Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-၂၀၁၇-၁၈ ဘဏ္ဍာနှစ် သို့မဟုတ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ဖြည့်စွက်ရန်ပုံငွေ(RE)တွင်ထီးအုံစောက် ရွာအတွက် သင့်လျော်သော ကျောင်းဆောင်သစ် တစ်ဆောင်ခွင့်ပြုချထားပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု ထီးအုံစောက်ကျေးရွာတွင် အိမ်ခြေ ၂၀၂ ၊ လူဦးရေ ၁၀၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ဆီဆိုင်မြို့နယ် အရှေ့မြောက်ဘက် အစွန်ဆုံး ပေ ၆၀၀၀ ကျော်မြင့်မားသော မယ်လံတောင်တန်းပေါ် တွင် တည်ရှိပြီး သွားရေးလာရေးလွန်စွာခက်ခဲသော ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ ၎င်းကျေးရွာသည် ၁၉၇၈ ခုနှစ်တွင် ကိုယ်ထူကိုယ်ထမူလတန်းကျောင်း စတင်ဖွင့်လှစ်ခဲ့ပြီး အလျားပေ ၅၀ ရှိ မြေမြှုပ်သည့် သစ်သားတိုင် ပြင်ခင်းပြင်ကာကျောင်းဆောင်အား ပြည်သူလူထုမှ ၁၉၈၁ ခုနှစ် ငွေကျပ် ၇ သိန်းခန့် အကုန်ကျခံ ဆောက်လုပ်ခဲ့ပါကြောင်း၊ ယခုအခါ နှစ်ပေါင်းကြာလာတာနှင့်အမျှ မိုးများသော တောင်ပေါ်ဒေသဖြစ်၍ တိုင်များဆွေးမြည့်လာခြင်း၊ ကျောင်းသူကျောင်းသားများ တစ်နှစ်ထက် တစ်နှစ် များပြားလာခြင်းတို့ကြောင့် ကျပ်တည်းစွာ ပညာသင်ကြားနေကြရပါကြောင်း၊ မူလ ကျောင်းဆောင် သည် ကျေးရွာ၏အလယ်တွင်ရှိသော်လည်း လက်ရှိပေ ၅၀ ခန့် ကျောင်းတစ်ဆောင် အတွက်သာ မြေနေရာရှိသဖြင့် ပိုမိုကျယ်ဝန်းသော ကျောင်းမြေ နေရာကို ၂၀၁၅ ခုနှစ်တွင် ဖော်ဆောင် ထားရှိခဲ့ကြပြီး အမှန်လိုအပ်နေသော ကျောင်းဆောင်သစ်ရရှိရန် အဆိုပြု တင်ပြခဲ့ ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်းမရှိသဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ(RE)တွင်လည်းကောင်း သို့မဟုတ် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း သင့်လျော်သောကျောင်းဆောင်သစ်တစ်ဆောင် ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါ ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေအနေဖြင့် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ငွေကျပ်သိန်းပေါင်း ၂၀၁.၆ သိန်းခွဲဝေရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာအုပ်စု၊ ထီးအုံစောက် ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ပေ ၆၀ x ပေ ၃၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်သာရှိပြီး နှစ်ကာလကြာမြင့်မှုကြောင့် ပျက်စီးသောအပိုင်းများရှိပါကြောင်း၊ ၄င်းပျက်စီး သော အပိုင်းများကို ပြန်လည်ပြုပြင်ပြီး ၂၀၁၇-၁၈ ပညာသင်နှစ်တွင် သင်ကြားရေး အဆင်ပြေစေရန် အတွက် စီမံဆောင်ရွက်ထားခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် မူလရန်ပုံငွေ လျာထား ခွင့်‌ပြုချက်တွင် ထီးအုံစောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွက် ရန်ပုံငွေခွင့်ပြုချက် မပါရှိသေးသည့်အတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရ ဖြည့်‌စွက်ရန်ပုံငွေ (RE)တွင် တင်ပြ တောင်းခံ ၍ မရနိုင်ပါကြောင်း ၊ သို့သော် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေလျာထား ချက်များဆောင်ရွက်နေခြင်းမှာ အဆိုပါ ကျောင်းရှိ လက်ရှိ‌ကျောင်းဆောင်အား ဖျက်သိမ်းပြီး ကျောင်းဆောင်အသစ်တစ်ဆောင်အတွက် လိုအပ်သော ရန်ပုံငွေများကို ငွေလုံးငွေရင်း ရန်ပုံငွေ ခေါင်းစဉ်အောက်မှ လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဖြေကြားသည့် ဌာန 
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း
မေးမြန်းသူ 
ဦးခွန်သန်းထူး (ဆီဆိုင်)