Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-စဥ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ် (ကန်အောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံအသစ် ဖွင့်လှစ်ပေး ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

စဥ့်ကိုင်မြို့နယ်သည် စတုရန်းမိုင် ၁၇၃.၁၈ ကျယ်ဝန်းပြီး လူဦးရေ ၁၅၀၀၀၀ ခန့်နေထိုင်ပါကြောင်း၊ မြို့ပေါ် ငါးရပ်ကွက်နှင့် ကျေးရွာပေါင်း ၁၆၃ ရွာဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အာဆီယံဟိုင်းဝေး လမ်းဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းဟောင်းသည် တောင်နှင့်မြောက် ဖြတ်သန်း သွားသည့်အတွက် မြို့နယ်ကို အရှေ့ခြမ်းနှင့်အနောက်ခြမ်း ပိုင်းခြားထားသလို ဖြစ်နေပါကြောင်း၊ အနောက်ဘက် ခြမ်းသည် လူနေထူထပ်ပြီး မြို့ပေါ်ရပ်ကွက်များရှိပြီး ကျေးရွာများနှင့်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါကြောင်း၊ မြို့နယ်အရှေ့ဘက်ခြမ်းတွင် တောင်တန်းများ၊ အင်းအိုင်များပေါများပြီး ကျေးရွာများတွင် လေးကိုင်းသဏ္ဍန်ပြန့်ကျဲနေပြီး သွားလာရခက်ခဲပါကြောင်း၊ စဥ့်ကိုင်တစ်မြို့နယ်လုံးတွင် စဥ့်ကိုင်မြို့နယ်ဆေးရုံတစ်ခုနှင့် ပလိပ်တိုက်နယ်ဆေးရုံတစ်ခုသာ ပါရှိပါကြောင်း၊ ၄င်းဆေးရုံနှစ်ခုလုံးသည် မြို့နယ်၏အနောက်ဘက်ခြမ်းတွင်ရှိပါကြောင်း၊ထို့ကြောင့် မြို့နယ်အရှေ့ဘက်ခြမ်းရှိကျေးရွာများမှ ပြည်သူများသည် ဆေးရုံတက်ရောက်ကုသရန်အတွက် ခရိုင် ပတ်လမ်းမှတစ်ဆင့် ၁၆ မိုင်ကျော်ဝေးသည့်စဥ့်ကိုင်ဆေးရုံသို့လည်းကောင်း၊ ၃၅ မိုင်ကျော်ဝေးသည့် ကျောက်ဆည်ဆေးရုံသို့လည်းကောင်း ဝေးလံခက်ခဲစွာသွားရောက်ကြရပါကြောင်း၊ ကျေးရွာချင်းဆက် လမ်းများသည် မြေလမ်း၊ ဂျင်းလမ်းများဖြစ်သည့်အတွက် ဆေးရုံကုသမှုကိုလိုအပ်သည့်မွေးလူနာ၊ မြွေကိုက် လူနာနှင့် တခြားအရေးပေါ်လူနာများကို အချိန်မီဆေးရုံမပို့နိုင်သည့်အတွက် မသေသင့်ဘဲ အသက်ဆုံးရှုံး ရခြင်းများ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊

ရွှေလှံဗိုလ်(ကန်အောက်ကျေးရွာမှာ တောင်သူဦးရင်သွေးမိသားစုမှ တိုက်နယ်ဆေးရုံ တည်ဆောက် နိုင်ရန် အတွက် ကန်အောက်ကျေးရွာအနီး ခရိုင်ပတ်လမ်းဘေးတွင် မြေဧရိယာ ၄.