Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဂ)-မြို့ပြစီမံကိန်း၊ကျေးရွာစီမံကိန်းများရေးဆွဲရာတွင် မည်သည့်အချက်များပေါ်တွင်မူတည်၍ရေးဆွဲပြီးပြည် သူလူထုသို့ပွင့်လင်းမြင်သာစွာချပြနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ဟုမ္မလင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ဖျားအထက်ဘက်တွင် လူဦးရေနှစ်သောင်း ကျော် နေထိုင်သည့် ဖွံ့ဖြိုးစမြို့ငယ်တစ်မြို့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရေလမ်း၊ ကုန်းလမ်းနှင့် လေကြောင်းလမ်းများရှိပါကြောင်း၊ ရေကြောင်းတွင် အောက်ဘက်တွင် မုံရွာ နှင့် အထက်ဘက် ခန္တီးဘက်သို့လည်းကောင်း ၊ မကြာသောကာလတွင် မုံရွာနှင့် ခန္တီးကိုကုန်းလမ်းမှ သွားလာနိုင်တော့မည်ဖြစ်ပါကြောင်း၊ ဖောင်းပြင်-ပင်လည်ဘူးလမ်းမကြီးကို တည်ဆောက်နေပြီ ဖြစ်သည့် အတွက် ဖောင်းပြင်-ပင်လည်ဘူး လမ်းမကြီးပြီးသွားပါက ဟုမ္မလင်း-ဖောင်းပြင်-ပင်လည်ဘူး မှ မြန်မာနိုင်ငံမြောက်ဖျားကိုလည်း အားလုံးဆက်သွယ်သွားလာနိုင်မှာဖြစ်ပါကြောင်း၊ ဟုမ္မလင်းမြို့တွင် ဟုမ္မလင်း-ကတ်သာ သို့ကူးသည့် ချင်းတွင်းမြစ်ကူးတံတားကြီးလည်း တည်ဆောက်နေပြီဖြစ်သည့် အတွက် ဟုမ္မလင်း-ကတ်သာ-တမူး-အိန္ဒိယအထိ ဆက်လက်သွားလာနိုင်တော့မည် ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ဖွံ့ဖြိုးလာပြီလို့ပြောလို့ရပါကြောင်း၊ ကျန်းမာရေးအနေဖြင့် ခုတင် ၁၀၀ ဆံ့ အရပ်ဘက်ဆေးရုံတစ်ရုံနှင့်  တပ်ဘက်ဆေးရုံတစ်ရုံ ရှိသည့်အတွက် ကျန်းမာရေးအဆင့်လည်း မနိမ့်ပါကြောင်း၊ ပညာရေးကိုကြည့်‌မည်ဆိုပါက အထက်တန်းကျောင်းနှစ်ကျောင်း၊ အလယ်တန်း ကျောင်းနှစ်ကျောင်းနှင့် မူလတန်းကျောင်း ၁၃ ကျောင်းရှိပါကြောင်း၊ စိုက်ပျိုရေးသိပ္ပံကျောင်းကြီး လည်းဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် လူသားအရင်အမြစ်များလည်း တိုးပွားလာတော့ မည်ဖြစ်ပါ ကြောင်း၊ မကြာသည့်အချိန်တွင် ဟုမ္မလင်းကောလိပ်ကို တည်ဆောက်တော့မည်ဟု ကြားသိရ ပါကြောင်း၊ ဟုမ္မလင်းမြို့နယ်တွင် အခြေခံကျောင်းပေါင်း ၃၀၄ ကျောင်းရှိပြီး ဆရာ/ဆရာမ ပေါင်း ၂၂၉၁ ယောက်ရှိသည့်အတွက် ချင်းတွင်းအထက်ပိုင်းတွင်ရှိသည့် ပညာရေးလုပ်သားများကို လေ့ကျင့်သင်ကြားပေးရန်အတွက် ပညာရေးကောလိပ်ကြီးဆောက်မယ်ဆိုပါက ဟုမ္မလင်းမြို့တွင် မရှိလာနိုင်ဖူးဟုပြောလို့မရပါကြောင်း၊ ၄င်းအချက်များကိုကြည့်မည်ဆိုပါက ဟုမ္မလင်းမြို့သည့် ဖွံ့ဖြိုးစ ဖြစ်လာပြီဖြစ်သည့်မြို့တစ်မြို့ဟု ပြောလို့ရပါကြောင်း၊  ကျေးလက်မှ မြို့ကိုအခြေချသည့် ပြည်သူများ လာသလို အနယ်နယ်အရပ်ရပ်မှ မိမိတို့မြို့ကို လာနေကြသည့်လူများလာပါကြောင်း၊ ဟုမ္မလင်းမြို့ပတ်ဝန်းကျင်တစ်ဝိုက်တွင် တိုးချဲ့ရန်မြေလွတ်မြေရိုင်းများ မရှိတော့ပါကြောင်း၊ မြေရာဦးမှုများရှိနေပါကြောင်း၊ ထို့ကြောင့် လယ်သမားများက လယ်များကို ရောင်းပြီး၊ မရှိသည့်လူများက ဝယ်ပြီးဆောက်ကြပါကြောင်း၊ စနစ်မရှိစွာဆောက်သည့်အတွက် မြို့ပြတိုးချဲ့ခြင်းသည် ခေတ်မမီဘူးလို့ မိမိမြင်ပါကြောင်း၊ မြို့ပြစီမံကိန်းများအရ တိုးချဲ့မည်ဆိုပါက ခေတ်မီသည့် မြို့တစ်မြို့ဖြစ်လာမည်မိမိထင်ပါကြောင်း၊ ဟုမ္မလင်းမြို့တွင် မြေလွတ်မြေရိုင်းများ လျှောက်ထားမှုများ ခုထိရှိပါသေးကြောင်း၊ တိုင်းမှ မြေလွတ်မြေရိုင်းကို စိစစ်ဖို့ချသည့်အခါတွင် Town Plan၊ Village Plan များနှင့် လွတ်ကင်းမှုရှိ/မရှိစိစစ်ပြီး တင်ပြရန်လို့ပါကြောင်း၊ ၄င်းစီမံကိန်းများကို မြို့ပြပြည်သူများကို ချပြနိုင်ပါက မြို့ပြပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက် လာနိုင်မည်ဟု ထင်ပါကြောင်း ထို့ကြောင့် မြို့ပြစီမံကိန်း၊ ကျေးရွာစီမံကိန်းများရေးဆွဲရာတွင် မည်သည့်‌ အချက်များပေါ်တွင်မူတည်၍ ရေးဆွဲပြီး ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ၊မရှိနှင့်‌ စပ်လျဉ်းသည့်မေးခွန်း ကို မေးမြန်းလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားချက် 

