Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ် ခွင့်လိုင်စင်များ လျှောက်ထားမှုကို ဖြေလျှော့ရန် နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၃/၂၀၁၇) အမိန့်ညွှန်ကြားချက်နှင့် ဆက်စပ်စည်းကမ်းချက် များကို ရုပ်သိမ်း ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရာတွင် မလိုလားအပ်သော အဆင့်များကို ဖြေလျှော့ပေးရန်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၃/၂၀၁၇)အမိန့် ညွှန်ကြားချက်နှင့် ဆက်စပ်ပတ်သက်သော အမိန့် ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ပြန်လည်ရုပ်သိမ်း၍ ညှိနှိုင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

၂၁-၁၂-၂၀၁၆ ရက်နေ့ ရက်စွဲနှင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် ထုတ်လုပ်ခြင်းလိုင်စင်များကို မလိုလားအပ်သည့် အဆင့်များ ဖြေလျှော့ပေးရန် တင်ပြလိုပါကြောင်း၊ မိမိတို့ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်များကို လျှောက်သည့်အခါ ကျေးရွာ/ရပ်ကွက်က ခရိုင်/မြို့နယ်၊ တိုင်းဒေသကြီးအထိ အဆင့်ဆင့်ထောက်ခံ ချက်များကိုရယူပြီး နေပြည်တော်ကို တင်သည့်အခါ အစကနေပြန်စစ်ပြီး‌ မိမိတို့ကိုပြန်ပြင်ခိုင်းပါကြောင်း၊ စည်းမျဉ်း/စည်းကမ်းများကို ခဏခဏပြင်သည့်အတွက် လူပျိုဘဝကလောက်က လျှောက်လာခဲ့သည်မှာ ဆံပင်ဖြူသွားကျိုးသည့်အခါမှ ၎င်းလိုင်စင်များ၊ မှတ်ပုံတင်ရသည့် အဖြစ်ရှိပါကြောင်း၊ သက်တမ်းတိုး လျှောက်သည့်အခါတွင်လည်း ၎င်းအတိုင်းကြာမြင့်ပါကြောင်း၊ မိမိတို့က အသေးစားစက်မှုလက်မှု လုပ်ငန်းအဖြစ်လည်း လိုင်စင်များလျှောက်ရသည့်အခါ သက်တမ်းမရှိ၊ မှတ်ပုံတင်မရှိ၊ လိုင်စင်မရှိ သွားလျှောက်မည်ဆိုပါက လက်မခံပါကြောင်း၊ အသေးစား အလတ်စားတွေကို အစိုးရက ပံ့ပိုးကူညီပေးနေသည့် အချိန်အခါတွင် ဘဏ်ချေးငွေကိုသွားလျှောက်၊ သွားတင်သည့်အခါ ကျွန်တော်တို့က သက်တမ်းမရှိသည့် လိုင်စင်ကိုကိုင်ထားခြင်း ဖြစ်သည့်အတွက် ထုတ်မပေးပါကြောင်း၊ နောက်တစ်ခါ မိမိတို့နိုင်ငံမှ ပညာတော်သင်စေလွှတ်သည့်အခါတွင် မိဘများ၏ အလုပ်အကိုင်ကို ဖော်ပြရကြောင်း၊ ဖော်ပြရသည့်အခါ လျှောက်ထားဆဲ၊ သက်တမ်းတိုးဆဲများကြောင့် အပယ်ခံရပါကြောင်း၊ တိုင်းရင်းဆေး လောကကြီး တစ်ခုလုံးက မှတ်ပုံတင်ကျပြီးသား၊ လိုင်စင်ကျပြီးသား၊ သက်တမ်းတိုးခြင်းကိုလည်း အခက်အခဲပေါင်းများစွာဖြင့် အမျိုးမျိုးဖိနှိပ်ခံနေရသည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီးကို လေးစားစွာဖြင့် မိမိတို့ တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၃/၂၀၁၇) အမိန့်ညွှန်ကြားချက်နှင့် ဆက်စပ်ပတ်သက်သော အမိန့်ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ပြန်လည်ရုပ်သိမ်း၍ ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။


 

