Law Database | Mail | English Version

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဒိန်းမတ်၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ILO ကိုယ်စားလှယ်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဒိန်းမတ် သံအမတ်ကြီး H.E. Mr Peter Lysholt Hansen ၊  အမေရိကန် သံအမတ်ကြီး H.E. Mr Scot Marciel ၊ ဥရောပသမဂ္ဂ သံရုံးမှ ပထမအတွင်းဝန် Mr Andreas Magnusson၊ ဂျပန်သံရုံးမှ ပထမအတွင်းဝန် Mr Yuichiro Funai ၊ ဂျပန်နိုင်ငံ အခြေစိုက် JICA အဖွဲ့မှ အလုပ်သမား စီမံအုပ်ချုပ်ရေးနှင့် မူဝါဒဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် Mr Koi Chi Harada ၊ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) မှ ဆက်ဆံရေးအရာရှိ Ms Piyamal Pichaiwongse တို့ လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  ကော်မရှင် ဥက္ကဋ္ဌက “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင်  အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ စသည့် အဖွဲ့သုံးဖွဲ့၏ အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ အလားတူ နိုင်ငံထူထောင်ရာတွင်လည်း အဆိုပါ အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရတို့၏ အခန်းကဏ္ဍ အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ အဆိုပါ အဖွဲ့သုံးဖွဲ့ ပါဝင်သည့် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုများကို အချိန်ပေး၊ အချိန်ယူကာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ တွေ့ဆုံ ဆွေးနွေးကြရာတွင်လည်း အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်နှင့် အလုပ်သမား စသည့်အဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်စေရန် ဆောင်ရွက်ခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား အကျိုးရှိ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း” ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့  ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အဖွဲ့ဝင် ဦးမြသိန်းနှင့် ကော်မရှင်ရုံးမှ တာဝန်‌ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ရက်