၀၂ ဧကကို လှူဒါန်းထားပြီးဖြစ်ပါကြောင်း၊ ရွှေလှံဗိုလ်(ကန်အောက်)ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးနိုင် မည်ဆိုပါက စဥ့်ကိုင်မြို့နယ်ရှိ ရွာပေါင်း ၄၀ ကျော်ခန့်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့်အပြင် ပုသိမ်ကြီးမြို့နယ်၊ ရွှေဆာရံဘုရား ပတ်ဝန်းကျင်ကျေးရွာများသည် ဒုတ္ထဝတီတံတားအသစ်ကြီးကို ဖြတ်ပြီး အလွယ်တကူ လာရောက်ကုသမှုခံယူနိုင်မှာဖြစ်ပါကြောင်း၊ ယခင် မိုင် ၄၀ ကျော်ဝေးတဲ့ကျောက်ဆည်ဆေးရုံထိ သွားရောက်ကုသနေရတဲ့ ကျောက်ဆည်မြို့နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှဝန်ထမ်းများ၊ မိသားစုများ၊ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများ အတွက်လည်း လွန်စွာအဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ဒုတ္ထဝတီတံတားကနေပြီးတော့ ပုသိမ်ကြီး မြို့နယ်ထဲက ကျောက်မီးသွေးဆေးရုံကို ၁၂ မိုင်ခန့်ဝေးပါတယ်။ စဥ့်ကိုင်မြို့နယ်ကျေးရွာမှ ပြည်သူ များသည် ဒုတ္ထဝတီတံတားကို ရောက်ရန်အတွက် အနည်းဆုံးလေးမိုင်ကနေ ၁၀ မိုင်ထိ မြေလမ်း မှလာရသည့်အတွက် ရွှေလှံဗိုလ်တိုက်နယ်ဆေးရုံကို ဖွင့်လှစ်မပေးနိုင်ဘူးဆိုရင် ကျောက်မီးဆေးရုံ အထိ မိုင် ၂၀ လောက် ခက်ခဲစွာသွားရောက်ကုသနေရ မည်ဖြစ်ပါကြောင်း၊ထို့ကြောင့်စဥ့်ကိုင်မြို့နယ်၊ ရွှေလှံဗိုလ်(ကန်အောက်)ကျေးရွာတွင် တိုက်နယ်ဆေးရုံအသစ်ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီစဉ်ရှိပါက မည်သည့်ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်သည် လူဦးရေ ၁၅၀၀၀၀ ခန့်ရှိပြီး ခုတင် ၅၀ ဆံ့ စဥ့်ကိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ ခုတင် ၅၀ ဆံ့ စဥ့်ကိုက်မျက်စိအထူးကုဆေးရုံ၊ ပုလိပ်တိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံသုံးရုံဖွင့်‌လှစ်ထားပြီးဖြစ်ပါကြောင်း၊ ရွှေလှံဗိုလ်(ကန်အောက်)ကျေးရွာသည် စဥ့်ကိုင်မြို့ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ပြင်ဦးလွင်-ကျောက်ဆည်ခရိုင်ချင်းဆက် လမ်းမကြီး ပေါ်တွင် တည်ရှိပြီး ရွှေလှံဗိုလ်(ကန်အောက်)ကျေးရွာတွင် ရွှေဘိုကျေးလက်ကျန်းမာရေးဌာန၊ နတ်ရေကန် ကျေးလက်ကျန်းမာရေးဌာနခွဲ အောက်တွင် တည်ရှိသော ကျေးရွာတစ်ရွာသာ ဖြစ်ပါကြောင်း၊  ‌ရွှေဘိုကျေးလက်ကျန်းမာရေးဌာနမှ ရွာ ၂၉ ရွာ၊ လူဦးရေ ၂၄၀၀၀ ခန့်၊ နတ်ရေကန် ကျေးလက်ကျန်းမာရေးဌာနခွဲအောက်တွင် ကိုးရွာကိုတာဝန်ယူထားပါကြောင်း၊ ရွှေလှံဗိုလ် (ကန်အောက်)ကျေးရွာတွင် လူဦးရေ ၇၆၉ ဦး၊ အိမ်ခြေ ၁၄၇ အိမ်ရှိပါကြောင်း၊ စဥ့်ကိုင်မြို့နယ်၊  ခုတင် ၅၀ ဆံ့ ဆေးရုံ နှင့် ၁၆ မိုင်ခန့်ဝေးပြီး ပုသိမ်ကြီးမြို့နယ် ဆေးရုံနှင့်လည်း ၁၆ မိုင်ကွာဝေးပြီး လမ်းခရီးခက်ခဲ သည်ကို သိရှိရ ပါကြောင်း၊ သို့သော် ရွှေဘိုကျေးလက်ကျန်းမာရေးဌာနတွင် ကျေးရွာ ၂၉ ရွာ၊ လူဦးရေ ၂၄၀၀၀ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများပါ ထည့်သွင်းစဉ်းစားမည်ဆိုပါက အကျိုးပြုနိုင်မည့်လူဦးရေ ၃၅၀၀၀ ခန့်ရှိပါကြောင်း၊ သို့သော် ပုသိမ်ကြီးမြို့နယ် ကျောက်မီးတိုက်နယ်ဆေးရုံနှင့် ၈ မိုင်သာ ဝေးသည်သိရပါကြောင်း၊ ယခုအခါ မိုင် ၂၀ ဝေးသည်ဟုသိရသည့်အတွက် မိမိတို့ ပြန်ပြီ့း ဆန်းစစ်ရန်လိုလာပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နှစ်စဉ်ပျမ်းမျှ တိုက်နယ်ဆေးရုံ ၄၀ ခန့်သာ ရန်ပုံငွေရရှိပြီး ဘဏ္ဍာရေးနှစ်အတွက် လျာထားမှုရှိပြီး ယခု နှစ်အတွက် လျာထားမှုပြည့်နေပါကြောင်း၊ တိုက်နယ်ဆေးရုံတစ်ခုကို တည်ဆောက်မည် ဆိုပါကာ စံနှုန်းခြောက်ချက်ရှိပါကြောင်း၊ ၄င်းခြောက်ချက်တွင် စံနှုန်း နှစ်ချက်ပဲ မိပါကြောင်း၊  ပထမ တစ်ချက်ဖြစ်သည့် တိုက်နယ်ဆေးရုံဆောက်မည်ဆိုပါက ကျေးလက်ကျန်းမာရေးဌာန ရှိပြီး သားဖြစ်ရမည်ဖြစ်ပါကြောင်း၊ အခုတွင် ဖွင့်လှစ်ထားခြင်းမရှိသေးသော ကျေးရွာဖြစ်ပါကြောင်း၊ နောက်တစ်ခု အနီးဆုံးမြို့နယ်ဆေးရုံနှင့်လည်း ၁၀ မိုင်ခန့် ဝေးရမည် သို့မဟုတ် တိုက်နယ်ဆေးရုံနှင့် လည်း ၁၀ မိုင်ခန့်ဘဲဝေးသည့်နေရာဖြစ်ရမည်ဖြစ်ပါကြောင်း၊ ယခု တင်ပြချက်အရ ကျောက်မီးဆေးရုံနှင့် ၈ မိုင်သာကွာဝေးသည့်အတွက် ၄င်းစံညွှန်းနှင့် မကိုက်ညီဘူးဖြစ်နေပါကြောင်း၊  အကယ်၍ မိုင် ၂၀ ဆိုပါက တစ်နည်းတစ်လမ်း စဉ်းစားရန် လိုပါကြောင်း၊

ထို့အပြင် အိမ်ခြေနှင့် အိမ်ထောင်ဦးရေများပြားပြီး လူဦးရေသိပ်သည်းမှု Population Density ကလည်း မြင့်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာလူဦးရေက ၇၆၉ ဦးသာ ရှိပါကြောင်း၊ လုံခြုံရေးကောင်းမွန်ပြီး မြေဧက ၄ ဧက ရှိပါကြောင်း၊ တိုက်နယ်ဆေးရုံဆောက်မည်ဆိုပါက လမ်းပန်းဆက်သွယ်ရေးအရ မြို့နယ်ဆေးရုံများသို့ လာ‌ရောက်ရန်ခက်ခဲသောနယ်မြေမှ လူနာများ အလွယ်တကူလာရောက်နိုင်သောနေရာဖြစ်ရမည့် စံညွှန်းနှင့် မကိုက်ညီခြင်း ဖြစ်နေပါသော်လည်း အကယ်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့်အတိုင်း မိုင် ၂၀ ဝေးသည်ဆိုပါက မိမိတို့ တစ်နည်းတစ်ဖုံစဉ်းစားရန် လိုမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် စဉ်းစားမည် ဖြစ်ပါကြောင်း၊ ယခုလတ်တလောတွင် စံညွှန်းများနှင့် ကိုက်ညီမှုမရှိသေးသည့်အတွက် ရွှေလှံဇိုလ် (ကန်အောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း။ သို့သော် ၎င်းနှင့် အနီးကပ်ရှိသော