Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင်လယ်မြေ များ၊စားကျက်မြေကိုလယ်မြေအဖြစ်ဌာနကအသုံးပြု သည့်မြေများမည်မျှရှိပြီးမည်ကဲ့သို့စီမံခန့်ခွဲထားပါသ နည်း၊အဆိုပါမြေများအားမြေမဲ့ယာမဲ့ဒေသခံများအ တွက်ပြန်လည်စွန့်လွှတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် လယ်မြေများ၊ စားကျက်မြေကို လယ်မြေအဖြစ် ဌာနက အသုံးပြုနေသည့် မြေများမည်မျှရှိပြီး မည်သို့စီမံခန့်ခွဲထားပါသနည်း၊ အဆိုပါမြေများအား မြေမဲ့ယာမဲ့ဒေသခံများအတွက် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သထုံမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် လယ်မြေနှင့် စားကျက်မြေများကို လယ်မြေအဖြစ် အသုံးပြုနေသော ဧကမည်မျှရှိသည်ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း
 

မေးခွန်း အကြောင်းအရာ 

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ယခင် မ.ဆ.ပ.လ ခေတ် ပြည်သူ့ကောင်စီလက်ထက် ကတည်းက သိမ်းယူခြင်းဖြင့်လည်းကောင်း၊ မြေယာတွေဖောက်ထုတ်၍လည်းကောင်း၊ ရရှိခဲ့သည့် လယ်ယာများကို လက်ဆင့်‌ကမ်းရရှိခဲ့ခြင်းရှိသလို န.ဝ.တလက်ထက်မှ သိမ်းယူခဲ့သည့်မြေယာများကိုလည်း အဆင့်ဆင့်‌ လက်ကမ်း ရရှိခဲ့ကြပါကြောင်း၊ သို့သော်ဌာနပိုင်မြေများ မည်မျှရှိပြီး ၄င်းမြေများကို မည်ကဲ့သို့စီမံခန့်ခွဲ၍ မည်သည့် အကျိုးအမြတ်များရရှိပြီးမည်ကဲ့သို့ အသုံးပြုနေသည်ဆိုတာကို မသိရှိခဲ့ကြပါကြောင်း၊ လယ်ယာမြေတစ်ချို့ကို သီးစားချထားပေးပြီး တစ်ချို့ကို စားကျက်မြေများပေါ်တွင် သီးစားချထားခွင့်‌ ပေး၍ တစ်ချို့မြေများကို ဒီအတိုင်းပစ်ထားခဲ့ပြီး အသုံးမပြုလို့ ဒေသအတွက်လည်း အကျိုးမရှိဖြစ်နေပါကြောင်း၊ ယခင်က  ဝန်ထမ်းသက်သာအနေဖြင့် ရရှိသည့်သီးစားချကို ဝန်ထမ်းတစ်ဦးကို တစ်လလျှင် ကျပ် ၅၀၀၀ ထောက်ပံ့ခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ ဝန်ထမ်းသက်သာဖျက်သိမ်းပြီးနောက်ပိုင်းတွင် မသိရတော့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တစ်နေ့တစ်ခြားတိုးပွားလာသည့် လူဦးရေကြောင့် နေထိုင်စရာ မြေယာကွက်များလိုသလို စားရေး၊ ရိက္ခာရဖို့နှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတွက် မြေယာများလိုအပ်နေပါကြောင်း၊ ထို့ကြောင့ို့ ဌာနအနေနှင့် မိမိတို့အတွက် မည်သည့် အတွက်ကြောင့်‌မြေကို မည်မျှယူထားခြင်းဖြစ်ကြောင်း ရှင်းလင်းအသိပေးဖို့လိုသလို ပြည်သူလူထုအကျိုး အတွက် မြေကိုစီမံခန့်ခွဲပေးရန်လည်း လိုအပ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်လမ်းညွှန်ချက်ပါ မိမိဦးတည်သော ပြည်သူ့အကျိုးပြုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် နိုင်ရန် ညှိနှိုင်းပေါင်းစပ်မှုနှင့် အကောင်အထည်ဖော်ရမည်ကို နားလည်ရမည်ဆိုသည့် လမ်းညွှန်ချက် အတိုင်း ပြည်သူများအတွက် ဌာနပိုင်မြေတစ်ချို့ကို ညှိနှိုင်းစွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

နေပြည်တော် တိုင်းဒေသကြီး/ပြည်နယ်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် လယ်မြေ ၂၁၉၂.၈၆ ဧကရှိပြီး ယခင်က ဌာနမှာစိုက်ပျိုးခဲ့သည့် ဌာနပိုင်မူလလယ်မြေ ၁၂၇၆.၆၈ ဧက၊ တောင်သူများ အသုံးမပြုခဲ့သော လယ်ယာမြေများဖြစ်၍ ဌာနမှာတာဝန်ယူ စိုက်ပျိုး ထားသည့် လယ်ယာမြေ ၉၉.၆၃ ဧက၊ မြေလွတ်မြေရိုင်းများကို ဌာနအစီအစဉ်ဖြင့် ခုတ်ထွင်အသုံး ပြုထားသည့် လယ်‌မြေ ၁၇၆.၂၈ ဧကနှင့် စားကျက်မြေကို လယ်ယာမြေအဖြစ်ပြောင်းလဲအသုံးပြုထားသည့် လယ်‌မြေ ၆၄၀.၂၇ ဧကရှိပါကြောင်း၊ အဆိုပါလယ်မြေများအနက် လယ်မြေ ၁၀၁၂.၇၅ ဧကမှာ လယ်ယာမြေလုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံ-၇ ရရှိထားပြီး လယ်မြေ ၂၁.၆၆ ဧကမှာ လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ ပုံစံ-၇ လျှောက်ထားခွင့်နှင့် ကျန်သည့် လယ်မြေ ၅၂၈.၁၈ ဧကဖြစ်ပါကြောင်း ၊

စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည် လယ်ယာမြေများမှ ရရှိသောအကျိုးအမြတ်များကို ဝန်ထမ်း မိသားစုများ၏ သာရေးနာရေးနှင့်ပညာသင်ထောက်ပံ့ကြေးများကို ဦးစီးဌာန၏အစီအမံဖြင့် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုလုပ်ကိုင်မှုများတွင် သီးစားချထားခွင့် မရှိကြောင်းနှင့်‌ သီးစားချထားမှုများ တွေ့ရှိရပါက ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း၊ တောင်သူများအသုံးမပြု ၍ ဌာနမှတာဝန်ယူ စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးခြောက်ခုမှာရှိသည့် လယ်‌မြေဧက ၉၉.၆၃ ဧကကို မူလတောင်သူများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်စွန့်လွှတ်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ရွာရှည်ကျေးရွာအုပ်စုမှာရှိသည့် မြေဧက ၃.၈၂ ဧကကို ပြန်လည်စွန့်လွှတ်ပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် ၉၅.၈၁ ဧက စွန့်လွှတ် နိုင်ရေးကိုလည်း လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၊

ဌာန၏မူလပိုင်လယ်မြေများနှင့် တောရိုင်းကိုခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုး ဧက ၂၀၉၃.၂၃ ဧကသည့် တစ်စုံတစ်ဦးထံမှ သိမ်းယူထားခြင်း မဟုတ်သည့်အတွက် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် မရှိပါကြောင်း ၊ မွန်ပြည်နယ်၊ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနပိုင်လယ်မြေ ၅၈.၄၅ ဧကရှိပြီး အဆိုပါ လယ်မြေများအနက် ၁၆.၀၈ ဧကကို ၁၉၉၃-၉၄ ခုနှစ်တွင်လည်းကောင်း၊ ၄၂.၃၇ ဧကကို ၁၉၉၄-၉၅ ခုနှစ်တွင်လည်းကောင်း၊ စားကျက်မြေမှ လယ်မြေအဖြစ်သို့ ပြောင်းလဲခွင့်‌ပြုမိန့်ရရှိပြီး လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံ-၇ ရရှိထားပြီးဖြစ်ပါကြောင်း၊ သထုံမြို့နယ် နောင်ကုလားကျေးရွာအုပ်စု ကွင်းအမှတ် ၆၂၁/ကတွင်ရှိသည့် လယ်မြေ ၇.၆ ဧကကို မူလပိုင်ရှင်မှပြန်လည်တောင်းဆိုချက်အပေါ် ညှိနှိုင်းသဘောတူညီချက်အရ ၂.၂၆ ဧကကို မူလပိုင်ရှင်သို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါကြောင်း နှင့် ကျန် ၅ ဧကကို လယ်ယာမြေအခြားအသုံးပြုခွင့်‌လျှောက်ထားပြီး ‌အုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်လျာထားပါကြောင်း ဖြေကြားခဲ့ပါသည်။

ဒေါ်မာမာခိုင်(သထုံမဲ) မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပုံစံ-၇ ရထားသည့်ဧကနှင့် ပုံစံ-၇ မရထားသည့် ဧကများပေါင်းလိုက်မည်ဆိုပါက ပထမ ‌ဖြေဆိုထားသည့် ဧကများနှင့်ကွာနေသည့်အတွက် မည်ကဲ့သို့ဆက်လက်စီမံဆောင်ရွက်မည်ဆိုသည်ကို သိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး မှ ဖြေကြားပါသည်။          

မိမိတို့ဌာနမှ တာဝန်ယူလုပ်ကိုင်ခဲ့သည့် ၉၆၉.၆၃ ဧကကိုမူလပိုင်ရှင်များ တိုင်းဒသကြီး/ပြည်နယ် ခြောက်ခု အားလုံးပြန်လည်စွန့်လွှတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိနေသည့် ဌာန၏မူလပိုင်လယ်မြေများ ဌာနအစီ အစဉ်နှင့်ဖော်ထုတ် ရရှိထားသည့် မြေရိုင်းများကိုဖော်ထုတ်ထားသည့် ဧကနှင့် စားကျက်မြေကို လယ်ယာမြေ အဖြစ်ပြောင်းလဲအသုံးပြု ပြင်‌ရရှိထားသည့် လယ်‌ယာမြေဧကတွေကို ဌာနမှဆက်လက် ထိန်းသိမ်းသွား မည်ဖြစ်ပါကြောင်းနှင့် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
မေးမြန်းသူ 
ဒေါ်မာမာခိုင် (သထုံ)