Law Database | Mail | English Version

အမေး ၊ အဖြေများ

(ဃ)-မင်းဘူးမြို့၊ စကိန္တဲဘုရားအနီးမှ ရွာသာကျေး ရွာဆိပ်အထိ ကမ်းပတ်တာနှင့် ရေထိန်းတံခါးများ တည်ဆောက်ပေးရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

မေးခွန်း အကြောင်းအရာ 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သည် ရပ်ကွက်ကြီးလေးရပ်ကွက်နှင့် ဖွဲ့စည်းတည်ဆောက်ပြီး အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်ဆိုပြီး တည်ရှိပါကြောင်း၊ ၎င်း လေးရပ်ကွက်ထဲမှ အမှတ်(၁) ရပ်ကွက်က လွဲ၍ ကျန်ရပ်ကွက်များသည် နှစ်စဉ် ဧရာဝတီမြစ်ရေ ကြီးမြင့်မှုဒဏ်ကို ခံစားနေကြရ ပါကြောင်း၊ ယခုကဲ့သို့ နှစ်စဉ် ဧရာဝတီမြစ်ရေ နစ်မြုပ်မှုဒဏ်ကြောင့် စားဝတ်နေရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကို ဒေသခံပြည်သူများ ကြုံတွေ့နေရပါကြောင်း၊ ရေဘေးဒဏ် ပြည်သူများကို ထောက်ပံ့ကြေးပေးရသဖြင့် ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လမ်းများ၊ တံတားများ၊ အဆောက်အဦများကို နှစ်စဉ်ပြုပြင်ပေးနေရသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပြည်သူ့ဘဏ္ဍာငွေများ နှစ်စဉ်ကုန်ကျနေရပါကြောင်း၊

သို့ဖြစ်ပါ၍ နှစ်စဉ်ကြုံတွေ့နေရသည့် ဒေသခံပြည်သူများ၏ အခက်အခဲများ အဆင်ပြေစေရန်နှင့် ပြည်သူ့ဘဏ္ဍာငွေများ နှစ်စဉ်ကုန်ကျမှုသက်သာစေရေးတို့အတွက် လိုအပ်လျက်ရှိနေသည့် မင်းဘူးမြို့ ဧရာဝတီမြစ်ကမ်းနဘေး စက္ကိန်းတဲဘုရားအနီးမှ ရွာသာကျေးရွာဆိပ်ကမ်းအထိ ကမ်းပတ်တာနှင့် ရေထိန်းတံခါးများ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ်သော်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေအဖြစ်သော်လည်းကောင်း လျာထားတောင်းခံ ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးသွားမည်နှင့် အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များသည် မိုးရာသီအတွင်း ဧရာဝတီမြစ်ရေတက်ချိန် မြစ်ရေဝင်ရောက်ပြီး ရေကြီးရေလျှံမှု၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရခြင်းကြောင့် ကာကွယ်ပေး နိုင်ရန်အတွက် မင်းဘူးမြို့ကမ်းနားလမ်း အပြင်ဘက် မြစ်ဘက်အခြမ်းတွင် ကမ်းနားလမ်းနှင့် ထိစပ်ပြီး စကိန္တဲဘုရားမှ ရွာသာကျေးရွာထိပ်အထိ ကမ်းပတ်တာ အလျား ပေ ၈၀၀၀ ခန့် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ တည်ဆောက်ပြီး  ရေတံခါး ၅ ခု ထည့်သွင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ရမည့် လုပ်ငန်းများသည် မင်းဘူးမြို့နယ်၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တည်ရှိ နေသော လုပ်ငန်းများဖြစ်ပါကြောင်း၊ မင်းဘူးမြို့ကမ်းပတ်တာ တည်ဆောက်ခြင်းနှင့် ရေတံခါးများ ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်နှင့် စပ်လျဉ်းပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ပူးပေါင်းပြီး ကွင်းဆင်းတိုင်းတာ ညှိနှိုင်းဆောင်ရွက် ခဲ့ပါကြောင်း၊ ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်ပြီး လိုအပ်သော ဒီဇိုင်းပုံစံများ ရေးဆွဲမှုခန့်မှန်းကုန်ကျငွေ တွက်ချက်ခြင်းတို့ကို ဆောင်ရွက်ပြီး ရန်ပုံငွေရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း အတွက် ကွင်းဆင်းတိုင်းတာ တွက်ချက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် အချိန်ကာလ ၆ လခန့် ကြာမြင့်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် မင်းဘူးမြို့ကမ်းပတ်တာ တည်ဆောက်ခြင်းနှင့် ရေတံခါးထည့်သွင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်ကွင်းဆင်းတိုင်းတာတွက်ချက်မှုများ ဆောင်ရွက်ပြီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တင်ပြ တောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဖြေကြားသည့် ဌာန 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
မေးမြန်းသူ 
ဦးဝင်းဝင်း (မင်းဘူး)