နတ်ရေကန်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ရွှေဘိုကျေးလက်ကျန်းမာရေးဌာနတွင် လူအင်အား၊ ပစ္စည်းအင်အားကို လုံးဝအပြည့်ဖြည့်သည့်အပြင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးမှူးနှင့် သားဖွားဆရာမ၊ အမျိုးသမီးကျန်းမာရေးဆရာမတို့ကို အထူးအစီအစဉ်အနေဖြင့် စွမ်းရည်မြင့်သင်တန်းကို မိမိတို့ အမြန်ဆုံးခေါ်ပြီး ပေးရန်ရှိသည့်အတွက် ယခုနှစ်တွင် ပေး၍မရသေးပါကြောင်း၊ လာမည့်နှစ် တွင် စဉ်းစားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာဒေါ်ကြည့်မို့မို့လွင်(စဥ့်ကိုင်) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ရွှေဘိုမဟုတ် ရဘို ကဖြစ်ပါကြောင်း၊ ရဘိုသည် ခရိုင်ပတ်လမ်းနဲ့လည်း ဝေးပါကြောင်း၊ ခရိုင်ပတ်လမ်းမှ ရဘိုသို့ ၃ မိုင်၊ ၄ မိုင်လောက်ဝင်ရပါကြောင်း၊ နဂိုကျေးလက်ကျန်းမာ ရေးဌာနမရှိသေးသည့် ကန်အောက်ကိုရွေးရခြင်းမှ ၄င်းရွာအကုန်လုံးနှင့်ဆက်သွယ်ရလွယ်ကူ ရန်အတွက် တိုင်ပင်ပြီး ရွေးခြင်းဖြစ်ပါကြောင်း၊  ကျောက်မီးနှင့် ၈ မိုင်ဆိုသည်မှာ တကယ်၍ တိုက်နယ်ဆေးရုံဖွင့်မည်ဆိုပါက ကျောက်မီးနှင့် ၈ မိုင်ဖြစ်ပါကြောင်း၊ ၄င်းဆေးရုံကို ရောက်ရန်အတွက် ၄ မိုင်မှ ၈ မိုင်လောက်ဝေးပါကြောင်း၊ ထို့အခါ ရွာများမှ ဆေးရုံသို့ကူးရမည်ဖြစ်သည့်အတွက် ကျောက်မီးအထိဆိုရင် မိုင် ၂၀ နီးပါး ၁၆ မိုင်၏ အထက်တွင်သာရှိပါကြောင်း၊ မိမိတို့ မြေပြင်ကို သေချာကွင်းဆင်းပြီး မှ တင်ပြရခြင်းဖြစ်ပါကြောင်း၊  ယခင်နှစ်က သစ်ခေါက်ကျန်းမာရေးဌာန ဘတ်ဂျက်ကျပြီးမှ မြေအငြင်းပွားမှုဖြစ်သည့်အတွက် မိမိတို့မြို့နယ်အနေဖြင့် ဆုံးရှုံးသွားရပါကြောင်း၊ ယခု အခါ တကယ်မြေဧကများလည်း လှူထားပြီးသားဖြစ်ပါကြောင်း၊ထို့ကြောင့်  ပြည်သူ များ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် နောက်နှစ်ဘတ်ဂျက်တွေမဟုတ်ဘူးဆိုပါကလည်း မည်သည့်နှစ်တွင် ဖြည့်ဆည်းပေးနိုင်မည်ဆိုသည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် ကိုယ်တိုင်ကွင်းဆင်းပြီး သွားကြည့်မည်ဖြစ်ပါကြောင်း၊ တကယ်လိုအပ်မည်ဆိုပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်စပြီး Process စလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းရန်အတွက် အမြန်ဆုံးလုပ်ဆောင်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဖြေကြားသည့် ဌာန 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မေးမြန်းသူ 
ဒေါက်တာဒေါ်ကြည်မို့မို့လွင် (စဥ့်ကိုင်)