နိုင်ငံတော်မှ စီမံကိန်းများရေးဆွဲရာတွင် အချိန်ကာလအလိုက် နှစ် ၂၀ နှစ်ရှည်စီမံကိန်း ကာလတိုငါးနှစ်စီမံကိန်း၊ နှစ်စဉ်စီမံကိန်းအစရှိသဖြင့် ကာလအပိုင်းအခြားအလိုက် ရေးဆွဲလျက်ရှိပါ ကြောင်း၊ ထို့အပြင် ကဏ္ဍအလိုက်စီမံကိန်း၊ ဒေသန္တရစီမံကိန်း၊ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်း စီမံကိန်းများကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင်ရေးဆွဲလျက်ရှိသော အမျိုးသား စီမံကိန်းသည် ကဏ္ဍအလိုက်စီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများမှ ပေါင်းစည်း၍ရေးဆွဲခြင်းဖြစ်ပြီး ဒေသန္တရစီမံကိန်းတွင် မြို့ပြနှင့်ကျေးလက်စီမံကိန်းများ ပေါင်းစပ်ပါဝင်လျက်ရှိပါကြောင်း၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ အမျိုးသားနယ်မြေဖွံ့ဖြိုးရေးမူဘောင် ချမှတ်ချက်နှင့်အညီ ဘက်စုံအညီအမျှဖွံ့ဖြိုး ရေးမူဝါဒလုပ်ငန်းစဉ်ဖြင့် နိုင်ငံတစ်ဝန်းတွင် မြို့ပြဒေဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ National Growth Center အဖြစ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီး ၃မြို့နှင့် အထူးစီးပွားရေးဇုန်များအဖြစ် ထားဝယ်၊ သီလဝါ၊ ကျောက်ဖြူ SEZ တို့ ပါဝင်ပါကြောင်း၊ Region Grown Center အဖြစ် မော်လမြိုင်၊ ပဲခူး၊ မုံရွာ၊ မြစ်ကြီးနား၊ ပုသိမ်အစရှိသည့် အုပ်ချုပ်ရေးဗဟိုဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များ၊ မြို့ကြီးများ၊ လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးမှုအလားအလာရှိသော မြို့ကြီးများပါဝင်ပါကြောင်း၊ Special Function Growth Center များ အဖြစ် မြဝတီ၊ မူဆယ်၊ တမူးစသည့် နယ်စပ်ကုန်သွယ်မှုမြို့များ၊ ပုဂံ၊ အင်းလေး၊ မြောက်ဦး တို့ကဲ့သို့သော ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအခြေပြုသည့် မြို့များ၊ မြိတ်မြို့၊ ငရုပ်ကောင်း၊ မိုးကုတ်မြို့တို့ကဲ့သို့ သယံဇာတထွက်ကုန် အခြေပြုမြို့များအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

