Law Database | Mail | English Version

အမေး ၊ အဖြေများ

(က)-အရပ်ဘက်ဝန်ထမ်းနှင့်တပ်မတော်အငြိမ်းစား များအတွက်ပင်စင်လစာကိုနောက်ဆုံးတိုးမြှင့်ခဲ့သော ဝန်ထမ်းလစာနှုန်းဖြင့်ပြင်ဆင်တိုးမြှင့်နိုင်ခြင်းရှိ/မရှိ၊ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းများတိုးမြှင့်ပေးခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

အရပ်ဘက်ဝန်ထမ်း အငြိမ်းစားနှင့်တပ်မတော် အငြိမ်းစားများအတွက် အငြိမ်းစားပင်စင်လစာကို ၁-၄-၂၀၁၅ ရက်နေ့တွင် နောက်ဆုံးတိုးမြှင့်ခွင့်ပြုခဲ့သော ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်၍ တိုးမြှင့်ပေး နိုင်ခြင်းရှိ/မရှိနှင့် တစ်လုံးတည်း ပင်စင်လဲလှယ်ခြင်းများကိုလည်း တိုးမြှင့်ခံစားခွင့်ပြုနိုင်ခြင်း ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများ စာမျက်နှာ ၉၃၊ အခန်း(၂၁) အငြိမ်းစားယူခြင်း ပုဒ်မ ၂၃၂ တွင်  အငြိမ်းစား ယူသောဝန်ထမ်းသည် (က) နိုင်ငံတော်၏ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင် တာဝန်ထမ်းဆောင် ခြင်းဖြစ်ရမည်။ (ခ) ဖွဲ့စည်းပုံဖြင့် ခွင့်ပြုထားသည့် ရာထူးတွင် အချိန်ပြည့်တာဝန် ထမ်းဆောင်ခြင်း ဖြစ်ရမည်။ (ဂ) တာဝန်ထမ်းဆောင်ခြင်းကြောင့် ရရှိသည့်လစာကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ကျခံခြင်းဖြစ်ရမည်လို့ဖော်ပြထားပါကြောင်း၊ ပင်စင် ခုနစ်မျိုးရှိပါကြောင်း၊ (၁) သက်ပြည့်ပင်စင်၊ (၂) နှစ်ပြည့်ပင်စင်၊ (၃) နာမကျန်းပင်စင်၊ (၄) လျော်ကြေးပင်စင်၊ (၅) အထူးပင်စင်၊ (၆) မိသားစုပင်စင်၊ (၇)လျော့ပေါ့ပင်စင်ဆိုပြီး ပင်စင်အမျိုးအစားလိုက် အကျိုးခံစားခွင့်များ လည်းကွာခြားပါကြောင်း၊ ပင်စင်လစာများသည် ၁၉၈၈ မတိုင်ခင်ကအလွန်နည်းခဲ့ပါကြောင်း၊  ၁-၄-၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် ပင်စင်လစာအပေါ် ယာယီထပ်ဆောင်းငွေနှင့် အပိုထောက်ပံ့ကြေးတွေ ပေးပြီး ပင်စင်လစာအဖြစ် သတ်မှတ်ပေးခဲ့ပါကြောင်း၊ ၁-၄-၁၉၉၃ ခုနှစ်မှစပြီး  ထုတ်ယူခဲ့သည့် ပင်စင်လစာ၏ ၂၅ ရာခိုင်နှုန်း လေးပုံ တစ်ပုံတိုးမြှင့်ပေးခဲ့ပါကြောင်း၊ ၁-၁၀-၁၉၉၄ ခုနှစ်တွင် မိသားစုပင်စင်ကို တစ်ဝက်နှုန်းမှ လေးပုံသုံးပုံနှုန်းအထိ တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ၁-၄-၂၀၀၀ ခုနှစ်တွင် ထုတ်ယူသော လစာ၏ နှစ်ဆတိုးမြှင့်ပေးခဲ့ပါကြောင်း၊ ၁-၇-၂၀၁၁ တွင် ပင်စင်လစာကို ၁-၁-၂၀၁၀ စတင် ခွင့်ပြုသောဝန်ထမ်းလစာနှုန်းဖြင့် ခွင့်ပြုပေးခဲ့ပြီး ၁-၇-၂၀၁၁ ခုနှစ် တွင် ဝန်ထမ်းများနှင့် ပင်စင်လစာများကိုပါ  တိုးပေးခဲ့သော်လည်း ၁-၄-၂၀၁၅ ရက်နေ့ ဝန်ထမ်းလစာတိုးပေးသည့် အခါမှာတွင် ပင်စင်စားများကို ချန်ခဲ့ပါကြောင်း၊ ချန်လှပ်ခဲ့သည့်အတွက် ပင်စင်စားကြီးများ ရရှိသည့် လစာသည် အလွန်နည်းပါးခဲ့ပါကြောင်း၊

