Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-ဒဂုံမြို့နယ်တွင်အဆင့်မြင့်မီးသတ်ယာဉ်(၅) စီးပါဝင်သော မြို့နယ်မီးသတ် တပ်ဖွဲ့ရုံးတစ်ခုထား ရှိရန်အတွက် မြေနေရာချပေးရန်နှင့် မီးသတ်စခန်း ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံး တိုင်းဒေသကြီးဖြစ်ပြီး မြို့တွင်းမြို့နယ် များသည် လူဦးရေထူထပ်ပြီး ကားကြပ်သည့် မြို့နယ်များဖြစ်ကြပါကြောင်း၊ ဒဂုံမြို့နယ်သည် ရန်ကုန်မြို့အတွင်းရှိ လူအထူထပ်ဆုံးနှင့် အထင်ကရနေရာများ အများဆုံးရှိသည့် အစည်ကားဆုံး မြို့နယ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါဖြစ်သဖြင့် နိုင်ငံခြားခရီးသွားများနှင့် ပြည်သူများသွားရောက် ဖူးမျှော်လေ့ရှိသည့် ရွှေတိဂုံဘုရားအပါအဝင် အခြားတန်ခိုးကြီးဘုရားများတည်ရှိပြီး အမျိုးသားကဇာတ်ရုံ၊ အမျိုးသားပြတိုက်နှင့် အခြားသမိုင်းဝင် အဆောက်အဦများ တည်ရှိရာမြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းအစိုးရရုံးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အုပ်ချုပ် ရေးဌာနများ တည်ရှိရာ တိုင်းဒေသကြီးအစိုးရ ရုံးစိုက်ရာမြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုလို အထင်ကရနေရာများ တည်ရှိနေသည့်အပြင် လူဦးရေထူထပ်သော ဒဂုံမြို့နယ်အတွင်း မီးရေးနှင့် ကယ်ဆယ်ရေးကိစ္စများ ဆောင်ရွက်ရန် ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး၊ မီးသတ်စခန်းဆိုပြီး မရှိသေးပါဘူးကြောင်း၊ ဒဂုံမြို့နယ်အပါအဝင် မြို့နယ်ခြောက်မြို့နယ်၏ မီးဘေးကြိုတင်ကာကွယ်‌ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးကိစ္စများကို ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့တစ်ခုတည်းက တာဝန်ယူထားရခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းမြို့နယ်များသည် လူဦးရေထူထပ်သဖြင့် အရေးပေါ်မီးရေး၊ ထင်းရေးကိစ္စများ ပေါ်ပေါက်လာပါက ကားများကြပ်သည့်အတွက် သွားလာရန်ကြာမြင့်ချိန် မှန်းဆရခက်ပြီး ထိခိုက်ဆုံးရှုံးမှုများ မလိုအပ်ဘဲများနိုင်ပါကြောင်း၊ ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့တွင်လည်း မီးသတ်ကားသုံးစီး ရှိသည့်အတွက် ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့အတွက်လည်း တာဝန်ကြီးလှပါကြောင်း၊ အကယ်၍ တာဝန်ယူထားသော် မြို့နယ်ခြောက်မြို့နယ်ထဲမှ မြို့နယ်နှစ်မြို့နယ်တွင် မီးရေးကိစ္စများ တစ်ပြိုင်နက် ဖြစ်ပေါ်လာလျှင် လုံလောက်သည့် မီးသတ်ကားအရေအတွက် မရှိပါကြောင်း၊ ထို့ကြောင့် ဒဂုံမြို့နယ်တွင် ဒဂုံမြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတစ်ခု တည်ဆောက်ရန် လိုအပ်လျက်ရှိသဖြင့် မိမိမေးမြန်းလိုသည်မှာ ၂၀၁၈-၁၉ ဘဏ္ဍာ‌ရေးနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းမြို့နယ်များအတွင်း နေထိုင်သွားလာနေကြသည့် ပြည်သူအပေါင်းနှင့် နိုင်ငံခြားခရီးသွားများအားလုံး၏ လုံခြုံရေးအတွက် အဆင့်မြင့်မီး သတ်ယာဉ်ငါးစီးပါဝင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတစ်ခုထားရှိရန် မြေနေရာချထားပေးရန်နှင့် မီးသတ်စခန်း ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် မီးသတ်ဦးစီးမှူးရုံးတစ်ရုံး၊ မြို့နယ်မီးသတ်စခန်းတစ်ခုနှင့် နယ်မြေမီးသတ်စခန်း ဖွင့်လှစ်ရန်အတွက် ဖွဲ့စည်းပုံအရ ခွင့်ပြုမိန့်ချထားပြီးဖြစ်ပါကြောင်း၊ ဒဂုံမြို့နယ်တွင် မီးသတ်စခန်း ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ခန့်အပ်ထားသော တပ်ဖွဲ့ဝင်များကို ကျောက်တံတား မြို့နယ်မီးသတ်စခန်းတွင် ယာယီတွဲဖက်တာဝန် ချထားပေးလျက်ရှိပါကြောင်း၊ မီးသတ်ဦးစီးဌာနတွင် ဖွဲ့စည်းပုံခွင့်ပြုချက်ရပြီးသော မြို့နယ်မီးသတ်စခန်း ၃၃၀ ခု၊ နယ်မြေမီးသတ်စခန်း ၇၀၃ ခုရှိသည့်အနက် မြို့နယ်မီးသတ်စခန်း ၂၉၃ ခု၊ နယ်မြေမီးသတ်စခန်း ၁၅၃ ခုတို့ကို အဆောက်အဦများ ဆောက်လုပ်ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နယ်မြေမီးသတ်စခန်း ၆၇ စခန်း မြေနေရာရရှိပြီး ဖြစ်ပါကြောင်း၊ အဆောက်အဦ ဆောက်လုပ်နိုင်ရေး၊ ယာဉ်၊ စက်ပစ္စည်းများ ဖြည့်တင်းနိုင်ရေးနှင့် မြေနေရာမရရှိသေးသည့် မီးသတ်စခန်းများအတွက် မြေနေရာရရှိရေးကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရန်ကျန်ရှိသည့် မြို့နယ် ၉ မြို့နယ်တွင် မီးသတ်စခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် လိုအပ်သည့် မြေနေရာရရှိရေးကိုလည်း ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ၂၅-၇-၂၀၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ညှိနှိုင်းအကြောင်းကြား ခဲ့ပါကြောင်း၊ ၂၂၈ ဦးနှင့် မီးသတ်ယာဉ်လေးစီးပါဝင်သည့် စံကိုက်မြို့နယ် မီးသတ်စခန်း တစ်ခု ဆောက်လုပ်ရန်အတွက် မြေဧရိယာအနေနှင့် မြေ ၃၀၀ ပတ်လည် လိုအပ်မည် ဖြစ်ပါကြောင်း၊ မြေနေရာ အခက်အခဲရှိသည့် နေရာများအတွက် အနည်းဆုံးမြေဧရိယာ အကျယ် ပေ ၁၀၀ ပတ်လည်ရရှိမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကလည်း သက်ဆိုင်ရာမြို့နယ်အလိုက် မြေနေရာရရှိရေးကို စိစစ်ဆောင်ရွက်ခဲ့သည့်အခါ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ ဒဂုံမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့ကို လွှမ်းခြုံနိုင်သည့် လမ်းမတော်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် (၁၀/B) တွင်းရှိ ပေ ၁၀၀၊ ၂၀၀ အကျယ်အဝန်းရှိသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနပိုင် မြေလွတ်တွင် မီးသတ်စခန်း တစ်‌နေရာဆောက်လုပ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မြေနေရာလွှဲပြောင်းပေးနိုင်ခြင်း မရှိသည့်အတွက် ဒဂုံမြို့နယ်တွင် မီးသတ်စခန်း ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ဒဂုံမြို့နယ်သည် အနောက်ပိုင်းခရိုင်မီးသတ်စခန်းနှင့် စမ်းချောင်းမြို့နယ် မီးသတ်စခန်းတို့မှ အနီးဆုံး ၆ ဖာလုံ၊ အဝေးဆုံး ၃ မိုင်ခန့်ကွာဝေးပြီး အလုံမြို့နယ် မီးသတ်စခန်းနှင့် အနီးဆုံး ၁ မိုင်၊ အဝေးဆုံး ၃ မိုင်ခန့်ကွာဝေးပြီး ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် အနီးဆုံး ၁၊ အဝေးဆုံး ၃ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပါကြောင်း၊ ဒဂုံမြို့နယ်တွင် မီးဘေးအန္တရာယ် ဖြစ်ပွားမမည်ဆိုလျှင် Level 1 အဆင့်အနေဖြင့် မီးသတ်ယာဉ် ၁၀ စီးကို မြို့နယ်ငါးခုမှလည်းကောင်း၊ Level 2 အဆင့်အနေဖြင့် မီးငြှိမ်းသတ်ယာဉ် ၁၀ စီးကို အခြားမြို့နယ်ရှစ်ခုမှလည်းကောင်း ထပ်မံဖြည့်တင်ပြီး မီးငြှိမ်းသတ်နိုင်ရန် စီစဉ်ထားရှိပြီး ထပ်မံလိုအပ်သည့် Level အလိုက် မီးသတ်ယာဉ်များ ထုတ်နုတ်မီးငြှိမ်း သတ်နိုင်ရေးကိုလည်း တင်ပြပါအစီအမံများအတိုင်း ဆောင်ရွက်ထားရှိပါကြောင်း၊ ထို့အပြင် ကိုလန်နိုင်ငံချေးငွေ အစီအစဉ်ဖြင့် ရန်ကုန်မြို့အတွက် ဝယ်ယူထားသော ခေတ်မီမီးသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များရရှိလာပါက ခေတ်မီမီးငြှိမ်းသတ်ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးယာဉ် ၁၅ စီးကိုလည်း ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒဂုံမြို့နယ်အတွက် မီးသတ်စခန်းဆောက်လုပ် ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် မီးဘေးအန္တရာယ် ဖြစ်ပွားလာပါက တစ်မြို့နယ်လုံးလွှမ်းခြုံနိုင်အောင် မီးငြှိမ်းသတ်နိုင်ရေးအတွက် စီမံထားရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
မေးမြန်းသူ 
ဒေါက်တာဒေါ်သက်သက်ခိုင် (ဒဂုံ)