်အတွက် ယခုနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါသော် တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်အရ လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးကျော်မင်း (လက်ပံတန်း)