ပင်စင်စားများသည် အလုပ်လုပ်နိုင်ချိန်တွင် နိုင်ငံတော်အတွက် ပေးဆပ်ခဲ့ကြသူများဖြစ်ပါကြောင်း၊ များသောအားဖြင့် အသက်အရွယ်ကြီးရင့်အိုမင်း၍ ဝင်ငွေရသည့် အလုပ်ကိုမလုပ်နိုင်တော့သည့် အတွက် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊ လက်ရှိအလုပ်လုပ်နေသည့် နိုင်ငံ့ဝန်ထမ်းများတွေအတွက်သာ စဉ်းစားပြီး ပင်စင်စားများအတွက် မစဉ်းစားနိုင်ခြင်းဆိုသည်မှ မသင့်တော်ပါကြောင်း၊ အခုဝန်ထမ်းဖြစ်နေသူတွေများသည် နောက်တစ်ကြိမ်တွင် ပင်စင်စားများ မလွှဲမသွေဖြစ်ကြရ မည်ဖြစ်ပါကြောင်း၊ ပင်စင်စားဝန်ထမ်များအတွက် အိမ်ရာများ တည်ဆောက် ပေးမှုကိုလည်း ကြိုဆိုပါကြောင်း ၊ နိုင်ငံတော်အစိုးရအနေဖြင့် ထိုက်သင့်‌သည့်အချိန်တွင် တိုးမြှင့်‌ ပေးနိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ယခင်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၀-၄-၂၀၁၀၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၅၉/၂၀၁၅ ဖြင့် ပင်စင်ခံစားနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ (တပ်မတော်အငြိမ်းစားများ အပါအဝင်) အား လက်ရှိပင်စင်လစာ အပြင် ထပ်မံတိုးမြှင့်သတ်မှတ်သည့် လစာကျပ် ၄၅၀၀၀ အပေါ်တွင် တည်ဆဲပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်ပြီး တိုးမြှင့်ပင်စင်လစာအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ ခံစားခွင့်ပြုခဲ့ပါကြောင်း၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက်ပိုင်း တာဝန်ထမ်းဆောင်ဆဲ အရပ်ဘက်ဝန်ထမ်းနှင့် တပ်မတော်သားများအငြိမ်းစားယူပါက အငြိမ်းစားပင်စင်လစာကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် နောက်ဆုံးတိုးမြှင့်ခွင့်ပြုခဲ့သည့် ဝန်ထမ်းလစာနှုန်းထားများဖြင့်လည်းကောင်း၊ ထို အချိန်မတိုင်ခင်က ပင်စင်ခံစားနေသည့်‌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ (တပ်မတော်အငြိမ်းစား များအပါအဝင်) အား ၎င်းတို့ခံစားနေသည့်‌ ပင်စင်လစာအပြင် ထပ်မံတိုးမြှင့်သတ်မှတ်သည့်‌ လစာကျပ် ၄၅၀၀၀ အပေါ်တွင်လည်းကောင်း တည်ဆဲပင်စင်နည်းဥပဒေများနှင့်အညီ ခံစားခွင့်‌ပြုခဲ့ ပါကြောင်း၊ ယခုလို တိုးမြှင့်ခံစားခွင့်ပြုခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် လစာစရိတ် များအပေါ်မှာ ကျပ် ၇၄၅.၇၄၇ ဘီလီယံခန့်၊ ပင်စင်နှင့်ဆုကြေးအပေါ်မှာ ကျပ် ၁၇၀ ဘီလီယံခန့်တိုးမြှင့်ကျခံ သုံးစွဲခဲ့ ရပါကြောင်း၊ လစာတိုးမြှင့်သည့်နှုန်းအတိုင်း ပင်စင်ကိုတိုးမြှင့်ပေးပါက ကျပ် ၂၃၁ ဘီလီယံခန့် တိုးမြှင့် သုံးစွဲရမည်ဖြစ်ကြောင်း ထိုစဉ်ကနိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရ လစာတိုးမြှင့်သည့် နှုန်းအတိုင်း ပေးနိုင်ခြင်း မရှိခဲ့ပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၅၂ နည်းဥပဒေခွဲ(ဇ)တွင် ဝန်ထမ်းတစ်ဦး၏ ပင်စင်အကျိုးခံစားခွင့်ကို ယင်း ဝန်ထမ်းပင်စင်ယူသည့် အချိန်တွင် တည်ဆဲနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ ၏ စားဝတ်နေရေးနှင့် လူနေမှုအဆင့် အတန်းကို အထိုက်အလျောက်မြှင့်တင်ပေးရန်ရည်ရွယ်ပြီး လစာနှုန်းထားများကို အခါအားလျော်စွာ တိုးမြှင့်သတ်မှတ်ပေးနိုင်ရေးအတွက် မျက်ခြည်မပြတ် သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ တိုးမြှင့်ပေးတိုင်းတွင်လည်း အငြိမ်းစားဝန်ထမ်းများ အတွက် ထည့်သွင်းစဉ်းစားသုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်စဉ် နိုင်ငံ့ဝန်ထမ်း များနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ လစာများကို သတ်မှတ်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေပေါ်မူတည်ပြီး နိုင်ငံ့ဝန်ထမ်းများဥပဒေ၊ နည်းဥပဒေများ၊ ပင်စင်ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများ(တပ်မတော်သားအပါအဝင်) ၏ ပင်စင်လစာ ကို ၁-၄-၂၀၁၅ ရက်နေ့တွင် နောက်ဆုံးတိုးမြှင့်ခွင့်ပြုခဲ့သည့် ဝန်ထမ်းလစာနှုန်းဖြင့်‌ ပြင်ဆင်တွက် ချက်ပြီး တိုးမြှင့်ပေးရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေ အခြေအနေပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