ဖြေကြားချက် 

တိုင်းရင်းဆေးဦးစီးဌာန၏ (၃/၂၀၁၇) အမိန့်ကြောငြာစာကို ၁၈-၅-၂၀၁၇ ရက်နေ့ Website တွင် တင်ထားသည်ကို ပြန်လည်ဖြုတ်ချခဲ့ပြီး ဖြစ်ပါကြောင်း၊ ဖြုတ်ချရခြင်းအကြောင်းမှာ ၂၇-၄-၂၀၁၇ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်အပါအဝင် တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များနှင့် တိုင်းရင်းဆေးပညာရှင်များ တွေ့ဆုံပွဲအပြီး ဆွေးနွေးချက်အပေါ် မူတည်ပြီး ချက်ချင်းဖြုတ်ချခိုင်းပါကြောင်း၊ ၂၇-၄-၂၀၁၇ ရက်နေ့တွင် ပြောကြားသည့် မိန့်ခွန်းမူကြမ်းကိုလည်း Website တွင် တင်ထားသည်ကို တိုင်းရင်းဆေးပညာရှင်များ အားလုံးကို ဖတ်စေချင်ပါကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသကဲ့သို့ (၃/၂၀၁၇) အမိန့်ကြောငြာစာအဖြစ် တိုင်းရင်းဆေးဝါးလောက တိုးတက်မှုကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ အဟန့်အတားဖြစ်စေနိုင်သည်ကို သိရှိပါကြောင်း၊ ထို့အပြင် ၎င်းတင်ထားသည့် Website တွင် (၃/၂၀၁၇) တင်ထားခြင်းကို မိမိအားတင်ပြခြင်းမရှိပါကြောင်း၊ အမြဲတမ်းအတွင်းဝန်ကိုလည်း တင်ပြခြင်းမရှိသည့်အတွက် ချက်ချင်းဖြုတ်ခိုင်းခြင်း ဖြစ်ပါကြောင်း၊ သို့သော် ယခုဆက်လက်လုပ်မည့် ကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို မိမိတို့ဆီတင်ရန် Approve လုပ်ရန်လိုပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ၅-၆-၂၀၁၇ ရက်နေ့တွင်လည်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေး အဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၇) ပါ စည်းကမ်းချက်များအားလည်း ပြန်လည်ရုပ်သိမ်းကြောင်း အကြောင်းကြားစာကိုလည်း တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးများအားလုံးကို ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊

မိမိအနေဖြင့် တိုင်းရင်းဆေးသည် မြန်မာပြည်သူများနှင့် နိုင်ငံသားများအများအပြားက နှစ်သက်အသုံးပြု လိုသည့်အတွက် တိုင်းရင်းဆေးဝါးလောကကြီး ပိုမိုတိုးတက်အောင် Technical Advising Group, Traditional Medicine ဆိုပြီး မြန်မာတိုင်းရင်းဆေးဆရာကြီးများ၊ လုပ်ငန်းရှင်များ၊ တိုင်းရင်းဆေးတက္ကသိုလ်က ပညာရှင်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနကလူများ အပါအဝင် ဇွန်လ ၉ ရက်နေ့က ဖွဲ့စည်းထားပါကြောင်း၊ ၎င်းအဖွဲ့က ပထမဆုံးအစည်းအဝေးတွင် မိမိကိုတင်ပြထားခြင်းများ ရှိပါကြောင်း၊

Technical Advising Group, Traditional Medicine ၏ တင်ပြချက်၊ အကြံပြုချက်များကို ညွှန်ကြားရေးမှူးချုပ်ဖြင့်လည်းကောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာများနှင့်လည်းကောင်း တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ၎င်းဖွဲ့အနေဖြင့် ပြည်သူများအရည်အသွေး ပြည့်ဝပြီး အစွမ်းထက်မြက်သော၊ ဘေးဥပါတ်ကင်းသော တိုင်းရင်းဆေးဝါးများ သုံးစွဲနိုင်ရေးအတွက် တိုင်းရင်းဆေးဝါးများမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားခြင်း၊ သက်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တိကျသောမူဝါဒများ ချမှတ်နိုင်ရေး အကြံပြုခြင်းနှင့် တိုင်းရင်းဆေးများ အရည်အသွေး ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ တိကျသောလမ်းညွှန်ချက်များ စသည်တို့ကို အကြံဉာဏ် ပေးနိုင်အောင်ဖွဲ့ထားခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေး လောကကြီးတစ်ခုလုံး တိုးတက်ရန်အတွက် တိုင်းရင်းဆေးဆရာကြီးများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခဆရာများနှင့်တွဲပြီး ညွှန်ကြားရေးမှူးချုပ်တို့ဖြင့် တွဲဖက်လုပ်ကိုင်ရမည် ဖြစ်ပါကြောင်း၊