မြန်မာနိုင်ငံရှိ မြို့များအနက် လူဦးရေငါးသောင်းမှ တစ်သိန်းရှိသည့် Secondary City များတွင် ၂၀၁၄ ခုနှစ်မှာ ၂၅ မြို့ရှိရာမှ ၂၀၄၀ ခုနှစ်မှာ ၄၃ မြို့အထိ တိုးတက်ရောက်ရှိမယ်လို့ ခန့်မှန်းထားပါကြောင်း၊ မြို့ပြများ၏ လူဦးရေပျံ့နှံ့ နေထိုင်မှုနှင့် မြို့ပြဖြစ်ထွန်းပုံစံကို ထည့်‌သွင်းစဉ်းစားပြီး မြို့ပြများစနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ နေထိုင်မှုအဆင့်အတန်းမြင့်မားစေရန်နှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရန် မြို့ပြစီမံကိန်းများကို Planned City Development ပုံစံများရရှိအောင် ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြို့များ၏လူမှုစီးပွား ဖွံ့ဖြိုးမှု အလားအလာများအရ ဦးစားပေးနယ်မြေများသတ်မှတ်ပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊  မြန်မာနိုင်ငံ၏ အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ရေးမူဝါဒများကို အခြေခံ၍ လူဦးရေ ငါးသောင်းအထက်ရှိ မြို့၆၈ မြို့၊ ငါးသောင်းအောက်မြို့ ၁၁ မြို့နှင့် တိုင်းဒေသကြီး /ပြည်နယ် လိုအပ်ချက်အရ မြို့ပေါင်း ၁၇မြို့တို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းများ ရေးဆွဲခဲ့ပြီး စုစုပေါင်း မြို့ပေါင်း ၉၆ မြို့တို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊

 မန္တလေးမြို့ဖွံ့ဖြိုးရေးစီမံကိန်း၊ ရမည်းသင်းမြို့ပြုစီမံကိန်း၊ မုံရွာမြို့ပြစီမံကိန်း၊ စစ်ကိုင်းမြို့ပြ စီမံကိန်း၊ ကလေးမြို့ပြစီမံကိန်းနှင့်‌ လဟယ်မြို့ပြစီမံကိန်း၊ ထားဝယ်မြို့ပြစီမံကိန်း၊ မော်လမြိုင်မြို့ပြ စီမံကိန်းနှင့် ကျိုက်ထီးရိုးဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၊ ပခုက္ကူမြို့ပြစီမံကိန်း၊ ဟိုပုံးမြို့ပြစီမံကိန်း၊ ပုသိမ် မြို့ပြစီမံကိန်းနှင့်‌ လွိုင်ကော်မြို့ပြစီမံကိန်းများကို တင်ပြထားပါကြောင်းမို့ပြဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲမှုကိုလည်း ပြည်သူများသိရှိစေရန် ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် ချပြဆွေးနွေးဆောင်ရွက်လျက်ရှိပြီး မြို့ပြစီမံကိန်းအဆိုပြုသဘောထားပုံစံများကိုလည်း  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရများအဖွဲ့များသို့ ပေးပိုးထားပြီးဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန Website မှာလည်း လွှင်တင်ထားပြီးဖြစ်ပါကြောင်း၊ မြို့ပြစီမံကိန်း ရေးဆွဲရန် လျာထားချက်မှာ ဟုမ္မလင်းမြို့၏ မြို့ပြစီမံကိန်းလည်း ပါဝင်ပြီး ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလတွင် ဆောင်ရွက်ရန် စီမံလျာထားပြီးဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် မြို့ပြစီမံကိန်းများကို ရေးဆွဲဆောင်ရွက်ရာတွင် အောက်ဖော်ပြ ပါ လုပ်ငန်းစဉ်အဆင့်များအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

(က) သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံဆွေးနွေးခြင်း။

(ခ) မြို့၏လက်ရှိအွခေအနေနှင့်ဖွံ့ဖြိုးတိုးတက်မှု အလားအလာများအရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများ ကို Planning Process နှင့်အညီ အဆိုပြုသဘောထားပုံစံရေးဆွဲခြင်း။

(ဂ) ရေးဆွဲပြီးသော မြို့ပြစီမံကိန်းအဆိုပြုပုံစံမူကြမ်းအား တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ လိုအပ်ချက်နှင့်အညီ ပြင်ဆင်ဖြည့်စွက်ခြင်း။

(ဃ) အဆင့်ဆင့်‌အတည်ပြုချက်ရရှိပြီးသည့် အဆိုပြုသဘောထားပုံစံကို သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ ပေးပို့ခြင်း။

(င) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို လွှတ်တော် အဆင့်ဆင့်သို့ တင်ပြပြီးစီမံကိန်းပုံစံ အတည်ပြုချက်နှင့် ခွင့်‌ပြုချက်ရယူခြင်း၊ ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် စီမံကိန်းများကို အဆင့်အလိုက်အကောင်အထည်ဖော်ခြင်းတို့ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝအဆင့်‌ အတန်းတိုးမြှင့်‌စေရန်အတွက် ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများကိုလည်း တာဝန်ယူရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးရေး စီမံကိန်းမူဘောင်နှင့်အညီ မြန်မာနိုင်ငံမြို့ပြစနစ်ထူထောင် ခြင်းနှင့် မြို့ပြစီမံကိန်းများ စနစ်တကျ စဉ်ဆက်မပြတ် ရေးဆွဲဆောင်ရွက်သွားနိုင်ရန်အတွက် JICA၊ KOICA၊ UN-Habitat စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်‌လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက ရှိပါကြောင်း၊        အထက်ပါမြို့ပြ၊ ကျေးလက်စီမံကိန်းများသည် ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး စီမံကိန်းများ ဖြစ်သဖြင့် ပြည်သူဗဟိုပြုလုပ်ငန်းများစဉ် ဆက်မပြတ် တိုးတက်မှုရရှိစေရန်အတွက် ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်း၍ ပြည်သူလူထုများကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အတွက် ချပြဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်လင်း
မေးမြန်းသူ 
ဦးမျိုးညွန့် (ဟုမ္မလင်း)