တစ်လုံးတစ်ခဲတည်းသော ပင်စင်နှင့်ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၄၂ တွင် ပင်စင် ကို ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုသည့် နှုန်းထားအတိုင်း တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ်ခွင့်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၄၃ နှင့် နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေ ၂၅၂ နည်းဥပဒေခွဲ(ဎ)တို့မှာလည်း တစ်လုံးတည်းပင်စင်တွက်ချက်ရမည့် နည်းလမ်းများကို ဖော်ပြထားပါကြောင်း၊ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းများကို တိုးမြှင့်ခံစားခွင့် ပြုနိုင်ခြင်းရှိ/မရှိနှင့်ပတ်သက်၍ အငြိမ်းစားဝန်ထမ်းများ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းသည် ပင်စင်စားများ၏လိုအပ်ချက်ကို နိုင်ငံတော်ကအထိုက်အလျောက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊

ဝန်ထမ်းများ အငြိမ်းစားယူခွင့်ရသည့်အခါ နိုင်ငံတောမှ ငွေလုံးငွေရင်းဖြစ် လုပ်သက်ဆုကြေးငွေကို တစ်ကြိမ်တည်း အပြီးအပြတ်ထုတ်ပေးပြီး ပင်စင်လစာကိုလစဉ်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ထုတ်ယူ နိုင်ရန် သတ်မှတ်ပေးထားပါကြောင်း၊ ယခုအခါ အနိမ့်ဆုံးဝန်ထမ်းသည်  လုပ်သက် ၃၅ နှစ်ရှိပါက လုပ်သက်ဆုငွေရရှိနိုင်မှုဟာ ကျပ် ၂၂ သိန်းခန့်ရှိတာကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အငြိမ်းစား ဝန်ထမ်း၏ အခက်အခဲကို ဖြေရှင်းပေးသည့်အနေဖြင့် လစဉ်ထုတ်ယူခွင့်ရှိသည့် ပင်စင်လစာထဲမှ အစိတ်အပိုင်းတစ်ရပ်ကို လစဉ်ထုတ်ယူခြင်းအစား တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် ထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ အားလုံးကို တစ်လုံးတစ်ခဲတည်းပင်စင် လဲလှယ်ပေးရန်လည်း တတ်နိုင်မည် မဟုတ်ပါကြောင်း၊ မြို့ပြုတစ်လုံးတည်းပင်စင် လဲလှယ်ရေးနည်းဥပဒေ ၈ နည်းဥပဒေခွဲ(၃)အရ တစ်လုံးတည်းလဲလှယ်ခဲ့သည့် အစိတ်အပိုင်းသည် လဲလှယ်ခွင့်ပြုသည့်နေ့မှစ၍ ရပ်ဆိုင်းကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ လဲလှယ်၍ ကျန်ရှိသည့် ပင်စင်ကိုသာ လစဉ်ထုတ်ယူခွင့်ရရှိမည်ဖြစ်ပါကြောင်း၊