ထို့အပြင် မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထားခြင်းကို ယခင်က မြို့နယ်၊ ခရိုင် တိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီတို့ အဆင့်ဆင့်တင်ပြီးမှ မလိုအပ်ဘဲ ဖြစ်နေသည့်အတွက် ယခု တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းဆေးဝါး ကြီးကြပ်ရေးကော်မတီသို့ တိုက်ရိုက်လျှောက်ထား၍ ရရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် ယခင်က တိုင်းရင်းဆေးဝါး မှတ်ပုံတင်အသစ်ခွင့်ပြုပြီး သုံးလအတွင်း လိုင်စင်များ ဖြည့်စွက်ရန်ဖြစ်သော်လည်း ယခုအချိန်ထိ သက်တမ်းရှိသည့်‌ ကာလတစ်လျှောက် မည်သည့်အချိန်တွင်မဆို လိုင်စင်တွင် ဖြည့်စွက်၍ ပြီးသွားပါပြီဖြစ်ပါကြောင်း၊ မှတ်ပုံတင်သက်တမ်းတိုးများ လျှောက်ရာတွင်လည်း သက်တမ်းပြည့်ပြီးသည့် နှစ်နှစ်အထိနောက်ကျခွင့် ပေးထားပါကြောင်း၊ ထုတ်လုပ်ခွင့်လိုင်စင် သက်တမ်းတိုး လျှောက်ထားရာတွင်လည်း သက်တမ်းပြည့်ပြီး နောက်နှစ်နှစ်အထိ နောက်ကျကြေးများ ပေးဆောင်ပြီး ခွင့်ပြုထားပါကြောင်း၊ ထို့အပြင် တိုင်းရင်းဆေးထုတ်လုပ်မှု မှတ်ပုံတင်ခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း နှုန်းထားများကိုလည်း များစွာချထားပါကြောင်း၊ ထို့အပြင် ညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသောအဖွဲ့က ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီဆုံးဖြတ်ချက်များကိုလည်း တင်ပြသည့်အပြင် တိုင်းရင်းဆေးလုပ်ငန်းရှင်များ ဘက်ကလည်း တည်ဆဲဥပဒေနှင့်အညီ ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာလျှင် ပြည်သူများသည် အရည်အသွေးစစ်မှန် ဘေးဥပါတ်ကင်းသော၊ အာနိသင်ရှိပြီး ထိရောက်သော တိုင်းရင်းဆေးဝါးများကို ရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးလောကတိုးတက်ရန် လုပ်ကိုင်ရသည့် လုပ်ငန်းများ ပိုမိုမြန်ဆန်စေရန်အတွက် မိမိ သို့မဟုတ် အထက်က ညွှန်ကြားခြင်း၊ အမိန့်ပေးခြင်းထက် အောက်မှအသစ်အဆန်းများ လုပ်ကိုင်ရန်တင်ပြခြင်း၊ ပုံးထဲက ခေါင်းထွက်ပြီး စဉ်းစားစေခြင်း (Out of the box thinking)၊ အသစ်အဆန်းစဉ်းစားပေးခြင်း (Innovative Thinking)၊ လုပ်ငန်းများ ဆောင်ရွက်မှုပုံစံ စနစ်ပြောင်းခြင်း (New Project Strategy) များကို စဉ်းစားပြီး ဆက်လက်လုပ်ဆောင်ရန်နှင့် Technical Advising Group on Traditional Medicine တို့ပူးပေါင်းပြီး ပံ့ပိုးဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ဦး (သနပ်ပင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုဝန်ကြီးက ဖြေလျှော့ပေးသည့်အထဲတွင် အခက်အခဲတွေက အများကြီးရှိနေသေးပါကြောင်း၊ နောက်ပြီး တိုင်းရင်းဆေးဦးစီးဌာနဆိုသည်မှာ တိုင်းရင်းဆေးလောကသားများပါမက ပြည်သူလူထု ယုံကြည်စိတ်ချရသည့် ဆေးဝါးသုံးဆောင်နိုင်အောင်၊ ဝန်ဆောင်မှုပေးရမည့် ဌာနဖြစ်ပါကြောင်း၊ ပြည်နယ်များကို တိုက်ရိုက်လျှောက်နိုင်သည် ဆိုသည့်အခါ သက်တမ်းတိုးဖို့လျှောက်ခြင်းသည် နှစ်နှစ် နောက်ဆုတ်ပေးထားသော်လည်း နှစ်နှစ်အတွင်း တရားမဝင်သည့် ကိစ္စများကို ဆက်လက်လုပ်ကိုင်နေခြင်း ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဝါးဥပဒေတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအခန်း(၄) ပုဒ်မ ၁၃ ၏ ပုဒ်မခွဲ (ဂ) တွင် မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည့်အခါ သတ်မှတ်ထားသော မှတ်ပုံတင်သက်တမ်း တိုးမြှင့်ပေးဆောင်၍ သက်တမ်းတိုးမြှင့်နိုင်သည်ဟု အတိအကျရေးပြီး ဖော်ပြထားရှိပါကြောင်း၊ ထို့ကြောင့် လိုင်စင်များ၊ မှတ်ပုံတင်များကို သက်တမ်းတိုးတင်ခြင်းကို ဥပဒေနှင့်အညီ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားချက်အားလုံးကို Technical Advising Group ကိုတင်ပြပြီး ၎င်းတို့၏ အကြံဉာဏ်ကိုရယူပြီး ဆောင်ရွက်ပေးပါမည် ဖြစ်ပါကြောင်းနှင့် အားလုံးကို အဆင်ပြေအောင်လုပ်ရန် တာဝန်မှာ မိမိတို့တာဝန်ဖြစ်သည့်အတွက် လုပ်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

ဖြေကြားသည့် ဌာန 
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မေးမြန်းသူ 
ဦးမြင့်ဦး (သနပ်ပင်)