Law Database | Mail | English Version

အမေး ၊ အဖြေများ

(င)-ပေါက်တောမြို့နယ် အရှေ့မြောက်ဘက်ရှိ သ ပြေကန် ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ် ဆေးရုံ အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီ အစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မိမိတို့မြို့နယ်သည် ဧရိယာစတုရန်း မိုင် ၄၁၃.၇၄ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်/ကျေးအုပ်စု ၅၈ အုပ်စု၊ လူဦးရေတစ်သိန်း ရှစ်သောင်းကျော်နေထိုင်လျက်ရှိသော လူဦးရေထူထပ်သည့် မြို့နယ်တစ်နယ်ဖြစ်ပါကြောင်း၊ ၁ စတုရန်းမိုင်တွင် လူ ၄၀၀ နီးပါးခန့်နေထိုင်နေပါကြောင်း၊ ကုလားတန်မြစ်ဝှမ်း မြေနိမ့်လွင်ပြင်တွင် တည်ရှိသည့်အတွက် ပင်လယ်ရေမျက်နှာပြင်အထက် ၁၁ ပေမြင့်ခြင်းကြောင့် ရေလွှမ်းမိုးသော မြစ်ချောင်းများ ပေါများသည့် ဒေသဖြစ်ပါကြောင်း၊ သပြေကန်ကျေးရွာအနေဖြင့်ကြည့်လျှင် သပြေကန်ကျေးရွာသည် အခြားကျေးရွာများနှင့် ဆက်သွယ်သွားလာရာတွင် ကုန်းလမ်းမရှိခြင်းကြောင့် ရေလမ်းဖြင့်သာ သွားလာရပါကြောင်း၊ စစ်တွေမြို့နှင့် ၃၄ မိုင်၊ ပေါက်တောမြို့နှင့် ၁၈ မိုင် ကွာဝေးသည့်အတွက် မိုးတွင်းကာလ လှိုင်းလေကြီးချိန်တွင် သွားလာရအလွန်ခက်ပါကြောင်း၊ ရေလမ်းခရီးကို ဟွန်ဒါစက်လှေငယ်များဖြင့် သွားလာရခြင်းကြောင့် မြို့သို့ရောက်ရန် သုံးနာရီကြာမြင့်သည့်အတွက် အန္တရာယ်လည်းများပါကြောင်း၊ သပြေကန်ကျေးရွာသည် အိမ်ခြေ ၃၂၀ ရှိပြီး လူဦးရေ ၁၃၄၅ ဦးရှိပါကြောင်း၊ အထက်တန်းကျောင်း ရှိသည့်အပြင် စက်ရုံမြေနေရာနှင့် ကပ်လျက်ရှိသည့် လုံခြုံရေးအရာရှိထိုင် ကင်းစခန်းလည်းရှိပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မြို့နယ်ဆေးရုံ ခုတင် ၅၀ ဆံ့ကို တင်ပြတောင်းခံသည့်အခါ Criteria မပြည့်စုံသဖြင့် ဝန်ကြီးဖြေကြားရာတွင် မအောင်မြင်ခဲ့ပါကြောင်း၊ ထို့အပြင် မင်းပြားနှင့် မြောက်ဦးကြား ဖြစ်နေသည့်အတွက် ကုသသည့် လူနာများ များပြားပါကြောင်း၊ မိမိတို့ ကျေးလက်ကျန်းမာရေးဌာန၏ Group Demand Level ခေါ် ဂရုစိုက်ရမည့် နယ်ပယ်က ပိုကျယ်ပြန့်လာပါကြောင်း၊ ကျေးရွာလူထုမှာ ကျန်းမာရေးဗဟုသုတနည်းပါးသည်နှင့်အမျှ ရောဂါဘယ များပြားပါကြောင်း၊ အခုလက်ရှိ ကျန်းမာရေးဌာနတွင် အမြဲတမ်းလူနာ ပြည့်ကြပ်နေသည့်အတွက် မစည်ကားသင့်ဘဲ စည်ကားနေသည်ကို တွေ့ရှိရပါကြောင်း၊

တိုက်နယ်ဆေးရုံဆောက်လုပ်မည့် နေရာကို ကွင်းဆင်းတိုင်းတာသည့်အခါ သပြေကန်နယ်မြေ တိုက်နယ်ဆေးရုံနေရာတွင် လက်ရှိကျေးလက်ကျန်းမာရေး ဌာနကရှိနေသည့်အပြင် မြေဧရိယာအားဖြင့် ၂.၅ ဧက ပိုင်ထားပါကြောင်း၊ နောက်တစ်ခါ ရွာသားပိုင်သည့် ဘုံနယ်မြေမှာ ၁.၄၅ ဧကကျယ်ဝန်းပါကြောင်း၊ ပေါက်တောမြို့နယ်အရှေ့မြောက်ဘက်ရှိ သပြေကန်ကျေးလက်ကျန်းမာရေးဌာနကို တုက်နယ်ဆေးရုံ အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် ပေါက်တောမြို့နယ်တွင် ၂၅  ခုတင်ဆံ့ ဆေးရုံတစ်ရုံနှင့် ကျောက်တောင်တိုက်နယ်ဆေးရုံတစ်ရုံ စုစုပေါင်းဆေးရုံနှစ်ရုံဖွင့်လှစ်ပြီး လူဦးရေ တစ်သိန်းခွဲခန့်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ အိမ်ခြေအားဖြင့်လည်း ၆၀၀၀ နီးပါး၊ လူဦးရေ ၃၀၀၀၀ ကျော်၊ ကျေးရွာပေါင်း ၃၁ ရွာ။ သပြေကန်အုပ်စုသည် ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံနှင့် ၁၆ မိုင်၊ စက်လှေဖြင့်လည်း သုံးနာရီသွားရသည်ကို သိရှိပါကြောင်း၊ ပေါက်တောမြို့နယ်တောင်ပိုင်းတွင် ကျောက်တောင်တိုက်နယ် ဆေးရုံရှိသော်လည်း မြောက်ပိုင်းတွင် တိုင်နယ်ဆေးရုံမရှိခြင်းကို မိမိတို့သိရှိရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ သပြေကန်ကျေးလက် ကျန်းမာရေးဌာန၏ အထွေထွေ ဆေးခန်းလူနာ Raw များ၊ ကွင်းဆင်းချိန်တွင် ကုသသည့်လူနာပေါင်း၊ အထက်အဆင့်သို့လွှဲပြောင်းသည့် လူနာပေါင်းကို ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကို ကြည့်သည့်အခါ တော်တော်များနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သပြေကန် ကျေးလက်ကျန်းမာရေးဌာန နယ်မြေတစ်ခုလုံးသည် တစ်ရွာနှင့်တစ်ရွာ ရေလမ်းကို အဓိကသွားလာရသည့်အတွက် သပြေကန်ကျေးလက်ကျန်းမာရေးဌာန တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ရန်အတွက်ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
မေးမြန်းသူ 
ဦးအောင်ကျော်ဇံ (ပေါက်တော)