 နိုင်ငံ့ဝန်ထမ်းများကို တစ်လုံးတစ်ခဲတည်းပင်စင်လဲလှယ်ခွင့်ပြုခြင်းသည် ဝန်ထမ်း၏ လတ်တ လော စီးပွားရေး၊ လူမှုရေး အခက်အခဲကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်မည်ဖြစ်သော် လည်း အောက်ပါအခက်အခဲများကို တွေ့ရှိနိုင်ပါကြောင်း၊ (က) ပင်စင်စားများအနေဖြင့် တစ်လုံးတည်း လဲလှယ်ပြီးနောက် ကျန်ရှိသည့် ပမာဏကိုသာ လစဉ်ခံစားရမည်ဖြစ်၍ ရေရှည်စားဝတ်နေရေးအခက် အခဲရှိနိုင်ခြင်း၊ (ခ) နိုင်ငံတော်မှ အခါအားလျော်စွာ လစာနှုန်းတိုးမြှင့်ခြင်းနှင့်အတူ ပင်စင်လစာများ တိုးမြှင့်ပေးသည့်အခါတွင် တစ်လုံးတည်းပင်စင်လဲလှယ်ပြီးသည့်နောက် ကျန်ရှိသည့် အစိတ်အပိုင်း အတွက်သာ အကျိုးခံစားခွင့်ရှိမည်ဖြစ်ခြင်း၊ (ဂ) တစ်လုံးတည်းလဲလှယ်ထားသည့် အငြိမ်းစားဝန်ထမ်း သည် ယင်းကာလအတွင်း သေဆုံးပါက မိသားစုပင်စင်အနေဖြင့် လက်ကျန်ပင်စင်အပေါ်မှာသာ အကျိုးခံစားခွင့် ရှိမည်ဖြစ်ခြင်းတို့ ဖြစ်ပါကြောင်း၊

အငြိမ်းစားဝန်ထမ်းများအား တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းကို တိုးမြှင့်ခံစားခွင့်ပြုရန် ကိစ္စသည် နိုင်ငံတော်၏ဘဏ္ဍာရေးအခြေအနေခိုင်မာ တောင့်တင်းလာသည့်အခါမှသာ ဆောင်ရွက်နိုင် မည့် ကိစ္စဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်တွင် ဘဏ္ဍာရေးအခြေအနေကောင်းများ ရရှိလာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများ(တပ်မတော်သားအပါ အဝင်) ၏ ပင်စင်လစာကို နောက်ဆုံးတိုးမြှင့်ခွင့်ပြုခဲ့သည့် ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်၍ တိုးမြှင့်ပေးနိုင်ရန်၊ တစ်လုံးတည်းပင်စင်လဲလှယ်ခြင်းများကို တိုးမြှင့်ခံစားခွင့်ပြုနိုင်ရန် အတွက် လည်းကောင်း၊ အငြိမ်းစားဝန်ထမ်းအင်အားအခြေအနေ၊ လစဉ်ကျခံသုံးစွဲရသည့် လစာစရိတ်နှင့် ပင်စင်စရိတ်များအခြေအနေ၊ ငွေကြေးဖောင်းပွမှုအခြေအနေ၊ နိုင်ငံတော်၏ဘဏ္ဍာငွေ အရနှင့်အသုံး အခြေအနေတို့အပေါ်တွင် မူတည်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ သုံးသပ်ဆောင်ရွက် မည်ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပါသည်။

ဖြေကြားသည့် ဌာန 
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း